စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၈၀၅) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၈၀၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၁၄၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၇၂၂) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၈) တွင်လည်း မြန်မာပြည်အနှံ့အပြား၌ သပိတ်မျိုးစုံဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ အာဏာသိမ်း စစ်အုပ်စုဘက်မှ ပစ်ခတ် သတ်ဖြတ်မှုများမှာ ပို၍ ဆိုးရွားလာနေပြီး ယမန်နေ့ (မေ ၁၇) ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့မှ ပြည်သူ တစ်ဦးကို ပစ်သတ်သွားခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် မတရား အာဏာသိမ်းယူ၍ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လျှက်ရှိသောကြောင့် ပြည်သူများမှာ မည်သည့် နေရာ၊ မည်သည့် အချိန်တွင် မည်သို့သော အကြောင်းဖြင့် အသက်ဘေးအန္တရာယ် ရင်ဆိုင်ရမည်ကို စိုးရိမ်နေရကာ နေ့စဉ် ထိတ်လန့်နေရသော အခြေအနေကို ရင်ဆိုင်နေကြရသည်။
အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ပြန်လည် ခုခံသော မြို့များကို အငြှိုးထားကာ နည်းအမျိုးမျိုးဖြင့် အပြင်းအထန် ဖိနှိပ် လျှက်ရှိသည်။ ယမန်နေ့ (မေ ၁၇) ညအချိန်က စတင်၍ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို သောက်သုံးရေဖြတ်တောက်ထား သည်ဟု သိရှိရသည်။ ထိုနည်းနာမှာ အပြင်းထန်ဆုံးသော စစ်ဆင်ရေးများတွင် အသုံးပြုသည့် အလွန်အမင်း ယုတ်မာသည့် နည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းပြင် အပြစ်မဲ့သူများကို မည်မျှ ရန်လိုမုန်းထားကြီးခြင်းကို ဖေါ်ပြလိုက်ခြင်း လည်းဖြစ်သည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံပိုင်၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ဖျက်ဆီးမှုကိုလည်း နေ့ညမပြတ် ကျူးလွန်လျှက်ရှိရာ ယမန်နေ့ (မေ ၁၇) တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာ လမ်းထိပ်၌ သေနတ်ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ပြီး အနီးရှိ ဆိုင်ခန်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ကာ မေလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာ သင်တန်းကျောင်းကို ဝင်ရောက်၍ ဖမ်းဆီးမည့်သူကို မတွေ့ရှိ သောကြောင့် ကျောင်းအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု သိရှိရသည်။ ယင်းကဲ့သို့ ဖျက်ဆီးမှုများကြောင့် ပြည်သူ များမှာ လုံခြုံမှုကင်းမဲ့လျှက်ရှိပြီး မိမိ အိုးအိမ်၊ ပစ္စည်းဥစ္စာ နှင့် မိမိ လုံခြုံရေးကို ကိုယ်တိုင်ကာကွယ်နေကြရသော အခြေအနေသို့ ကျရောက်လျှက်ရှိသည်။
အကြမ်းဖက် စစ်အုပ်စု၏ ဝင်ရောက် ဖမ်းဆီးမှုများကြောင့် ယမန်နေ့ (မေ ၁၇) မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သလင်းကျေးရွာ၌ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၌လည်း စစ်အင်အား တိုးချဲ့နေသဖြင့် ဒေသခံများမှာ ထွက်ပြေးနေကြရသည်ဟု သိရှိရသည်။ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ခုခံတွန်းလှန်သော ဒေသများကို နည်းမျိုးစုံဖြင့် အင်အားသုံး၍ ဖိနှိပ်လျှက်ရှိခြင်းမှာ နောင်ထပ်မံ၍ ခုခံနိုင်ခြင်းမရှိစေရန် နှင့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီမှု နှင့် အင်အားလျော့နည်းစေရန်အတွက် ဖြစ်သည်။ အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှကာလပတ်လုံး အလားတူသော ဖိနှိပ်မှုများကို မြို့ပြ၌သာမက နယ်ဒေသများ၌လည်း ရင်ဆိုင် ကြရမည်ဖြစ်သည်။
မြန်မာပြည်အနှံ့အပြား၌လည်း အဖျက်အမှောင့်လုပ်ရပ်များ ရက်ဆက်ဆိုသလိုဖြစ်ပွားလျှက်ရှိသည်။ ယမန်နေ့ (မေ ၁၇) ညက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ အမက ၁၄ မူလတန်းလွန်ကျောင်း မီးရှို့ခြင်းခံရသည်ကို အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်သည့် ကျောင်းဆရာမ ကိုးဦး မီးရှို့သည်ဟု အဆိုပါ ကျောင်းမှ ကျောင်းအုပ်က စွပ်စွဲ တိုင်တန်းခဲ့၍ ကျောင်းဆရာမ ကိုးဦးအနက် တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယင်းကဲ့သို့ CDM ၌ ပါဝင်သူများကို အငြှိုးထား၍ ဖမ်းဆီးခြင်း အပါအဝင် ဖိနှိပ်မှုအမျိုးမျိုးကို ကျူးလွန်နေသူမှာ အကြမ်းဖက် စစ်အုပ်စုသာဖြစ်ပြီး ယင်းကဲ့သို့ မီးရှို့မှုမှာလည်း ၎င်းတို့၏ စနက်ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက သုံးသပ်နေကြသည်။
အာဏာသိမ်းမှု ရက်ပေါင်း ၁၀ဝ ကျော်ရှိလာပြီဖြစ်သော်လည်း ဒေသတွင်း အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာ့အရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရာ၌ အလွန်အမင်းနှောင့်နှေးနေဆဲဖြစ်သည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆုံးဖြတ်ချက် မူကြမ်းချမှတ်နိုင်ရေးအတွက် မေလ ၁၈ ရက်နေ့တွင် မဲခွဲဆုံးဖြတ်မည့် အစီအစဉ်သည် ရွှေ့ဆိုင်းခြင်းခံခဲ့ရသည်။ ထိုအခြင်းအရာသည် ပြည်သူများအတွက် မပြီးဆုံးသေးသည့် အကြမ်းဖက် စစ်အုပ်စု၏ ရက်စက် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်၍ ရင်ဆိုင် ခံစားနေကြရဦးမည် ဖြစ်သည်ကို သိသာစွာ ညွှန်းဆိုပြနေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးကာလတော်လှန်ရေးအတွင်းကျဆုံးသူများ Fatality List for May 18, 2021 (Bur) (Updated)
မတရားဖမ်းဆီးခံထားရသူများစာရင်း Under Detention List_Burmese (18-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (18-May-2021)