စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ နှင့် မြင်းမူမြို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦးနှင့် ယမန်နေ့က ကျဆုံးသွား ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၂) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါ သည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာ ပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယမန်နေ့က ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၇၈) ဦးရှိခဲ့ပြီး ယနေ့တွင် အပြစ်မဲ့ ပြည်သူ (၂) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၈၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၈၂၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၅၄၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၉) တွင် မြန်မာနိုင်ငံအနှံ့အပြား၌ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့၌ ဆိုင်ကယ်သပိတ်ကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လေးခွများဖြင့်ပစ်သောကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု သိရှိရသည်။ ထို့ပြင် ပြည်သူ သုံးဦးကို သေနတ်ဒင် များဖြင့် ထုရိုက်ကာ ဖမ်းဆီးသွားခဲ့ပြီး ဆိုင်ကယ် ၁ဝ စီးခန့်ကို သိမ်းယူသွားခဲ့သည်။
၎င်းပြင် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ ရတနာပုံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၏ သပိတ်စစ်ကြောင်းသည် ဆန္ဒထုတ်ဖော်ပြီးအပြန် အိမ်စီးကားဖြင့် တရစပ် လိုက်လံ ပစ်ခတ်ခြင်းခံခဲ့ရပြီး ကားတစ်စီးကို ကျည်ထိမှန်ခဲ့သည်ဟု သိရှိရသည်။ ရဲကား၊ စစ်ကား စသည်တို့ကို အသုံးမပြုဘဲ အိမ်စီးကားများကို အသုံးပြုလာခြင်းသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးရန်နှင့် ပို၍ လွယ်ကူစေရန်အတွက်ဖြစ်ပြီး သပိတ်စစ်ကြောင်းများကို မြန်ဆန်စွာ ဖြိုခွင်းနိုင်ခြင်းကြောင့်ဖြစ်သည်။ သို့သော် ထိုသို့ ခိုးကြောင် ခိုးဝှက်ပြုလုပ်ခြင်းသည် ၎င်းတို့၏ သတ္တိကြောင်ခြင်းနှင့် ယုတ်ညံ့မှု၏ သရုပ်မှန်ကို ပိုမို ပေါ်လွင်စေသည်။
အကြမ်းဖက် စစ်အုပ်စုသည် လက်လွတ်စပယ် ရမ်းကား ပစ်ခတ်မှုများကို မြို့ပြနှင့်အလှမ်းဝေးသော နယ်ဒေသများ၌ ပို၍ ကျူးလွန်လာသည်ကို တွေ့ရှိရသည်။ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ ချင်းတွင်းမြစ်အတွင်း အမြန်ယာဉ်များဖြင့် စုန်ဆင်းလာပြီး ပြည်သူများရှိရာ နေရာများကို ပစ်ခတ်ခဲ့သော်လည်း ပြည်သူများမှာ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ သပိတ်စစ်ကြောင်း စုရပ်ကို လာရောက် ဖြိုခွင်းခဲ့ပြီး ပြည်သူ နှစ်ဦးကို ဖမ်းဆီးသွားသောကြောင့် ပြည်သူများက ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ သေနတ်များဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ တစ်ဦးကျဆုံးသွားခဲ့ပြီး တစ်ဦး၏ ခါးကို ကျည်အစစ်ထိမှန် ဒဏ်ရာရရှိခဲ့ကာ အခြေအနေ တင်းမာလျှက်ရှိကြောင်း သိရှိရသည်။
ယမန်နေ့ (မေ ၈) ကလည်း မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမျှားကျေးရွာ၌ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ခုနှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
ထိုကဲ့သို့ ပစ်ခတ်မှုများကို တရားမဲ့ နေ့စဉ်ရက်ဆက် ကျူးလွန်လျှက်ရှိသော်လည်း ထိရောက်စွာ ဟန့်တား မည့်သူ မရှိသောကြောင့် ၎င်းတို့၏ ဥပဒေမဲ့သော လုပ်ရပ်များသည် ပို၍ ဆိုးရွားလာစေသည်။ ထို့ကြောင့် ပြည်သူများသည် လုံခြုံမှုမရှိတော့ဘဲ အချိန်နှင့်အမျှ အသက်အန္တရာယ်နှင့် ကြုံတွေ့လာနေရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ယမန်နေ့ (မေ ၈) ညအချိန်က ဖမ်းဆီးခြင်းခံခဲ့ရသော ကဗျာဆရာ ခက်သီ (အမည်ရင်း ဦးဇော်ထွန်း) သည် အကြမ်းဖက် စစ်အုပ်စု၏ စစ်ကြောရေးစခန်းတွင် မတရား ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးမေးမြန်းမှုများ ကြောင့် ဆေးရုံသို့ပို့ဆောင်စဉ် ကျဆုံးသွားခဲ့ရသည်။ ကဗျာဆရာ ခက်သီသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်နေသော ၎င်း၏ ဇနီး၊ အတူနေ အိမ်သား တစ်ဦးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ညှဉ်းပန်း နှိပ်စက်ခြင်းမှ ကင်းလွတ်၍ လူတိုင်း၏ အသက်ရှင်နေထိုင်ခွင့်ကို အာမခံပေးသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်အတွက် အာဏာရှင် စနစ်ကို အမြစ်ပြတ် တွန်းလှန်ရမည်ဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် လုယက်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိရာ ယမန်နေ့ညပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာအတွင်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး နေအိမ်များနှင့် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးကာ ရွှေငွေများကို လုယူသွားခဲ့သည်ဟု သိရှိရသည်။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌လည်း မေလ ရ ရက်နေ့ ညအချိန်က ဆိုင်ကယ်အရောင်းဆိုင်များကို အကြောင်းမဲ့ ဝင်ရောက် စစ်ဆေးခဲ့ပြီး ဆိုင်ကယ်အရောင်းဆိုင် သုံးဆိုင်မှ သုံးဘီးကားအပါအဝင် ဆိုင်ကယ်အစီး ၂၀ဝ ထက်မနည်းကို သိမ်းယူသွားကြောင်း သိရှိရသည်။ ထို့ပြင် မြစ်ကြီးနား၊ မိုးညှင်းနှင့် မိုးကောင်းစသည့် မြို့နယ်များတွင်လည်း တစ်ပြိုင်တည်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆိုင်ကယ် အသစ်၊ အဟောင်းများကို သိမ်းယူသွားခဲ့ကြောင်း သိရှိရသည်။ ပုဂ္ဂလိကပိုင်ပစ္စည်းများကို လက်နက်အားကိုးပြီး သူခိုးဓားပြများသဖွယ် မတရားလုယက်နေကြသဖြင့် အာဏာသိမ်းပြီးနောက် မည်သည့် တရားဥပဒေစိုးမိုးမှုမှမရှိတော့၍ ပြည်သူများသည် ကာကွယ်စောင့်ရှောက်မှုမရရှိတော့ဘဲ စိုးရိမ် ထိတ်လန့်မှုများကို နေ့စဉ်ရက်ဆက် ရင်ဆိုင်နေကြရသည်။
ကချင်ပြည်နယ်၌လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိရာ ယမန်နေ့ ညနေက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး စစ်အုပ်စု နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်တွင်း၌ရှိနေသည့် အမျိုးသမီးတစ်ဦးသည် နောက်စေ့ကို ထိမှန်၍ ကျဆုံးသွားခဲ့သည်ဟု သိရှိရသည်။ နိုင်ငံတွင်း အာဏာမက်မောသည့် စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေး လမ်းစပျောက်သွားခဲ့ပြီဖြစ်ကာ ဒေသခံ ဌာနေတိုင်းရင်းသားများသည် ဆိုးရွားသည့် စစ်ဘေးဒုက္ခများကို တဖန်ပြန်၍ ရင်ဆိုင်ခံစားနေကြရပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality List for May 9, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (9-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (9-May-2021)