စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်
ယနေ့ (ဧပြီ ၂၄) တွင် အကြမ်းဖက် စစ်ခေါင်းဆောင်သည် အာဆီယံအစည်းအဝေးကို တက်ရောက်၍ ၎င်းတို့ တရားဝင်မှုရှိစေရန် ခုခံကာကွယ် ပြောကြားနေချိန်တွင် ပြည်တွင်း၌မူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ပစ်ခတ်၊ ဖြိုခွင်းမှုများ၊ ပစ်သတ်မှုများကို ဆက်လက် ကျူးလွန်ခဲ့သည်။ ယနေ့ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးမှ ထွက်ပေါ်လာသော အချက် ငါးချက်ပါသည့် ဘုံသဘောတူညီချက်၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့်ပတ်သက်၍ ထည့်သွင်းထားခြင်းမရှိသည်ကို တွေ့ရှိရသည်။ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပချိန်၌ပင်လျှင် ပစ်ခတ် ဖြိုခွင်းမှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ တစ်ဦး ကျဆုံးသွားခဲ့ပြီး ယခုရက်သတ္တပတ် အတွင်း၌လည်း အကြမ်းဖက် စစ်အုပ်စုမှ အလွန် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ကျူးလွန်ခဲ့သည်။ တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူများအပေါ် အကြမ်းဖက်မှုများအား ရပ်တန့်ခြင်းမရှိလျှင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံမှ မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့မှ အပြစ်မဲ့ ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၄၇) ဦးရှိခဲ့ပြီး ယနေ့တွင် အပြစ်မဲ့ ပြည်သူ (၁) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၄၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၃၈၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၁၃၈) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့တွင် နေပြည်တော်၊ ပျဉ်းမနားဆိုင်ကယ်သပိတ်စစ်ကြောင်းကို လိုက်လံဖြိုခွင်းခဲ့ခြင်းကြောင့် လူငယ် တစ်ဦး ကျဆုံး သွားခဲ့သည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၌ အကြမ်းဖက် စစ်အုပ်စု၏ အရပ်ဝတ်လက်နက်ကိုင်များက ပြည်သူများထံမှ သိမ်းယူထားသော မော်တော်ဆိုင်ကယ်များစီးနင်းပြီး လိုက်လံ လိုက်လံပစ်ခတ်ခြင်းကြောင့် လူငယ် တစ်ဦးသည် ဝမ်းဗိုက်ကို ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ထိုပြင် မန္တလေးမြို့၌ပင် တာရာများကို မီးရှို့သည့် လူငယ် တစ်ဦးကို သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ပြီး မလှုပ်နိုင်တော့သည့်အချိန်၌ ကားပေါ်ဆွဲတင်သွားခဲ့သည်။ ၎င်းပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့၌လည်း လူငယ်များ၏ ဆိုင်ကယ် သပိတ်ကို ရဲ နှင့် စစ်ကားတချို့မှ လိုက်လံဖမ်းဆီးခဲ့သည် ဟု သိရှိရသည်။
ယမန်နေ့ (ဧပြီ ၂၃) ညအချိန်ကမူ မွန်ပြည်နယ်၊ သထုံမြို့တွင် အမျိုးသား နှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားခဲ့သည်။ ထို့ပြင် ယမန်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့အနီးရှိ သပြေအေးကျေးရွာ၌ ဖမ်းဆီးရန် လူလာရှာစဉ် အကြောင်းမဲ့ပစ်ခတ်သွားခြင်းကြောင့် ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရှိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့တွင်မူ ယမန်နေ့ နေ့လည်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကို ဖမ်းဆီး သွားရာမှ လူထုနှင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
ညှဉ်းပန်းနှိပ်စက်ခြင်းသည် အကြမ်းဖက် စစ်အုပ်စု၏ အမှတ်အသားတစ်ခုသဖွယ် ဖြစ်လာခဲ့ပြီး ပြည်သူများကို နေ့စဉ် ရက်ဆက်ဆိုသလို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းလျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသော လူငယ် သုံးဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်အုပ်စုမှ လာရောက် ပို့ဆောင်ရာ ရုပ်အလောင်း၌ နှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာတချို့ကို တွေ့ရှိရသည်ဟု သိရှိရသည်။ ဖမ်းဆီးထားချိန် နှင့် ဖမ်းဆီး ပြီးနောက် ပြည်သူများကို ရန်သူများသဖွယ် ဆက်ဆံကာ အငြိုးထား၍ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကျဆုံးသွားသူများ လည်း တစ်စ တစ်စ များလာပြီးဖြစ်သည်။ ထို့ကြောင့် လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့် နှင့် လုံခြုံခွင့် ဆိုသည့် အခြေခံ လူ့အခွင့်အရေးများသည် စစ်အာဏာရှင်တို့၏ အာဏာ နှင့် အကျိုးစီးပွား မက်မောမှုတို့ကြောင့် ပျက်သုဉ်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများသည် ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ဓားပြများသဖွယ် လုယက်လျက်ရှိသည်။ ဧပြီလ ၂၂ ရက်နေ့ ညအချိန်က မန္တ‌လေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်၍ တူဝရီး နှစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၇ဝ ကို ယူဆောင်သွားကာ ထိုကိစ္စကို လူမူကွန်ရက်ပေါ် တင်သည့်သူအား ပစ်သတ်မည်ဟု ခြိမ်းခြောက်သွားကြောင်း သိရှိရသည်။ ဧပြီလ ၂၃ ရက်နေ့ ညနေကလည်း မန္တလေးမြို့ရှိ မီးသတ်နှင့် ကာကွယ်ရေးပစ္စည်း အရောင်းဆိုင်အား ဝင်ရောက်၍ ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့သည်ဟု သိရှိရသည်။ စစ်အုပ်စု ၏ တပ်ဖွဲ့ဝင်များသည် သေနတ်များအပြင် ဓားရှည်များပါ သိုင်းလွယ်ထားသည်ဟု သိရှိရသည်။
အာဏာသိမ်းမှု ရက်ကြာလာသည်နှင့်အမျှ အကြမ်းဖက် စစ်အုပ်စု၏ ခိုး၊ဆိုး၊လုယက်၊ဖျက်ဆီးမှုများ နှင့် သတ်ဖြတ်မှုများ သည် ပို၍ ပြင်းထန် ဆိုးရွားလာခဲ့ပြီးဖြစ်သည်။ ထို့ပြင် ပြည်တွင်းရေး အခြေအနေတည်ငြိမ်ခြင်းမရှိသောကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံကဏ္ဍများသည် ယိုင်နဲ့လျက်ရှိသည်။ ပြည်သူများမှာ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာဖြင့် အမြန်ဆုံးအရေးယူနိုင်ရေးအတွက် တောင်းဆိုလျက်ရှိသော်လည်း လျစ်လျူရှုခံနေရဆဲဖြစ်၍ ပြည်တွင်းရေးအခြေအနေများမှာ အလွန် ဆိုးရွားသော အခြေအနေအောက်၌ ကျရောက်နေပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ယူရန်Fatality List for April 24, 2021 (Burmese)
မတရားဖမ်းဆီးခံရသူများစာရင်းဒေါင်းလော့ရယူရန် Under Detention List_Burmese (24-Apr-2021)
ပြန်လည်လွတ်မြောက်သူများစာရင်းဒေါင်းရန်Release Lists_Burmese (24-Apr-2021)