စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် နှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၁၀) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၁၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၂ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၂၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၇၆၂) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အာဏာသိမ်းစစ်အုပ်စုသည် နေ့စဉ် အရပ်သားပြည်သူများကို ပစ်ခတ် သတ်ဖြတ်လျှက်ရှိရာ ယမန်နေ့ (မေ ၁၉) က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ လဲကျေးရွာအတွင်းတွင် ပစ်ခတ် ဖမ်းဆီးခြင်းကြောင့် ဆိုင်ကယ်ပြင်ဆရာ တစ်ဦး ကျဆုံးသွားခဲ့ပြီး အမျိုးသား တစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် ယခုအခါ နယ်ဒေသများ နှင့် တိုင်းရင်းသားဒေသများကို အဓိကထား၍ ပစ်ခတ် သတ်ဖြတ်မှုများ ပြုလုပ်လာသည်ကို တွေ့ရှိရပြီးဖြစ်သည်။ မြို့ပြဒေသများ၌ ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲများကို ကောက်ကျစ်ယုတ်မာသောနည်းဖြင့် ဖြိုခွင်းပြီး၊ ဖမ်းဆီးမှုများကို ဆက်တိုက် ပြုလုပ်လျှက်ရှိပြီး အခြားတစ်ဖက်၌ နယ်ဒေသများကို စစ်ဆင်ရေးပုံစံမျိုး ပြုလုပ်ကာ အပြင်းအထန် ဖိနှိပ်လာခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုသည် ပြည်တွင်းရေးမငြိမ်မသက်ဖြစ်စေရန် အဖျက်အမှောင့်လုပ်ရပ်များကို ဖန်တီးလျှက်ရှိသည်ကို တွေ့ရှိရသည်။ ယမန်နေ့ (မေ ၁၉) ညနေအချိန်က ချင်းပြည်နယ်၊ တီးတိန်မြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ဝ နှစ်အရွယ် ကလေး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သော်လည်း စစ်တပ်မှ ထိုကလေးကို ခေါ်ဆောင်ခွင့်မပေးသောကြောင့် အချိန်မီ ဆေးကုသခွင့် မရဘဲ ကျဆုံးသွားခဲ့သည်ဟု သိရှိရပြီး ၆ နှစ် နှင့် ၁ဝ နှစ်အရွယ် ကလေး နှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်သူများဖြစ်စေကာမူ အကြမ်းဖက်စစ်အုပ်စုသည် မည်သူ့ကိုမျှ ငဲ့ကွက်ခြင်း ပြုမည် မဟုတ်ဘဲ ၎င်းတို့အာဏာတည်မြဲရေးအတွက် ပြည်သူများအပေါ် ဖိနှိပ်ရေး နည်းလမ်း ပေါင်းစုံဖြင့် ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။
အာဏာသိမ်းပြီးကတည်းက ပြည်သူများမှာ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်မရှိတော့ဘဲ မလုံမခြုံမှုများကိုသာ ရင်ဆိုင် နေကြရသည်။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ တောအတွင်း၌ တိမ်းရှောင်နေသော NLD အစိုးရ လက်ထက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ခဲ့သော စည်သာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း နှင့် ရွာသား ငါးဦးတို့ကို ယမန်နေ့ (မေ ၁၉) က ဖမ်းဆီးခဲ့ပြီး ရိုက်နှက် နှိပ်စက်၍ မေးမြန်းခြင်းကြောင့် စည်သာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကျဆုံးသွားခဲ့ပြီး ကျန်ရွာသား ငါးဦးမှာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။ အာဏာရှင် အဆက်ဆက်က ၎င်းတို့ကို ဆန့်ကျင်သူများအား နောက်ကြဉ်သွားစေရန် နှင့် ဝန်ခံလာစေရန် ညှဉ်းပန်း နှိပ်စက်ခြင်း အလေ့အထကို ကျင့်သုံးခြင်းဖြစ်ပြီး အာဏာသိမ်းယူပြီးနောက်တွင် ပို၍ ဆိုးရွားလာကာ မည်သူ့ကိုမဆို ရန်သူများသဖွယ် သဘောထား၍ ညှဉ်းပန်းနှိပ်စက်လာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်ခုခံသော ဒေသများအနက် တိုင်းရင်းသားဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်သည် အင်အားသုံး၍ ထိုးစစ်ဆင်ခြင်းခံနေရသည်သာမက အပြင်းအထန် ဖိနှိပ်မှုများကိုလည်း ရင်ဆိုင်နေကြရသည်။ ကန်ပက်လက်မြို့ရှိ စာသင်ကျောင်းနှင့် ရဲစခန်းတွင် စစ်အုပ်စုတပ်များ တပ်စွဲထား၍ တစ်မြို့လုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်ပြီး ဟားခါးမြို့အနီးရှိ လောက်လုံးကျေးရွာ (Loklung) ကိုလည်း ဝင်ရောက်စီးနင်းသဖြင့် တစ်ရွာလုံးနီးပါး ရှောင်ပြေးနေကြရသည်။
ဖမ်းဆီးမည့်သူကို မတွေ့ရှိ၍ မိသားစုဝင်များအား စားဓာခံအဖြစ် ဖမ်းဆီးခြင်းကို အကြမ်းဖက် စစ်အုပ်စုမှ တွင်ကျယ်စွာ အသုံးပြုလာခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ယမန်နေ့ (မေ ၁၉) ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဆည်းကန်ရွာသားဖြစ်သည့် တက်ကြွလှုပ်ရှားသူ တစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် ၎င်း၏ ဇနီး၊ နို့စို့ အရွယ်ကလေး နှင့် မိထွေးဖြစ်သူတို့အားလည်းကောင်း၊ မေလ ၁၆ ရက် ညအချိန်ကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဖံဖကျေးရွာ၌ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် ၎င်း၏ ဖခင်ဖြစ်သူအားလည်းကောင်း ဖမ်းဆီးသွားခဲ့သည်။ ထိုကဲ့သို့သော ဖမ်းဆီးမှုများသည် ဥပဒေနှင့်မညီသော်လည်း ဥပဒေကို လိုသလို အသုံးချနေသောကြောင့် ပြည်သူများမှာ အကာအကွယ်မဲ့ နေကြရပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးအတွင်းကျဆုံးသွားသူများစာရင်း Fatality List for May 20, 2021 (Bur) (Updated) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (20-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (20-May-2021)