စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦးနှင့် ယမန်နေ့က ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယမန်နေ့က ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၇၃) ဦးရှိခဲ့ပြီး ယနေ့တွင် အပြစ်မဲ့ ပြည်သူ (၁) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၇၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၇၇၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၄၉၈) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၇) တွင် ရန်ကုန်မြို့၊ မန္တလေးမြို့ အပါအဝင် မြန်မာပြည်အနှံ့အပြားရှိ ပြည်သူများသည် အာဏာသိမ်း စစ်အုပ်စု ကို အင်တိုက်အားတိုက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တာမွေသပိတ် စစ်ကြောင်း သည် ဖြိုခွင်းခြင်းခံခဲ့ရပြီးနောက် လမ်း နှင့် တိုက်အတွင်းအထိတိုင် လိုက်လံ ဖမ်းဆီးခဲ့၍ လူငယ် ခြောက်ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စု၏ ရမ်းကား ပစ်ခတ်မှုများသည် တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုရွားလာပြီး ကလေးများပါ ဆိုးရွားစွာ ထိခိုက်လာခဲ့ပြီဖြစ်သည်။ ယနေ့ နံနက်အစောပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ၌ အကြမ်းဖက် စစ်အုပ်စုမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှုးအိမ်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်အုပ်စု၏ တပ်ဖွဲ့ များရောက်ရှိလာကာ ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား တစ်ဦးသည် ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကာ ရုပ်အလောင်းကို ယူဆောင်သွားခဲ့သည်ဟု သိရှိရသည်။
အာဏာသိမ်း စစ်အုပ်စု၏ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ၊ လုယက်၊ ဖျက်ဆီးမှုများ၊ အနိုင်ကျင့်မှုများ၊ တပ်စွဲထားမှုများ ကြောင့် ပြည်သူများသည် ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း၍ ပြန်လည် ခုခံ တော်လှန်ခဲ့ကြပြီဖြစ်သည်။ ယမန်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူများဘက်မှ လူငယ် တစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ၌ ပြည်သူများမှ သံပုံးတီး သောကြောင့် မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း၊ စမ်းချောင်းမြို့နယ်၌လည်း လူနာစောင့်အား ရှာဖွေမည်ဟု အကြောင်းပြ ကာ အာရှတော်ဝင် ဆေးရုံအဆောက်အအုံ တစ်ခုလုံးအနှံ့ ဝင်ရောက် ရှာဖွေခဲ့ခြင်း စသည့် ရက်စက် ဆိုးသွမ်းမှုများကို အတိုင်းအဆမဲ့ ကျူးလွန်လျက်ရှိသည်။
အကြမ်းဖက် စစ်အုပ်စုသည် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို နေ့စဉ်ရက်ဆက် ကျူးလွန်လာလျက်ရှိသည်။ ယမန်နေ့ (မေ ၆) နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဆန္ဒပြ လူငယ် တစ်ဦးကို တွေ့ရှိခြင်းမရှိ၍ ၎င်း၏ မိခင် နှင့် အစ်ကို ဖြစ်သူတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး မေလ ၅ ရက်နေ့ ညအချိန်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ် တွင် သပိတ်ခေါင်းဆောင် တစ်ဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏ မီးနေသည် အမျိုးသမီး နှင့် ရက် ၂ဝ အရွယ်သာရှိသေးသည့် ကလေးအား ဖမ်းဆီးသွားခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့တရားဝင်မှုရှိစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း တရားမဝင် အာဏာသိမ်းထားသည့်အပြင် ၎င်းတို့၏ တရားမဲ့ လုပ်ရပ်များ သည် ၎င်းတို့ တရားမဝင်မှုမရှိကြောင်းကို ညွှန်းဆိုပြနေသော အခြား ထင်ရှားသည့် သက်သေဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုထားချက်များအရ ယနေ့ (မေ ၇) အထိ ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသူ (၅၉) ဦး ရှိခဲ့ပြီဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အတားအဆီးမရှိ ကျူးလွန် လျှက်ရှိသော်လည်း ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိသေးသောကြောင့် ပြည်သူများမှာ အလွန်အမင်း ထိခိုက် ဆုံးရှုံးနေကြရသည်။ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်တချို့၌ ပြည်သူများမှ ပြန်လည် ခုခံကာကွယ် လျှက်ရှိပြီး ကချင်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့၌လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် စစ်တပ် တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။ ဒေသတွင်း အာဆီယံအပါအဝင် နိုင်ငံတကာမှ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများမရှိလျှင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ဖြစ်ပွားနိုင်မည့် အခြေအနေသို့ ဦးတည်နေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for May 7, 2021 (Bur) (Updated)
မတရားဖမ်းဆီးခံထားရသူများစာရင်းဒေါင်းလော့ရယူရန် Under Detention List_Burmese (7-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းလော့ရယူရန် Release Lists_Burmese (7-May-2021)