စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ နှင့် မန္တလေးတိုင်း ဒေသကြီး၊ မိထ္ထီလာမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၇၂) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေး သည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၇၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၇၃၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၄၇၈) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၆) တွင် စစ်အုပ်စုမှ မတရားသဖြင့် အာဏာသိမ်းမှု ရက်ပေါင်း ၉၅ ရက်တိုင်တိုင်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းရေးတို့ တဖန် ပြန်လည် ရရှိရေးအတွက် စစ်အာဏာရှင်ကို နေ့စဉ် ရက်ဆက် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ပြည်သူများမှာ ကျဆုံး၊ ဒဏ်ရာရရှိမှုများရှိလာ သည့်အပြင် အခြားတဖက်၌လည်း ရက်စက် ကြမ်းကြုတ်မှု၊ ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်ဆိုင်နေကြရသည်။
ယနေ့ (မေ ၆) တွင် မြန်မာပြည်အနှံ့အပြား၌ လူထုသပိတ်များပြုလုပ်၍ ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယ‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ပြုလုပ်သော “ရေကျော်သပိတ်စစ်ကြောင်း”ကို လှည့်ကင်းကား များ၊ ဆိုင်ကယ်များမှ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း သပိတ်ကို အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။ ယနေ့ နေ့လယ်ပိုင်း အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒါးကောင်းကျေးရွာကို စစ်ကားတစ်စီး၊ အချုပ်ကားတစ်စီး ရောက်ရှိ လာပြီး ရွာအတွင်း ဝင်ရောက်ရှာဖွေနေခြင်းကြောင့် ရွာခံလူငယ်များ တိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။ ထို့ပြင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြည်သူ တစ်ဦး ရာဘာကျည်ထိမှန်ထားပြီး တစ်ဦး ဖမ်းဆီးခြင်းခံထားရသည်ဟု ကနဦး သိရှိရ သည်။
ယမန်နေ့ ညနေ နှင့် ညအချိန်က အကြမ်းဖက် စစ်အုပ်စု၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျဆုံး/ ဒဏ်ရာရရှိမှုများရှိ ခဲ့သည်။ ယမန်နေ့ မွန်းလွဲပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် စစ်တပ်မှ ဆိုင်ကယ် တစ်စီးကို တားဆီးရာ ရပ်တန့်ပေးခြင်းမရှိ၍ ပစ်ခတ်ခဲ့ရာမှ ဆိုင်ကယ်ကို ထိမှန်ခြင်းမရှိဘဲ ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက် စောင့်ဆိုင်းနေသည့် အမျိုးသမီး တစ်ဦးကို ထိမှန်ကာ ကျဆုံးသွားခဲ့ပြီး အမျိုးသား တစ်ဦးသည်လည်း စိုးရိမ်ရသော အခြေအနေရှိသည်ဟု သိရှိရသည်။ ယမန်နေ့ ညအချိန်က မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့တွင်လည်း ဆိုင်ကယ်စီး လာသည့် ပြည်သူ တစ်ဦးကို ပစ်သတ်ခဲ့သည်။ အဆိုပါ ကျဆုံးအမျိုးသား၏ အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန်အတွက် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ဖမ်းဆီးသွားချိန်၌ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းသည် ပြင်းထန်သည့် ရာဇဝတ်မှုဖြစ်ပြီး စစ်အာဏာရှင် အဆက်ဆက် ကျူးလွန်ခဲ့ကြသည်။ ယမန်နေ့ညအချိန်က လူငယ် တစ်ဦးကို မေးရန်ရှိသည်ဟုဆိုကာ အိမ်မှ ခေါ်ထုတ်ပြီး လမ်းထိပ် အရောက်တွင် ပါးစပ်အတွင်းကို အဝတ်စထိုး၍ ရိုက်နှက်ခဲ့သည်ဟု သိရှိရသည်။ အဆိုပါ လူငယ်၏ မိဘများမှ စုံစမ်းရာ သိန်း နှစ်ဆယ်ဖြင့် ရွေးရမည် ဆို၍ ရွေးရန် လုပ်ဆောင်နေစဉ် ဆေးရုံ၌ ရုပ်အလောင်းလာကြည့်ရန် ဖုန်းဆက် အကြောင်းကြားခြင်းခံခဲ့ရသည်။ အဆိုပါ လူငယ်၏ ရုပ်အလောင်း၌ လည်ပင်းတွင် ဒဏ်ရာများရရှိထားပြီး မျက်နှာ၌ ဆိုးရွားစွာ ထိခိုက်ထားသည်ဟု သိရှိရသည်။ ရုပ်အလောင်းကိုလည်း မိသားစုမှ သဂြိုလ်ခွင့်မရကြောင်း သိရှိရသည်။ ယမန်နေ့က ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ကျောင်းသားလူငယ်များကို ဖမ်းဆီး၍ စစ်တပ်မှ အုပ်စုဖွဲ့ကာ တရားဥပဒေမဲ့ လူမိုက်ဆန်ဆန် ရိုက်နှက်နေသည့် ဗီဒီယိုသည် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လျက်ရှိသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး၊ သမန်းတောကျေးရွာ၌ ကျေးရွာအတွင်း သိုလှောင်ထားသည့် စပါး၊ နှမ်း နှင့် စားသုံးဆီများကို သွန်ပစ်၍ ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ ရွာသားများမှာ စားသောက်ရေး အခက်ကြုံနေကြရသည်။ ထို့ပြင် ကျေးရွာ လူကြီးများကို နွေဦးတော်လှန်ရေး သံချပ်ပါစာသားများကို အော်ဆိုခိုင်းကာ အကြမ်းဖက် ရိုက်နှက်ခြင်းများကြောင့် အချို့မှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ထိုကျေးရွာရှိ လူငယ်တစ်ဦးကို အသက်ဆုံးရှုံးသည်အထိ နှိပ်စက်ခဲ့ကြောင်း လည်း သိရှိရသည်။
ထိုဖြစ်ရပ်များသည် အလွန်အမင်း ရက်စက်၍ လူမဆန်သော လုပ်ရပ်များဖြစ်ပြီး အာဏာသိမ်းပြီးသည့်နောက် ထိုကဲ့သို့ လုပ်ရပ်များကို အကြမ်းဖက် စစ်အုပ်စုမှ လူမြင်ကွင်း၌သော်လည်းကောင်း၊ မမြင်ကွယ်ရာ၌လည်းကောင်း ကျူးလွန်ခဲ့ ကြသည်။ လူတစ်ဦး၏ လွတ်လပ်စွာ အသက်ရှင်ခွင့်နှင့် လုံခြုံစိတ်ချခွင့်တို့သည် အခြေခံအခွင့်အရေးတစ်ခုဖြစ်သော်လည်း ထိုအခွင့်အရေးအပါအဝင် အခြားသော အခြေခံအခွင့်အရေးများကိုပင် အာဏာသိမ်း စစ်အုပ်စုမှ အပြင်းအထန် ဖိနှိပ်ထား သည်။ အာဏာရှင်စနစ် ရှင်သန်ကြီးထွားနေသမျှကာလပတ်လုံး ပြည်သူများ၏ နေ့စဉ်ဘဝများမှာ ခြိမ်းခြောက်ခြင်း ခံနေကြရဦး မည်ဖြစ်သည်။
မေလ ၅ ရက်နေ့တွင် အာဏာသိမ်း စစ်အုပ်စုမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် သို့ ပြန်လည် ပြောင်းရွှေ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ထိုကဲ့သို့ ဖွဲ့စည်းရခြင်းမှာ ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်ရာတွင် အဓိကကျသည့် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ရသော ရပ်ကျေးအဆင့် အုပ်ချုပ်ရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ဖြစ်ပြီး ထိုမှတစ်ဆင့် ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် လည်ပတ်စေနိုင် ရန်အတွက် ဖြစ်သည်ဟု သုံးသပ်ရပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေဦးတော်လှန်ရေးကျဆုံးသူများစာရင်း Fatality List for May 6, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (6-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (6-May-2021)