စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့မှ အပြစ်မဲ့ ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ နှင့် ချင်းပြည်၊ ဟားခါးမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၈၇) ဦးရှိခဲ့ပြီး ယနေ့တွင် အပြစ်မဲ့ ပြည်သူ (၁) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၈၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၉၃၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၆၁၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁၃) တွင် မြန်မာပြည်တဝှမ်းလုံးရှိ ပြည်သူများသည် စစ်အာဏာရှင်ကို အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင် ရင်ဆိုင်ကာ အာဏာရှင်စနစ် ကျရှုံးစေရေးအတွက် ဆက်လက် ဆန့်ကျင် တော်လှန်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ နဘုလယ်ဒေသတွင် အရုဏ်ဦးသပိတ်အပြီး၌ ဖြိုခွင်းခြင်းခံခဲ့ရပြီး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခြင်းမရှိသည့် ပြည်သူ လေးဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ယမန်နေ့ (မေ ၁၂) ညနေပိုင်းအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် သပိတ်ကို စစ်ကားများသာမက အရပ်ဝတ်နှင့် အိမ်စီးကားများဖြင့်ပါ ကျည်အစစ်များ သုံး၍ ပစ်ခတ် ဖြိုခွင်းခဲ့ပြီး နေအိမ်များအတွင်းထိ လိုက်လံဖမ်းဆီးခဲ့သည်။ အဆိုပါ သပိတ်ဖြိုခွင်းမှုတွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ကလေးငယ် သုံးဦး နှင့် ပြည်သူ ၁ဝ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယခုရက်ပိုင်းအတွင်းတွင် အကြမ်းဖက် စစ်အုပ်စုသည် ဖြိုခွင်းမှုများအတွင်း ကလေးများကိုပါ မငဲ့ကွက်ဘဲ ဆက်တိုက် ဆိုသလို ဖမ်းဆီးမှုများပြုလုပ်လာခဲ့ပြီဖြစ်သည်။
ထို့ပြင် နယ်ဒေသများ၌ အကြမ်းဖက် စစ်အုပ်စု၏ လက်နက်များဖြင့် အင်အားအလုံးအရင်းသုံးပြီး ဖြိုဖွဲမှုကြောင့် ပြည်သူများမှ ရရာလက်နက်ဖြင့် ပြန်လည်ခုခံမှု ရက်ဆက်ဆိုသလို ဖြစ်ပွားလာခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုမှ အဆိုပါ ဒေသများကို လက်နက်ကြီး၊ လက်နက်ငယ်များသုံး၍ တိုက်ပွဲကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်လာသည်ကို တွေ့ရှိရသည်။ ယနေ့နံနက်အစောပိုင်းကတည်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ မယ်သဲကြိုးကွင်းကျေးရွာကို ပစ်ခတ်လာ၍ ပြည်သူများမှ ပြန်လည် ခုခံခဲ့ကြပြီး ရွာကိုဝိုင်းထားကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သောကြောင့် ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့ပြင် ချောင်းဦးမြို့၌လည်း ပစ်ခတ်နေသည်ဟု သိရှိရသည်။ ယမန်နေ့ (မေ ၁၂) ညကတည်းက ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တိုက်ပွဲများ တဖန်ပြန်၍ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်အုပ်စုမှ လက်နက်အကြီး၊ အမြောက်ကျည်ဆန်များဖြင့် မင်းတပ်မြို့သို့ တောက်လျှောက်ပစ်ခတ်မှုကြောင့် မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကာ လေးဦးဒဏ်ရာရရှိသည်ဟု သိရှိရသည်။ အကြမ်းဖက် စစ်အုပ်စုသည် အလွန်အမင်း ဆိုးသွမ်းရမ်းကားလျှက်ရှိသော်လည်း ပြည်သူများမှာ မည်သည့်အကာအကွယ်မှ ရရှိခြင်းမရှိသောကြောင့် မိမိရပ်ရွာ၊ မိမိလူထုအတွက် ကိုယ်တိုင် ခုခံတော်လှန်နေကြရပြီ ဖြစ်သည်။
ယနေ့နံနက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေတော်ကျေးရွာသို့ တိမ်းရှောင်လာသူများကို ရှာဖွေသည်ဟုဆိုကာ အဆိုပါ ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေကာ ပစ္စည်းများကို ဖျက်ဆီး၍ တွေ့သည့်သူများကို ရိုက်နှက်ခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်ရက်ဆက်ဆိုသလို ပြုလုပ်လာပြီး ကျဆုံးသွားပါက ရောဂါ အမျိုးမျိုးတပ်ကာ မိသားစုများကို ခြိမ်းခြောက်၍ လက်မှတ်ထိုးခိုင်းပြီး သတင်းမှားများကို ထုတ်ပြန်ကြေညာလျှက်ရှိသည်။ အချို့မိသားစုများမှာ လက်မှတ်မထိုးလျှင် အလောင်းပြန်မပေးဟု ခြိမ်းခြောက်ပြောဆိုသဖြင့် လက်မှတ်ထိုးပေးလိုက်ရ သည်လည်းရှိသည်ဟု သိရှိရသည်။ ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ထိုကဲ့သို့ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ထိုအခြင်းအရာသည် ၎င်းတို့၏ ရက်စက်မှုကို ဖုံးကွယ်လို၍သာမက ထိုလုပ်ရပ်ကြောင့် ကျဆုံးမှုမရှိကြောင်းကို လိမ်လည်လို၍ ဖြစ်ကြောင်း ထင်ရှားနေသည်။
ယမန်နေ့ (မေ ၁၂) တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့၌ အကြမ်းဖက် စစ်အုပ်စုကို တော်လှန်ရင်း ကျည်ထိဒဏ်ရာဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော မြင်းခြံနည်းပညာကောလိပ်မှ ကျောင်းသား တစ်ဦးသည် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့သည်။ အကြမ်းဖက် စစ်အုပ်စု၏ စစ်ကြောရေးဆိုသည်မှာ အလွန်အမင်း ပြင်းထန်ဆိုးရွားပြီး အဆိုပါ ကျောင်းသားသည် ဆေးကုသမှု အချိန်မီမရရှိဘဲ ဒဏ်ရာဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသောကြောင့် ကျဆုံးသွားခြင်း ဖြစ်သည်ဟု သုံးသပ်ရပါသည်။
ထို့ပြင် ချင်းပြည်နယ်၊ ဟားခါးမြို့၌ မေလ ၉ ရက်နေ့ကတည်းက ဖမ်းဆီးခြင်းခံခဲ့ရသော ဒေသခံ နှစ်ဦးမှာ ရောဂါကြောင့် သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ပြင်းထန်စွာ ရိုက်နှက် ဖမ်းဆီးမှုကြောင့် မကွယ်လွန်မီ လမ်းပင် မလျှောက်နိုင်သည့် အခြေအနေရှိခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် စစ်အုပ်စုက ရုပ်အလောင်းများကို မိသားစုထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ မီးရှို့ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ ခုခံ၍ မရသောသူကို လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်ခြင်းကဲ့သို့ ယုတ်မာမှုကို မြန်မာ အကြမ်းဖက် စစ်အုပ်စုကသာ ကျူးလွန်လေ့ရှိပြီး ယခုအခါ ပို၍ဆိုးရွားလာကာ ပြည်သူများကို ရန်သူများကဲ့သို့ပါ ပြုမူဆက်ဆံလာခဲ့ပြီဖြစ်သည်။
အာဏာသိမ်း စစ်အုပ်စုသည် ဖမ်းဆီးခြင်းခံရသူများ အထူးသဖြင့် လူငယ်များကို အလွန်အမင်း ဖိနှိပ်လာကာ လိမ်ညာ စွပ်စွဲမှုများကိုလည်း ပြုလုပ်လျှက်ရှိသည်။ မေလ ၁ဝ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက ကားဖြင့်ဝင်တိုက်၍ ဖမ်းဆီး ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မာရပ်ကွက်သပိတ်စစ်ကြောင်းတွင် ပါဝင်သော ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် မေလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် လူငယ် နှစ်ဦးနှင့်အတူ လက်နက် ပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု မတရားစွပ်စွဲ ကြေညာခဲ့သည်။ ထိုအခြင်းအရာသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုကာ ထောင်တွင်း ကာလ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်သာမက ၎င်းတို့ကို ဆန့်ကျင်သူ မည်သူမဆို ယင်းကဲ့သို့ ကြုံတွေ့နိုင်သည်ကို ခြိမ်းခြောက်လို၍ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးကာလကျဆုံးသူများစာရင်းဒေါင်းရန် Fatality List for May 13, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းဒေါင်းရန် Under Detention List_Burmese (13-May-2021)
ပြန်လည်လွတ်မြောက်သူများစာရင်းဒေါင်းရန် Release Lists_Burmese (13-May-2021)