စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ မေလ ၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် နှင့် မကွေးတိုင်းဒေသကြီး၊ ထီးလင်း မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၆၉) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၆၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၆၇၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၄၃၈) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ မေလ ၄ရက်နေ့ တွင် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများအပါအဝင် မြန်မာပြည်တဝှမ်းလုံးရှိ ပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အထူးသဖြင့် ကျောင်းသားလူငယ်များသည် စစ်ကျွန် ပညာရေးကို ကန့်ကွက်သည့်အနေဖြင့် “ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ ဖြိုခွင်းရန် ရောက်ရှိလာပြီး ပစ်ခတ်မှုများရှိသော်လည်း လျင်မြန်စွာ လူစုခွဲနိုင်၍ ဖမ်းဆီး၊ ဒဏ်ရာရရှိမှုမရှိပါဟု သိရှိရသည်။ တခြားနေရာဒေသများ၌လည်း ဖြိုခွဲမှုများ ရှိသော်လည်း ဆိုးရွားသော သွေးထွက်သံယိုမှု ဖြစ်ပွားကြောင်း မကြားသိရပါ။ သို့သော်လည်း အာဏာသိမ်းစစ်အုပ်စုသည် နေ့ ည မရွေးပြည်သူများအပေါ် ပစ်ခတ်ဖြိုခွဲနေခြင်းကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသော ပြည်သူများအတွက် စိုးရိမ်ရသော အခြေအနေအောက်တွင်သာ ဆက်ရှိနေသည်။
ယမန်နေ့ မေလ ၃ ရက်နေ့ နေ့လယ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာ၌ ဆန္ဒထုတ်ဖော် နေစဉ် ရဲများရောက်ရှိလာရာ ရွာအတွင်းသို့ ပေးမဝင်ဘဲ တားဆီးခဲ့၍ စစ်တပ်မှ ရောက်ရှိလာကာ ပစ်ခတ်ခဲ့သောကြောင့် ရွာသား တချို့ ဒဏ်ရာရရှိခဲ့ပြီး ၁၉ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်အုပ်စု၏ အမြဲလိုလို ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဝင်ရောက် ရှာဖွေခြင်း၊ အော်ဟစ် ဆဲဆိုပြီး ကြိမ်းမောင်း နှိပ်စက်ခြင်း တို့ကြောင့် ပြည်သူများသည် ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းကာ ပြန်လည် ခုခံလျက်ရှိကြသည်။ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် ယမန်နေ့ကတည်းက ယနေ့အထိ အကြမ်းဖက် စစ်အုပ်စု နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကာ ပြည်သူများဘက်မှ သုံးဦးထက်မနည်း ကျဆုံးမှုများရှိခဲ့သည်ဟုပြောဆိုမှုများရှိနေပြီး အာဏာသိမ်းစစ်အုပ်စုက ပြည်သူ သုံးဦး သေဆုံးခဲ့ သည်ဟု ကြေညာခဲ့သည်။ သို့သော် မိမိတို့ AAPP မှ ကျဆုံးသူ တစ်ဦး၏ အချက်အလက်များကိုသာ ရရှိသေးသည့်အတွက် လတ်တလော ကျဆုံးစာရင်းတွင် တစ်ဦးကိုသာ အတည်ပြုထည့်သွင်းထားပြီး ကျန်ကျဆုံးခဲ့သူများအား ဆက်လက်စုံစမ်း၍ ထပ်မံအတည်ပြုထည့်သွင်းသွားမည်ဖြစ်သည်။ ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများနှင့် မြို့ခံပြည်သူများမှာ နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်အုပ်စုသည် ဝင်ရောက် စီးနင်းမှုများ၊ လုယက်မှုများ၊ ဖျက်ဆီးမှုများကို အတိုင်းအဆမရှိ ကျူးလွန်လျက်ရှိရာ ယခုအခါ နယ်ဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။
- ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒါးရဲကောင်းကျေးရွာ၌ ရွာအတွင်းကို တစ်အိမ်တက်ဆင်း မွှေနှောက် ရှာဖွေခဲ့ပြီး ပစ္စည်းများကို ဖျက်ဆီး၍ ပိုက်ဆံများအား လုယက်ခဲ့ခြင်း
- ယမန်နေ့ ညအချိန်က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အောင်ပန်းကျေးရွာ၌ သပိတ်ဦးဆောင်သူများ၏ နေအိမ်များကို ဝင်ရောက် ရှာဖွေခဲ့ပြီး ဆိုင်ကယ်များကို ဖျက်ဆီးသွားသည့်အပြင် ဦးဆောင်သူ တစ်ဦး၏ နေအိမ်မှ ငွေကျပ် ငါးသိန်းကို ယူဆောင်သွားကာ ထိုကျေးရွာကို ခြိမ်းခြောက်ခဲ့ခြင်း
- စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းတိုက်နယ်ကျေးရွာ၌ အိမ်များအား ဖျက်ဆီးခြင်း၊ ရွှေ၊ ငွေ လက်ဝတ်ရတနာများအား ယူဆောင်သွားခြင်း၊ အိမ်ရှိပစ္စည်းများသာမက ဘုရားစင်ကိုပါ ရိုက်ချိုး ဖျက်ဆီးခြင်း၊ ကြက်၊ ဝက်များအား ဖမ်းဆီး သတ်ဖြတ်ကာ ယူဆောင်သွားခဲ့ခြင်းတို့အပြင် သေနတ်ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက ခင်ဦးမြို့နယ်၊ ပင်တင်း ကျေးရွာအတွင်းကို သေနတ်ပစ်၍ ဝင်ရောက်လာခဲ့ပြီး နေအိမ်အချို့ကို ဖျက်ဆီး၍ ပစ္စည်းများကို ခိုးယူသွားခဲ့ကာ ဒေသခံ တစ်ဦးကို ဖမ်းဆီးသွားခဲ့ခြင်း
မြန်မာနိုင်ငံတွင်းရှိ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ အမျိုးမျိုးသော အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ခံစားနေကြရသော်လည်း လျစ်လျူရှုခြင်းခံနေကြရဆဲဖြစ်သည်။ အထူးသဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ယခုထက်ပို၍ ဖိအားပေး လုပ်ဆောင်ရန် လိုအပ်လျှက်ရှိပြီး နိုင်ငံတကာမှ လည်း ပို၍ ပြင်းထန် ထိရောက်သော အရေးယူမှုများကို လုပ်ဆောင်ရန် လိုအပ်ဆဲ ဖြစ်သည်။ အရေးယူဆောင်ရွက်မှုများ နှောင့်နှေးပါက ပြည်သူများမှာ ယခုထက်ပို၍ ကျဆုံး ထိခိုက်မှုများရှိလာမည်သာမက အဘက်ဘက်မှ ပြင်းထန်သော ဖိနှိပ် ခြိမ်းခြောက်မှု များကို ဆက်လက်ခံစားနေကြရမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for May 4, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းရန် Under Detention List_Burmese (4-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းရန် Release Lists_Burmese (4-May-2021)