စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၇၅၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၄၈၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၃၁၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၃၀) တွင် ရန်ကုန်မြို့ အပါအဝင် မြန်မာပြည်အနှံ့အပြား၌ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ ကြသည်။ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အရုဏ်ဦးသပိတ် ဖြိုခွင်းခြင်းခံခဲ့ရသော်လည်း လူစုခွဲနိုင်ခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်းမရှိဟု သိရှိရသည်။ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်အတွင်း ချီတက်နေသော သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်အုပ်စုက Mark-2 အိမ်စီးကားဖြင့် တိုက်၍ ပစ်ခတ် ဖြိုခွင်းခဲ့ပြီး ပြည်သူ လေးဦးကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် မြို့ကြီးများရှိ သတင်းမီဒီယာများကို ပစ်မှတ်ထား၍ ဖမ်းဆီး၊ တရားစွဲဆိုခြင်း၊ ထုတ်ဝေခွင့်များ ရုတ်သိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ တိုင်းရင်းသား မီဒီယာများကိုပါ ပစ်မှတ်ထား၍ ပြင်းပြင်းထန်ထန် ကိုင်တွယ် ဖြိုခွဲလာခဲ့ကြသည်။ ထို့ပြင် မီဒီယာသမားများ၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် စတင်၍ ဖမ်းဆီးလာခဲ့ပြီ ဖြစ်သည်။ ယမန်နေ့ (ဧပြီ ၂၉) ညအချိန်က ချင်း​​​ပြည်နယ်၊ ဟားခါးမြို့အခြေစိုက် The Chinland Post သတင်းဌာနမှ အယ်ဒီတာချုပ်ကို ဖမ်းဆီးရန် ၎င်း၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ မတွေ့ရှိသဖြင့် ၎င်း၏ ယောက်ဖဖြစ်သူအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသည် အကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးခြင်း နည်းနာ တစ်ခုဖြစ်လာနေပြီး ယနေ့ (ဧပြီ ၃၀) ထိ AAPP မှ ကောက်ခံရရှိသော မှတ်တမ်းများအရ စုစုပေါင်း ၄၉ ဦး ထက်မနည်းမှာ ဓားစာခံ အဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသည် ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး အကြမ်းဖက် လုပ်ရပ်ဖြစ်ကြောင်းလည်း သက်သေပြလျက်ရှိသည်။
သတင်းမီဒီယာဥပဒေ အခန်း (၃)၊ အပိုဒ် (၄-ဂ) ၌ “နိုင်ငံသားတစ်ဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့်ရှိသည်” ဟု ဖော်ပြထားပြီး အပိုဒ် ၇(က) ၌လည်း “လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီး ထိန်းသိမ်းခြင်းမှ ကင်းလွတ်စေရမည်” ဟု ဖော်ပြထားသည်။ သို့သော်လည်း အာဏာသိမ်း စစ်အုပ်စုသည် တရားဥပဒေကို လျစ်လျူရှု၍ ဥပဒေကို ကျော်လွန်ပြီး တရားမဲ့လုပ်ရပ်များကို ကျူးလွန်လျက်ရှိသောကြောင့် မြန်မာနိုင်ငံ တွင်း တရားဥပဒေ ဆိုသည်မှာ ၎င်းတို့လိုသလို အသုံးပြုနိုင်သည့် မတရား ဥပဒေဖြစ်လာနေပြီဖြစ်သည်။
တိုင်းရင်းသားဒေသများတွင် တပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ကချင်ပြည်နယ်၊ မိုးမောက် မြို့နယ်တွင် ဧပြီလ ၁ဝ ရက်နေ့ကတည်းက စစ်တပ် နှင့် KIA ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ဧပြီလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး ကျဆုံးသွားခဲ့ကာ အမျိုးသမီး တစ်ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဒေသခံ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ထို့ပြင် အကြမ်းဖက် စစ်အုပ်စု၏ လေတပ်က သုံးရက် ဆက်တိုက် ဗုံးကြဲခဲ့သည့်အတွက် ဧပြီလ ၂၈ ရက်နေ့တွင် ဒေသခံရွာသား ၂၀၀ဝ ကျော်မှာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြရသည်ဟု သိရှိရသည်။ ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်ပြုထားသော်လည်း သစ်တောကြိုးဝိုင်းအတွင်း အမိုးအကာမရှိဘဲ နေထိုင်ကြရသည်ဟု သိရှိရသည်။ ကရင်ပြည်နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် သောင်းနှင့်ချီသည့် ပြည်သူများသည် စစ်ဘေးရှောင်နေကြရပြီဖြစ်သည်။
နှစ်ပေါင်း ၇ဝ ကျော်ကြာဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များ ချုပ်ငြိမ်းရေး လမ်းစဖြစ်သည့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်နေချိန်တွင် အကြမ်းဖက် စစ်အုပ်စု၏ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်တွင်းစစ်များ တဖန်ပြန်လည်၍ ဖြစ်ပွားလာခဲ့ပြီး ဒေသခံဌာနေတိုင်းရင်းသားများမှာ ထပ်မံ၍ ထိခိုက်၊ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေးဦဂတော်လှန်ရေးအတွင်းကျဆုံးသူများစာရင်း Fatality List for April 30, 2021 (Bur) (Updated)
မတရားဖမ်းဆီးခံထားရသူများစာရင်း Under Detention List_Burmese (30-Apr-2021)
ပြန်လည်လွတ်မြောက်သူများစာရင်းRelease Lists_English (30-Apr-2021)