စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့များက ကျဆုံးသွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၅၃) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့် အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၅၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၄၄၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၁၇၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၂၆) တွင် အာဏာသိမ်းမှု ၈၅ ရက်တိုင် ရှိလာခဲ့ပြီဖြစ်ပြီး ထိုကာလအတောအတွင်း ကလေးများ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ခုနှစ်ရာကျော်မှာ ကျဆုံးသွားခဲ့ပြီးဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိ၍ မသန်စွမ်းဖြစ်သွားရသူများလည်း ရှိလာ ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသူ အရေအတွက်သည်လည်း အလွန်အမင်း မြင့်တက်လျက်ရှိပြီး ၎င်းတို့ ထိန်းသိမ်း ချုပ်နှောင်ခံထားရစဉ်အတွင်း အခြေအနေမှန်ကို သိရှိရခြင်း မရှိခြင်းကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်သည်။
ထို့ပြင် မြန်မာပြည်အနှံ့အပြား၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက် ပြုလုပ်လျက်ရှိသည်။
ယမန်နေ့ (ဧပြီ ၂၅) တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ပြည်သူ ခြောက်ဦးကို ရိုက်နှက်ဖမ်းဆီးသွား၍ လွှတ်ပေးရန် တောင်းဆို ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူများဘက်မှလည်း ထိခိုက် ကျဆုံးမှုရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီးများကို ရက်စက်စွာ ဖိနှိပ်လာခဲ့ပြီးဖြစ်ရာ ယခုအခါ လိင်ဝိသေသ ကွဲပြားသူများ ကိုပါ ဖိနှိပ်လာလျက်ရှိသည်ကို ကြားသိနေရသည်။ ဧပြီလ ၂၄ ရက်နေ့ ညအချိန်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲထားသည့် အမျိုးသမီးကဲ့သို့ ဝတ်စားနေထိုင်သူ တစ်ဦးကို ဖမ်းဆီးစဉ် အမျိုးသားဝတ် “ပုဆိုး”ကို အတင်းအကြပ်ဝတ်ခိုင်းပြီး လှောင်ပြောင်ခဲ့ကြသည်ဟု ကြားသိနေရပြီး အတည်ပြုချက်ရရှိရန် ကြိုးစားဆဲ ဖြစ်သည်။ လိင်ခံယူချက်ကွဲပြားခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် တခြားသူ တစ်ဦး၏ အခွင့်အရေး နှင့် ဖြစ်တည်မှုကို လေးစား အသိအမှတ်ပြုရမည်ဖြစ်သည်။ သို့သော်လည်း ယခု အာဏာသိမ်းမှုကာလ အတွင်းတွင် အကြမ်းဖက် စစ်အုပ်စု၏ ဆိုးရွား ရက်စက်သော လုပ်ရပ်များကြောင့် ဖမ်းဆီးခြင်း ခံထားရသည့် လိင်ဝိသေသ ကွဲပြားသူများသည် အခြားသူများထက် ပို၍ ခွဲခြားဆက်ဆံခြင်းခံရမည်ကို စိုးရိမ်ရပါသည်။
အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ပြန်လည် ခုခံကြသော ကျေးလက်ဒေသများကို နှိမ်နှင်းလျက်ရှိ၍ ဒေသခံများမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ဝ ခန့်မှ ထောင်နှင့်ချီသော ပြည်သူများသည် အကြမ်းဖက် စစ်အုပ်စု၏ လက်လွတ်စပယ် ဖမ်းဆီးမှုများ၊ အင်အား အလွန်အကျွံအသုံးပြု၍ နှိမ်နင်းမှုများ နှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် ရွာထိပ်များ၌ တပ်စွဲ၍ ရွာအတွင်းသို့ ဝင်ရောက် ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်နေမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်းမာရေး မကောင်းသူ တချို့မှာ ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးသွားသည်ဟု သိရှိရသည်။
ယနေ့ မြန်မာနိုင်ငံသည် အကြပ်အတည်းကာလသို့ ကျရောက်လျက်ရှိပြီဖြစ်သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများကိုမူ ထိထိရောက်ရောက်ပြုလုပ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။ အကြမ်းဖက် စစ်အုပ်စုမှလည်း ၎င်းတို့ အာဏာထိန်းနိုင်ရေးအတွက် ဖိနှိပ်မှုအမျိုးမျိုးဖြင့် လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ မည်သို့ပင်ပြုလုပ်စေကာမူ အာဏာရှင်စနစ် ကြီးစိုးနေသမျှကာလပတ်လုံး ဒီမိုကရေစီစနစ် ရှင်သန်လာနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ စစ်အာဏာရှင် ကျရှုံးရေးကိုသာ အဓိကထား လုပ်ဆောင်ရမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for April 26, 2021 (Burmese) (1)
မတရားဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းUnder Detention List_Burmese (26-Apr-2021)
ပြန်လည်လွတ်မြောက်သူများစာရင်းRelease Lists_Burmese (26-Apr-2021)