စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၇၆၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၆၉၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၄၅၈) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အာဏာသိမ်းမှု ရက်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံသည် အဘက်ဘက်မှ ယိုင်နဲ့လုနီးသည့် အခြေအနေသို့ ကျရောက် နေပြီဖြစ်သည်။ လက်နက်မဲ့ပြည်သူများမှာ အာဏာသိမ်း စစ်အုပ်စု၏ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ရက်စက်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရသည်သာမက ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များမှာလည်း ခြိမ်းခြောက်ခြင်းခံနေကြရ သည်။ ယနေ့ (မေ ၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ထိုကဲ့သို့ ဖွဲ့စည်းခြင်းအပေါ် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကြိုဆို ထောက်ခံပါသည်။
မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်း (The Unfolding Crisis in Burma) ဆိုသည့် ခေါင်းစဉ်ဖြင့် ဗွီဒီယိုကွန်ဖရန့် ကြားနာပွဲကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၌ ယမန်နေ့ (မေ ၄) တွင် ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် Progressive Voice အဖွဲ့အစည်း တည်ထောင်သူတစ်ဦး ဖြစ်သူ မခင်ဥမ္မာတို့ ပါဝင်ဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်း တောင်းဆိုခဲ့သည်။
ယနေ့ (မေ ၅) တွင် မြန်မာပြည်တဝှမ်းလုံးရှိ အလွှာအသီးသီးမှ ပြည်သူများသည် နေ့စဉ် ဖိနှိပ်မှုများကြားမှ ဆန္ဒထုတ်ဖော်မှု များကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူငယ်များ၏ ဆိုင်ကယ် သပိတ်ကို ရဲ နှင့် စစ်တပ်က အိမ်စီးကားများဖြင့် လိုက်တိုက်ခဲ့ပြီး အမျိုးသမီး လေးဦးကို ဖမ်းဆီးခဲ့ကာ ဆိုင်ကယ် သုံးစီးကို သိမ်းဆည်းသွားသည်ဟု သိရှိရသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် မိုးကောင်းမြို့နယ်၊ နမ္မတီးကျောက်တောင်အနီး၌ အကြမ်းဖက် စစ်ကားနှစ်စီး မိုင်းခွဲခြင်းခံခဲ့ရပြီးနောက် စစ်အုပ်စုဘက်မှ လက်လွတ်စပယ်ပစ်ခတ်မှုများရှိသည်ဟု သိရှိရ သည်။
အကြမ်းဖက် စစ်အုပ်စုသည် နေ့စဉ်ဆိုသလို ရမ်းကားပစ်ခတ်လျက်ရှိ၍ ပြည်သူများမှာ ကျဆုံး၊ ဒဏ်ရာ ရရှိလျက်ရှိသည်။ မေလ ၃ ရက်နေ့မှ မေလ ၄ ရက်နေ့ နေ့လယ်အချိန်ထိ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သာကောင်းကျေးရွာအတွင်း အာဏာသိမ်း စစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွင် ရွာသားတစ်ဦး ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်ဟု သိရှိရသည်။ ယမန်နေ့ (မေ ၄) တွင် သာကောင်းကျေးရွာ၌ အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဘုရားတောင်ကျေးရွာ၌ အမျိုးသား တစ်ဦးကို လည်းကောင်း ပစ်ခတ်ခဲ့၍ ကျဆုံးသွားခဲ့သည်ဟု သိရှိရသည်။ ၎င်းတို့၏ အမည်များကို AAPP ၏ ကျဆုံးစာရင်းတွင် ထည့်သွင်းနိုင်ရန် အတွက် စုံစမ်းဆဲဖြစ်ပြီး သိရှိရပါက ထပ်မံ၍ အတည်ပြုထည့်သွင်းသွားမည်ဖြစ်သည်။
ယမန်နေ့ ညအချိန်က အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံ မြို့နယ်၊ ရွှေပြည်အေးလမ်း၌ အမျိုးသား တစ်ဦးကို အုပ်စုဖွဲ့၍ နံပါတ်တုတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို လူမှုကွန်ရက်စာမျက်နှာ၏ ဗွီဒီယိုမှတ်တမ်းမှတစ်ဆင့် တွေ့ရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၌ သံပုံးတီးသည့်အတွက် ရပ်ကွက်အတွင်း ဝင်ရောက်ကာ အော်ဟစ်ဆဲဆိုခြင်း၊ ပြည်သူပိုင် အိမ်၊ ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ ခဲများဖြင့် နေအိမ်များကိုထု၍ မှန်များကို ရိုက်ခွဲခြင်းများ ပြုခဲ့ပြီး အမျိုးသမီး သုံးဦးအပါအဝင် ရပ်ကွက်နေ ပြည်သူများကို ဆဲဆို ရိုက်နှက်ခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် အကြမ်းဖက်၊ ဓားပြတိုက်၊ လုယက်၊ ခိုးယူမှုများကို နေရာတိုင်းတွင် နေ့စဉ်နှင့်အမျှ ကျူးလွန် လျှက်ရှိပြီး ပြည်သူများအား ဖမ်းဆီးချိန်၌ လူမဆန်စွာ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးထားသူများကိုလည်း ပြင်းထန်စွာ နှိပ်စက် ညှဉ်းပန်းခြင်းများပြုလုပ်နေခြင်းသည် တရားဥပဒေစိုးမိုးရေးကင်းမဲ့သော ဆိုးသွမ်း ရမ်းကားသည့် တရားမဲ့လုပ်ရပ် ဖြစ်သည်ကို ညွှန်းဆိုပြနေသည်။
မြန်မာနိုင်ငံတွင်း သတင်းမီဒီယာကဏ္ဍသည် အလွန်အမင်း ဖိနှိပ်ခြင်းခံနေကြရသည်။ အကြမ်းဖက် စစ်အုပ်စုမှ မြစ်ကြီးနား သတင်းဂျာနယ်၊ The 74 Media၊ တာချီလိတ်သတင်းအေဂျင်စီတို့၏ လုပ်ငန်းလုပ်ခွင့်လိုင်စင်များကို ပိတ်သိမ်းကြောင်း ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။ လွတ်လပ်စွာ သတင်းစီးဆင်း တင်ပြခွင့်ကို ဖိနှိပ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်။ သို့သော်လည်း အာဏာသိမ်းပြီးသည့်နောက်တွင် အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းမီဒီယာများ နှင့် ပြည်သူများကြား သတင်းစီးဆင်းမှုများ ပြတ်တောက်သွားစေရန် အပြင်းအထန် ကြိုးစားလျက်ရှိသောကြောင့် ယခုအခါ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာကဏ္ဍသည် ယိုင်လုနီးနီးအခြေအနေသို့ ကျရောက်နေပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအက်ဉ်းသားမ်ားကူညီစောင့်ရွောက်ရေးအသင်း
နွေဦးတော်လှန်ရေးအတွင်းကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for May 5, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Under Detention List_Burmese (5-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (5-May-2021)