စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နှင့် ပြည်မြို့တို့မှ အပြစ်မဲ့ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၀၇) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၀၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေး သွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၁၇၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၇၄၂) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အကြမ်းဖက် စစ်အုပ်စု၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ မြန်မာပြည်တဝှမ်းလုံးရှိ ပြည်သူများသည် ရသည့်နည်းဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်၊တွန်းလှန်လျက်ရှိကြသည်။ ယနေ့ (မေ ၁၉) နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ တက္ကသိုလ်ကျောင်းသားများ စုပေါင်း သပိတ်စစ်ကြောင်းလူစုနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များ ဖြင့် လာရောက်ဖြိုခွင်းခဲ့ပြီး သုံးဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။
၎င်းပြင် ပြည်သူများကို လွယ်လင့်တကူ ပစ်ခတ်သတ်ဖြတ်မှုများသည်လည်း တနေ့တခြား ပို၍ ဆိုးရွားလာလျှက်ရှိရာ ယမန်နေ့ (မေလ ၁၈) ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အမျိုးသား တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာဖြင့် ခေါ်ဆောင်သွားခဲ့ကာ ယနေ့ နံနက်ပိုင်းတွင် ၎င်း၏ မိသားစုအား ရုပ်အလောင်းကို လာယူရန် အကြောင်းကြားခဲ့သည်။ ထို့ပြင် မေလ ၁ရ ရက်နေ့ကလည်း စားသောက်ဆိုင် တစ်ဆိုင်ကို ဝင်စီးစဉ် လူငယ် တစ်ဦးကို ပစ်ခတ်ခဲ့ကာ သေနတ် ဒဏ်ရာဖြင့် ဖမ်းဆီးခဲ့ပြီး ငါးနာရီအကြာ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုထံ အကြောင်းကြားခဲ့သည်။
သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးပြီးနောက် မိသားစုထံ အကြောင်းကြားရမည်ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ ပြီး ကျဆုံးသွားမှသာ အကြောင်းကြားခြင်းသည် ၎င်းတို့၏ မရိုးသားမှုကို ညွှန်းဆိုပြနေသည်။ ထို့ပြင် ကျဆုံးသွားသူများ အပြည့်အဝ ဆေးကုသခံယူခွင့် ရ၊ မရ ဆိုသည်မှာလည်း မည်သူမျှ သိရှိရခြင်းမရှိပေ။ အကြမ်းဖက် စစ်အုပ်စုသည် ဖမ်းဆီးထားသူများကို လူ့ဂုဏ်သိက္ခာနှင့်မညီ၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်းမရှိဘဲ ကြမ်းတမ်း ရက်စက်စွာ ပြုမူဆက်ဆံမှု အမြောက်အမြားရှိခဲ့ပြီးဖြစ်၍ အခြားဖမ်းဆီးခြင်းခံထားရသူများအားလည်း ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်းသိရှိရသည်.
အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူများကို လိမ်လည်၍ လာဘ်ငွေတောင်းခံမှုများ စတင် ပြုလုပ်လာပြီဖြစ်သည်။ ငွေကြေးချမ်းသာသော မိဘများမှ ၎င်းတို့၏ သားသမီးများကို လွှတ်ပေးရန်အတွက် စစ်အုပ်စု အရာရှိများထံ ငွေကျပ် သိန်း ၅ဝ အထက်ပေးကြရသော်လည်း လိမ်ညာတောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အနုပညာရှင်များ နှင့် ချမ်းသာ ကြွယ်ဝသောသူများကို ဖမ်းဝရမ်းစာရင်းမှ ပယ်ဖျက်လိုလျှင် ငွေသိန်း ၂၀ဝ ကျပ် ပေးဆောင်ရမည်ဟု တောင်းခံကြောင်း ကြားသိရသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပေ။ ငွေကြေးပေးမှသာ ပြန်လည် လွှတ်ပေးခြင်းသည် ပြန်ပေးဆွဲ ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုသည်လည်း ရာဇဝတ်မှုကျူးလွန်သူများနှင့်ထပ်တူ လုပ်ဆောင်လျှက်ရှိခြင်းကြောင့် ၎င်းတို့ မည်သည့်အုပ်စုတွင် ပါဝင်သည်ဆိုသည်ကို ၎င်းတို့၏လုပ်ရပ်များမှ သိသာထင်ရှားစွာ ဖော်ပြနေသည်။
အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု နှင့် ပါဝင်မှု လျော့နည်းစေရန်အတွက် ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများ အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ ကျေးလက် တောရွာများတွင် လောင်းကစားဝိုင်းများကို တရားဝင်ခွင့်ပြုပေးနေကြောင်း သိရှိရသည်။ အာဏာတည်မြဲရေးတစ်ခုတည်း အတွက်သာ ကြည့်ပြီး တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းကို လမ်းဖွင့်ပေးခြင်းမှာ မြန်မာ အကြမ်းဖက် စစ်အုပ်စု ဖြစ်သည်။ တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် တရားမဲ့လုပ်ရပ်များကို ကျူးလွန်၍ တိုင်းပြည် မငြိမ်မသက် ဖြစ်စေ ရန်သာ တနေ့ထက်တနေ့ ပိုမို ဖန်တီးလျှက်ရှိသည်။
အကြမ်းဖက် စစ်အုပ်စုမှ မတရား အာဏာသိမ်းယူပြီးနောက် ကလေးသူငယ်များကိုလည်း ဆိုးရွားစွာ ဖိနှိပ်လာခဲ့ပြီး ဖြစ်သည်။ ယမန်နေ့ ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ အသက် ၁၄ နှစ်အရွယ် ကလေး နှစ်ဦး နှင့် အသက် ၁၈ နှစ်အရွယ် လူငယ် တစ်ဦးကို ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။ AAPP ၏ မှတ်တမ်းပြုထားချက်များအရ ယနေ့ (မေ ၁၉) အထိ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော ကလေးသူငယ်စုစုပေါင်း (၇၃) ဦးရှိခဲ့ပြီဖြစ်ပြီး ကျဆုံးသွားခဲ့သော ကလေးသူငယ် စုစုပေါင်းမှာလည်း (၅၃) ဦး ရှိခဲ့ပြီဖြစ်သည်။ ထိုအခြင်းအရာသည် ကလေးသူငယ်များအတွက် စိုးရိမ်ဖွယ်ရာအခြေအနေကို ဖော်ဆောင်နေသည်။ အာဏာသိမ်းပြီးကတည်းက ကလေးသူငယ်များသည် မည်သည့် ကာကွယ်စောင့်ရှောက်မှုကိုမှ မရရှိတော့ပေ။ တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု ဖြစ်သောကြောင့်လည်း မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုုပ် (CRC) ကို လေးစားလိုက်နာခြင်းမရှိသည်မှာ အံ့ဩဖွယ်ရာ မရှိပေ။
အာဏာသိမ်းမှုကာလအတွင်း လိင်စိတ်ခံယူမှု ကွဲပြားသူများ (LGBT) သည်လည်း မည်သည့် ကာကွယ်စောင့်ရှောက်မှုများ ကိုမှ မရရှိဘဲ ဖိနှိပ်မှုများကိုသာ ရင်ဆိုင်နေကြရသည်။ ယမန်နေ့ (မေ ၁၈) ညနေအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်မှ တက်ကြွလှုပ်ရှားသူ LGBT တစ်ဦးအား သေနတ်ဖြင့် ချိန်ကာ ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။ အကြမ်း ဖက်စစ်အုပ်စုသည် ရိုးရိုးသာမန်အရပ်သားများကိုပင် စစ်ကြောရေးကာလအတွင်း လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများကို ကျူးလွန်ခဲ့ကြပြီး အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထို့ကြောင့် ဖမ်းဆီးခြင်းခံထားရသော LGBT များအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖော်ဆောင်နေပြီး တန်းတူအခွင့်အရေးများ ဆုံးရှုံးမည်မှာလည်း အသေအချာပင်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကာလကျဆုံးသူများစာရင်း Fatality List for May 19, 2021 (Bur) (Updated) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (19-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (19-May-2021)