စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၇၅၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မေလ ၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၅၀၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၃၅၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (မေ ၁) သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သည်။ မြန်မာပြည်တဝှမ်းလုံးရှိ အလုပ်သမားထု တစ်ရပ်လုံး အနေဖြင့် နွေဦးတော်လှန်ရေးကာလတလျှောက်လုံးတွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်နေမှုအပေါ် မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ယနေ့၌ မြန်မာပြည်အနှံ့အပြားရှိ ပြည်သူများသည် မတရားသဖြင့် အာဏာသိမ်းယူထားသော စစ်အုပ်စုအား ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြသည်။ ယနေ့တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း သပိတ်စစ်ကြောင်း ချီတက်နေစဉ် စစ်အုပ်စု ၏ ကားများရောက်လာပြီး လိုက်လံ ဖမ်းဆီးခဲ့သောကြောင့် ဆန္ဒပြပွဲတွင် မပါဝင်သူ ခုနှစ်ဦးခန့် ဖဖ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။ ယမန်နေ့ (ဧပြီ ၃၀) ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၇၈လမ်း၊ ၃၈x၃၉ အနီးဝန်းကျင်၌ ပြည်သူ နှစ်ဦး ဆိုင်ကယ်မောင်းလာစဉ် ရပ်တန့်ခိုင်းရာ မောင်းပြေးသည့်အတွက် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက် နှင့် ဒူးကို ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် ပရဟိတအသင်းများကိုလည်း ဖိနှိပ်လာခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် “ပိုသူလှူ လိုသူယူ” အစီအစဉ် ပြုလုပ်နေသော လူငယ် ၁၁ ဦးကို စစ်သား နှင့် ရဲ အပါအဝင် အင်အား ၃ဝ ခန့်က သေနတ်ထောက်ကာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကျပ်ပြင် ရပ်ကွက်၊ ပတ္တမြားရတနာဆေးပေးခန်းသို့ ဝင်ရောက်ပြီး ကျပ် ၁၅ သိန်းခန့်တန်ဖိုးရှိ ဆေးပစ္စည်းအားလုံးကို အဓမ္မ သိမ်းယူ သွားခဲ့သည်ဟု သိရှိရသည်။
ယမန်နေ့ ညနေပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မိုးမေတ္တာ နာရေးကူညီမှုအသင်းပိုင် နာရေးယာဉ်နှစ်စီးအား အတင်းအဓမ္မ သိမ်းယူသွားခဲ့ကြောင်း သိရှိရသည်။ ပရဟိတအသင်းများ၊ ပရဟိတသမားများကိုပင် ကင်းလွတ်ခွင့် မပေးခြင်းသည် ၎င်းတို့ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်လျက်ရှိသည်ကို ထင်ရှားစွာ ညွှန်းဆိုပြနေသော အခြား သက်သေ တစ်ခုဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ ဖမ်းဆီးလိုသူများကို နည်းဗျူဟာကျကျ ဖမ်းဆီးလာခဲ့ရာ ယခုအခါ နိုင်ငံအနှံ့ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့် အုပ်ချုပ်ရေးမှူးဟောင်းများကို ပစ်မှတ်ထား၍ ဖမ်းဆီးလာသည်ကို တွေ့ရှိရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်သည် ဧပြီလ ၂၉ ရက်နေ့ကတည်းက ထိန်းသိမ်းခြင်းခံထားရပြီး မြိတ်၊ ကော့သောင်း မြို့များရှိ အုပ်ချုပ်ရေးမှူး တချို့သည်လည်း ထိန်းသိမ်း ခြင်းခံထားရကြောင်း သိရှိရသည်။ ထို့ပြင် ဧပြီလ ၂၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငြုပ်ကောင်း မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည်လည်းကောင်း၊ ဧပြီလ ၃ဝ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးသည်လည်းကောင်း အသီးသီး ဖမ်းဆီးခြင်းခံခဲ့ရသည်။ အကြမ်းဖက် စစ်အုပ်စုသည် လူမှုအသိုင်းအဝိုင်းအတွင်း ဩဇာသက်ရောက်သူများကို ဖမ်းဆီး ထိန်းသိမ်းခြင်းအားဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေး အာဏာတည်စေရန်အတွက် မသမာသည့်နည်းမျိုးစုံဖြင့် ကြိုးစားလာလျက်ရှိလာပြီဖြစ်သည်။
ယနေ့ (မေ ၁) တွင် အာဏာသိမ်းမှု ရက် ၉ဝ တိုင် ရှိလာခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်း ပြည်တွင်းရေးအခြေအနေမှာ အလွန်အမင်း မငြိမ်မသက်ဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီး သုံးရပ်သည်လည်း ပြိုလဲသွားခဲ့ကာ စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်သော သတင်းမီဒီယာကဏ္ဍ သည်လည်း မှေးမှိန် ပျောက်ကွယ်သွားလုလု ဖြစ်နေသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် မြန်မာ့အရေး ဘုံသဘောတူညီချက်မှာလည်း အာဏာသိမ်း စစ်အုပ်စုအပေါ် ပြင်းထန်သည့် သက်ရောက်မှု မရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် ယမန်နေ့ (ဧပြီ ၃၀) တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း တိကျသည့် ဘုံသဘောတူညီချက်များ ထွက်ပေါ်လာခြင်းမရှိပါ။ ထိုကဲ့သို့သော အခြေအနေများကြောင့် မြန်မာပြည်သူများသည် အာဏာသိမ်း စစ်အုပ်စု၏ ပြင်းထန် ရက်စက်သည့် အကြမ်းဖက်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခံစားနေကြရပြီ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for May 1, 2021 (Bur) (Updated)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းရန် Under Detention List_Burmese (1-May-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းရန် Release Lists_Burmese (1-May-2021)