စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်က ကျဆုံးသွားခဲ့သည့် မန္တလေး တိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ အပြစ်မဲ့ပြစ်သူ (၁) ဦးတို့၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်းမှာ (၈၁၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၂၅၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၇၈၂) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူများမှာ လွတ်လပ်ခွင့်များ ဆုံးရှုံးသွားခဲ့ကြရပြီး ရပ်ရွာအတွင်း၌ သွားလာသည်ပင် လျှင် အချိန်မရွေး အသက်ဘေးအန္တရာယ်ကျရောက်နိုင်သော အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ မေလ ၁၉ ရက်နေ့ ညအချိန်က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် လမ်းလျှောက်လာသော လူငယ်တစ်ဦးကို လိုက်လံ ဖမ်းဆီး၍ မျက်နှာကို ရိုက်နှက်ပြီး ဝမ်းဗိုက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရှိရသည်။ ဖမ်းဆီးထားသူကို ပစ်သတ်ခြင်းမှာ သေစေလို၍ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ရက်စက် ယုတ်မာမှုကို ထပ်လောင်းဖော်ပြနေသည်။ အလွန်ဆိုးရွားသော ရာဇဝတ်မှုများကို ကျူးလွန်နေသော စစ်အာဏာရှင်ကျရှုံးပါက ကျူးလွန်သူများ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရစေမည်မဟုတ်ဘဲ ၎င်းတို့ ကျူးလွန်သော လုပ်ရပ် တစ်ခုချင်းစီတိုင်းအတွက် ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။
ချင်းပြည်နယ်၌ ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွား လျှက်ရှိသည်။ ယနေ့ (မေ ၂၁) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း CDF-Falam မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ လက်နက်အင်အား မျှတခြင်းမရှိသော်လည်း ထိုကဲ့သို့ ပြန်လည် ခုခံခြင်းမပြုပါက အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ပို၍ ဆိုးရွားလာမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူများမှာ ရရာလက်နက်စွဲကိုင်၍ ၎င်းတို့၏ လွတ်လပ်ခွင့်များအတွက် ၎င်းတို့ဒေသများကို ပြန်လည် ကာကွယ်နေကြရပြီ ဖြစ်သည်။
ထို့ကြောင့်လည်း အကြမ်းဖက် စစ်အုပ်စုသည် ချင်းပြည်နယ်ကို ပို၍ အငြှိုးထားကာ နည်းမျိုးစုံးသုံး၍ ခြိမ်းခြောက်လာ လျှက် ရှိသည်ကို တွေ့ရှိရသည်။ ယနေ့ (မေ ၂၁) မှစတင်၍ မင်းတပ်မြို့နယ်ကို ရေ၊ မီး နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထား သည်ဟု သိရှိရသည်။ အကြမ်းဖက် စစ်အုပ်စုမှ စစ်ဆင်ရေးပုံစံသဖွယ် ဒေသခံများအပေါ် ပြုမူလာပြီး မင်းတပ်ဒေသခံများ ကို အကူအညီပေးရေးကိုလည်း ဖြတ်တောက်ထားခြင်းသည် ၎င်းတို့အား ခုခံသော ဒေသများ အင်အား လျော့နည်းကာ ထပ်မံ၍ စုစည်း၍ မရစေရန် နှင့် ခုခံ၍ မရစေရန် ဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုကို ပြန်လည် ခုခံ တိုက်ခိုက်မှုများသည် တစ်စ တစ်စ ကျယ်ပြန့်လာနေခဲ့ပြီဖြစ်သည်။ ယနေ့ (မေ ၂၁) နံနက်ပိုင်းတွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၌ အကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ်ခြင်းကြောင့် ပြည်သူ့ကာကွယ်‌ရေးတပ် (PDF) မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်အုပ်စုမှ RPG လက်နက်ကြီးများ၊ ဗုံးများဖြင့် ဒေသခံများဘက်ကို ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။ ထို့ကြောင့် မြို့ပေါ်ရှိရပ်ကွက်များမှ ပြည်သူအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။ ဒီးမော့ဆိုမြို့နယ်ကို မင်းတပ်မြို့ကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်လာမည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် လူနေရပ်ကွက်များအတွင်း စစ်တလင်းသဖွယ် လက်နက်ကြီးများ၊ ဗုံးများသုံးကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခြင်းကလည်း နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ပြီး တရားမဝင် အကြမ်းဖက်အုပ်စုဖြစ်ကြောင်း ပို၍ ပေါ်လွင်စေသည်။
ယနေ့ (မေ ၂၁) တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းဆုံ၌ ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးကို ရပ်တန့်ရန်ပြောဆိုရာ မရပ်ဘဲ မောင်းပြေးသည့်အတွက် ပစ်ခတ်ရာမှ တစ်ဦး ကျဆုံးသွားကြောင်း သိရှိရပြီး သီးခြား အတည်ပြုချက် မရရှိသေးပါ။ ထို့အပြင် ခရီးသွားကားမောင်းသူတစ်ဦးကိုလည်း ပတ်ခတ်ခဲ့သည့်အတွက် လက်မောင်းတွင် သေနတ်ဒဏ်ရရှိခဲ့သည်ဟု သိရှိရသည်။ ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်နေမှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုမှ နေ့စဉ် ကျူးလွန်နိုင်ခြင်းမှာ ၎င်းတို့အား ထိရောက်သည့် ဟန့်တားမှုများ၊ အရေးယူ ဆောင်ရွက်မှုများ မရှိ၍ ဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် တက်ကြွလှုပ်ရှားသူများကို ဆက်တိုက် ဖမ်းဆီးခြင်းများပြုလုပ်လာခဲ့ရာ ယနေ့ (မေ ၂၁) နေ့လယ်ပိုင်းအချိန်က ကချင်လူငယ်တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သော မဆိုင်းနူးပန်နှင့် ကိုလွမ်းဇောင်းအပါအဝင် ကားတစ်စီးတွင် အတူပါလာသော အခြား လူငယ် နှစ်ဦးကို သေနတ်ဖြင့်ပစ်၍ ကားဖြင့်တိုက်ကာ ဖမ်းဆီးသွားခဲ့သည်။ ထိုအခြင်းအရာမှာ အလွန်အမင်း လူမဆန်သော လုပ်ရပ်ဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်သူများ ကို ဖမ်းဆီးရာ၌ ကြမ်းတမ်းရက်စက်သည့်နည်းလမ်းများကို အသုံးပြု၍ ဖမ်းဆီးလေ့ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for May 21, 2021 (Bur)
မတရားဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်း Under Detention List_Burmese (21-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (21-May-2021)