စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များက ကျဆုံးသွား ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၅၈) ဦးရှိခဲ့ပြီး ယနေ့တွင် အပြစ်မဲ့ ပြည်သူ (၁) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၅၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၄၆၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၇၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၂၉) တွင် မြန်မာပြည်တဝှမ်းရှိ ပြည်သူများသည် စစ်အုပ်စု၏ ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်း၊ ဖိနှိပ်မှုများကြား မှ သပိတ်ပုံသဏ္ဍန်အမျိုးမျိုးဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းတွင် အိမ်စီးကားတစ်စီးအတွင်းမှ သေနတ်များကိုင်ဆောင်ထားသော အရပ်ဝတ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့ ပင်မသပိတ်စစ်ကြောင်းကို ဝင်ရောက် ဖြိုခွဲခဲ့ပြီး ခြိမ်းခြောက်၊ ဆဲဆိုကြိမ်းမောင်းကာ အမျိုးသမီး တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။ ထိုကဲ့သို့ အိမ်စီးကားများဖြင့် တရားလက်လွတ် ဖမ်းဆီးခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်လို၍ ဖြစ်သည့်အပြင် ပြည်သူအချင်းချင်းကြား သတင်းပေးပို့ ဆက်သွယ်၍ မရတော့ဘဲ အလွယ်တကူ ဖမ်းဆီးနိုင်၍ ဖြစ်သည်။ ထို့ပြင် ယမန်နေ့ (ဧပြီ ၂၈) ညပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ညသပိတ်ပြုလုပ်ခဲ့သူများအနက် ပြည်သူ တစ်ဦး၏ ပေါင်ကို ကျည်ထိမှန်ခဲ့သည်ဟု သိရှိရသည်။
အာဏာသိမ်း စစ်အုပ်စုသည် တရားလက်လွတ် ပစ်ခတ် သတ်ဖြတ်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိသည်။ ယမန်နေ့ (ဧပြီ ၂၈) ညအချိန်တွင် မန္တလေးမြို့၊ ဈေးချိုနာရီစင်အနီး (၈၄)လမ်းပေါ်၌ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရန် ဟန့်တားစဉ် ​မောင်း​ပြေးသည်ဟု ဆိုကာ ပစ်ခတ်ခဲ့၍ လူငယ် တစ်ဦးသည် ဝမ်းဗိုက်ပေါက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ယမန်နေ့ ညအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာ စက်ကလေးတဲ၌ ရွာအတွင်းအထိ အကြမ်းဖက် ဝင်ရောက် ပစ်ခတ်ခဲ့မှုကြောင့် ဗိုက်ပွင့်ဒဏ်ရာ၊ လက်မောင်းဒဏ်ရာ ရရှိခဲ့သော ဒေသခံ တစ်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့သည်။ ယမန်နေ့ ညကတည်းက စစ်အုပ်စုက ထိုကျဆုံးသူ ဒေသခံအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီး၊ ခေါ်ဆောင်သွားခဲ့သည်။
အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများသည် တနေ့ထက်တနေ့ အတားအဆီးမရှိ ပို၍ ရမ်းကား ဆိုးသွမ်း လာသည်ကို တွေ့ရှိရပြီး ပြည်သူများကို ရန်သူများသဖွယ် ပြုမူနေသည်ကို တွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ယမန်နေ့ည ၁ဝ နာရီကျော်အချိန်တိုင် မီးပိတ်ခြင်းမရှိသည့် တိုက်ခန်း တစ်ခန်းကို လေးခွများ၊ ခဲများဖြင့် ပစ်​ပေါက်၍ ရမ်းကား ဖျက်ဆီးသွားခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် တရားဥပဒေစိုးမိုးရေးကင်းမဲ့သည့် လုပ်ရပ်များကို အတိုင်းအစမရှိ ကျူးလွန်လျက်ရှိသောကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝမှာ ခြိမ်းခြောက်ခြင်းခံနေရ သည်။ ယမန်နေ့က စစ်တပ်၊ ရဲ၊ အရပ်ဝတ် အင်အား ၅ဝ ခန့်မှ ၅၀၅ (က) ဖြင့် ဝရမ်းတပ်ခြင်းခံထားရသော ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇင်မောင်ဖြိုး၏ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ နေအိမ်သို့ ညတွင်းချင်း ဝင်ရောက်ပြီး အိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီး၍ အိမ်ရှိပစ္စည်းများကို အကုန်ရိုက်ချိုးဖျက်ဆီးခဲ့ကာ ခြံစာချုပ်၊ လယ်စာချုပ်အပါအဝင် စာရွက်စာတမ်းများပါမကျန် ယူဆောင်သွားသည်ဟု သိရှိရသည်။
၎င်းပြင် ဖမ်းဆီးသွားချိန်၌ ဝန်ခံစေရန်အတွက်သော်လည်းကောင်း၊ အငြိုးထား၍သော်လည်းကောင်း ပြင်းထန်စွာ ညှဉ်းပန်း နှိပ်စက်ခြင်းကို အကြမ်းဖက် စစ်အုပ်စုမှ ကျင့်သုံးလာခဲ့ပြီးဖြစ်သည်။ ဖမ်းဆီးခြင်းခံခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ ကျေးရွာ တစ်ရွာမှ ရွာသား နှစ်ဦးကို ဧပြီလ ၂ရ ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီးနောက် နောက်တစ်ရက်တွင် ရွာသား တစ်ဦး၏ ရုပ်အလောင်းကို လာရောက် ထုတ်ယူရန် အကြောင်းကြားခဲ့သည်ဟု သိရှိရသည်။ အဆိုပါ ကျဆုံး ရွာသား၏ ရုပ်အလောင်း၌ နှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရသည်ဟု သိရှိရသည်။ စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးနိုင်သမျှကာလပတ်လုံး ပြည်သူများ၏ လုံခြုံခွင့် နှင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန် နေထိုင်ခွင့်တို့မှာ ဆက်လက် ကျရှုံးနေဦးမည် ဖြစ်သည်။
အာဏာသိမ်း စစ်အုပ်စုသည် သပိတ်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ပုဒ်မများစွာဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည်။ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မ ခုနှစ်ခုဖြင့် တရားစွဲဆိုခြင်းခံထားရပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ အပါအဝင် ပုဒ်မ သုံးခုဖြင့်လည်း ထပ်မံ၍ တရားစွဲဆိုခြင်းခံရမည်ဟု သိရှိရသည်။ အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်သူများအား စိတ်ထင်တိုင်း ပုဒ်မ မျိုးစုံ တပ်၍ ထောင်တွင်း နှစ်ရှည်လများကြာအောင် ချုပ်နှောင်ရန် ကြိုးစားသည့် လုပ်ရပ်များသည် စစ်အာဏာရှင် အဆက်ဆက်၌ ကျင့်သုံးလေ့ရှိသည့် နည်းလမ်းတစ်ခုဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နွေးဦးတော်လှန်ရေးကျဆုံးသူရဲကောင်းများစာရင်း ဒေါင်းလော့ယူရန်Fatality List for April 29, 2021 (Bur)
မတရားဖမ်းဆီးခံထားရသူများစာရင်း ဒေါင်းလော့ယူရန်Under Detention List_Burmese (29-Apr-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်းဒေါင်းလော့ရယူရန်Release Lists_English (29-Apr-2021)