စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂ရ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၁) ဦးနှင့် ယမန်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ အပြစ်မဲ့ ပြည်သူ (၁) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါ သည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၅၄) ဦးရှိခဲ့ပြီး ယနေ့တွင် အပြစ်မဲ့ ပြည်သူ (၁) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၅၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂ရ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၄၄၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၀၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အကြမ်းဖက် စစ်အုပ်စု၏ ပစ်ခတ် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အဖျက်အမှောင့် လုပ်ရပ်များကို အံတု၍ ယနေ့ (ဧပြီ ၂၇) တွင် မြန်မာပြည်အနှံ့အပြား၌ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် တော်လှန်ခဲ့ကြသည်။ ဖိနှိပ်မှုများ ဆက်တိုက်ပြင်းထန်လျက်ရှိသည့် ရန်ကုန်မြို့၌လည်း ယနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများကို နေရာအနှံ့၌ အင်တိုက်အားတိုက် ပြုလုပ်ခဲ့ကြသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မှ အာဆီယံထိပ်သီးအစည်းအဝေး၌ အကြမ်းဖက်မှုများကို ရပ်တန့်ရန် သဘောတူခဲ့သည်မှာ ရက်ပိုင်းမျှသာရှိသေးသော်လည်း လက်တွေ့မှာမူ ထိုကဲ့သို့ မဟုတ်ဘဲ နေ့စဉ်နှင့်အမျှ အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသည်။ ယနေ့ (ဧပြီ ၂၇) တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ပြည်သူများပြုလုပ် ထားသည့် လုံခြုံရေးစည်းများကို ဖြိုခွဲစဉ်၌ စစ်မြေပြင်သဖွယ် ကျည်အစစ်သုံးကာ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား တစ်ဦး ကျဆုံးသွားခဲ့ပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ယမန်နေ့ (ဧပြီ ၂၆) ညနေ နှင့် ညအချိန်၌ လည်း မန္တလေးမြို့တွင် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး ကျဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
စစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း သတင်းမီဒီယာများကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လာလျက်ရှိပြီး သတင်းအမှောင်ချရန် အပြင်းအထန် ကြိုးပမ်းလာလျက်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် မန္တလေးအခြေစိုက် Voice of Myanmar (VOM) အယ်ဒီတာချုပ် နှင့် သတင်းထောက်တို့အား ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ ညအချိန်တွင်လည်း ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနမှ ဝန်ထမ်းဟောင်းတစ်ဦးကို ဖမ်းဆီး၍ စစ်ကြောရေးသို့ ပို့ထားသည်ဟု ကြားသိရသည်။ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) အရ သတင်းအချက်အလက်နှင့် အအတွေးအခေါ်အယူအဆများကို သတင်းမီဒီယာတစ်ရပ်ရပ်မှတဆင့် နယ်နိမိတ် အပိုင်းအခြား မရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန်ချိခွင့် တို့ရှိရမည်ဖြစ်သည်။ သို့သော်လည်း အာဏာသိမ်း စစ်အုပ်စုမှ ပြည်သူများ နှင့် သတင်းသမားများကြား သတင်းစီးဆင်းခွင့်ကို ဖြတ်တောက်ထားခြင်းအားဖြင့် သတင်းမှန်ရရှိမှု နှောင့်နှေးသွားစေသည့် အပြင် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ပြည်တွင်း၌သာမက နိုင်ငံတကာ၌လည်း ဖုံးကွယ်ထားနိုင်၍ သတင်းသမား များကို အမျိုးမျိုး ဖိနှိပ်နေခြင်း ဖြစ်သည်။
စစ်အုပ်စုသည် လုယက်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်လာလျက်ရှိသည်သာမက ပြန်ပေးဆွဲသကဲ့သို့ ငွေကြေးပေး မှသာ ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ ဝင်းကုန်းကျေးရွာမှ ရွာသားများသည် ဖမ်းဆီးခြင်းခံထားရသည့် ရွာသားတချို့ လွတ်မြောက်ရန်အတွက် စစ်အုပ်စု ၏ လက်နက်ကိုင်များ တောင်းခံသည့် ငွေကြေးကို ပေးခဲ့သဖြင့် အဆိုပါ ရွာသားများမှာ ဧပြီလ ၂၄ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်ဟု သိရှိရသည်။
ယနေ့ (ဧပြီ ၂၇) တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သပိတ်ခေါင်းဆောင် တစ်ဦး၏ အိမ်ကို ဝင်ရောက်ရှာဖွေ၍ အိမ်တွင်းရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု သိရှိရသည်။ ယမန်နေ့ညအချိန်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာ တစ်ရွာ၌ တံငါလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသား တစ်ဦးကို နားရင်းရိုက်၍ စစ်ဆေးခဲ့ကာ နာရီဟောင်း တစ်လုံး နှင့် ငွေ တစ်ထောင်ကျပ်ကို သိမ်းယူသွားခဲ့သည်ဟု သိရှိရသည်။
ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ နာရေးကူညီမှုအသင်းတွင် လုပ်ကိုင်နေသူ တစ်ဦး၏ အိမ်ကို ဖျက်ဆီးပြီး စုဆောင်းထားသည့် ခေတ်ဟောင်း ပိုက်ဆံများ၊ ရှေးဟောင်းပစ္စည်းများ နှင့် အသုံးအဆောင်များကို ယူဆောင်သွားသည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စု၏ အမျိုးမျိုးသော အကြမ်းဖက်မှုများကြောင့် ပြည်သူများမှာ စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ဖြစ်ပေါ်လျက်ရှိပြီး နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်ဆိုင်နေကြရသည့်အပြင် အခြေခံ လူ့အခွင့်အရေးများပင်လျှင် ဆုံးရှုံးနေကြရသည်။ ထို့ကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တို့အတွက် ဆောင်ရွက်ရန်မှာ စေ့စပ် ညှိနှိုင်းပေးရေးမဟုတ်ဘဲ အာဏာရှင်စနစ် အမြစ်ပြတ်ရေးသာ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for April 27, 2021 (Burmese) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း Under Detention List_Burmese (27-Apr-2021)
ပြန်လည်လွတ်မြောက်စာရင်းRelease Lists_Burmese (27-Apr-2021)