စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၇၃၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများ နေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၃၇၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၀၉၉) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၂၂) တွင် မြန်မာပြည်တဝှမ်းရှိ ပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ပင်မသပိတ်စစ်ကြောင်းများကို လူစု၍မရအောင် ပစ်ခတ် ဖြိုခွဲခဲ့ပြီး မြင်းခြံမြို့အတွင်း၌ လုံခြုံရေး အင်အားအများအပြားဖြင့် လိုက်လံဖမ်းဆီးမှုများရှိသည်ဟု သိရှိရသည်။ ယမန်နေ့ (ဧပြီ ၂၁) ညအချိန်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး နှင့် အမျိုးသား တစ်ဦးတို့ ကျည်သင့် ဒဏ်ရာရရှိခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံအထူးအစည်းအဝေး ကျင်းပမည်ဖြစ်သောကြောင့် ယခု ရက်ပိုင်းအတွင်း ဖြိုခွင်းမှုများ လျော့ကျသွားခြင်းဖြစ်သည်ဟု ယူဆရသော်လည်း အခြားတစ်ဘက်တွင် အကြမ်းဖက် စစ်အုပ်စုသည် အင်တာနက်များ ဖြတ်တောက်ထားပြီး သတင်းစီးဆင်းမှုမရှိသည့် နယ်ဒေသများရှိ ကျေးရွာများကို ပစ်မှတ်ထား၍ အပြင်းအထန် ဖြိုခွင်း လာသည်ကို တွေ့ရှိလာရသည်။
အကြမ်းဖက် စစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးများကို ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့ရာ နိုင်ငံရေး ပါတီဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ လူငယ်များ နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်သူများကို အဓိက ထား၍ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ထို့ပြင် ၎င်းတို့ကို ဆန့်ကျင်သည့် နယ်ပယ်အသီးသီးမှ မည်သူကိုမဆို ဖမ်းဝရမ်းထုတ်ထားခြင်းကြောင့် ဝရမ်းထုတ်ထားသည့် ဦးရေသည် မြင့်တက်လာ လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်နေသည့် ရေနံမြေဝန်ထမ်း တစ်ထောင်ကျော် ကို ယနေ့ (ဧပြီ ၂၂) နောက်ဆုံးထား၍ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ရန် နှင့် မဝင်ရောက်လျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်လျက်ရှိခြင်း၊ CDM ၌ ပါဝင်သော ဆရာဝန် လေးဦးမှ ဆေးကုသပေးနေသည်ဟု ဆိုကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ စိန်သစ္စာနှင့် စွမ်း​မေတ္တာပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း နှစ်ခုကို လိုင်စင် ပိတ်သိမ်းပြီး ဆရာဝန်များကို တရားစွဲဆိုမည်ဟု အာဏာသိမ်းစစ်အုပ်စုမှ ထိန်းချုပ်ထားသော မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (MRTV) မှ ​ကြေညာခဲ့ခြင်း၊ ၎င်းပြင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် CDM ၌ ပါဝင်သည့် ကျောင်းဆရာမ နှစ်ဦးကို ဧပြီလ ၂ဝ ရက်နေ့ ည နှင့် ယမန်နေ့ ညအချိန်က ဖမ်းဆီးသွားခဲ့ခြင်း စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများဖြင့် ပြည်သူ့ဝန်ထမ်းများကို ခြိမ်းခြောက်လျက်ရှိပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်လာစေရန် လုပ်ဆောင်လာလျက်ရှိ သည်။ ယခုအခါ ဌာနပေါင်းစုံမှ ဝန်ထမ်းအမြောက်အများကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများကို စစ်အုပ်စုမှ ပိုမို လုပ်ဆောင်လာခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုသည် ရဟန်းသံဃာများပါမကျန် ဖမ်းဆီးမှုများကို ပြုလုပ်လာလျက်ရှိသည်။ မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့တွင် ရေပူကျောင်းတိုက်မှ ဆရာတော် ဦးရေဝတ (ယခင် ဗကသ ဥက္ကဋ္ဌဟောင်း ကိုရဲရင့်ပိုင်မှူး) ကို ယမန်နေ့ ညနေက ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုသည် ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးကာလ၌ လည်း ရဟန်းသံဃာအများအပြားကို ရိုက်နှက် ဖမ်းဆီးမှုများအား ကျူးလွန်ခဲ့ကြပြီးဖြစ်၍ ယခုတဖန် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အလားတူသော လုပ်ရပ်မျိုးကို ကျူးလွန်လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သတင်းသမားများကိုလည်း နည်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီး၊ တရားစွဲဆိုလျက်ရှိရာ ဧပြီလ ၂ဝ ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ အလွတ်တန်းသတင်းထောက် တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ မုံရွာဂေဇက်၏ အွန်လိုင်းသတင်းတင်ဆက်မှုများကို ဧပြီလ ၂၁ ရက်နေ့မှစတင်၍ ရပ်နားပြီဟု မုံရွာဂေဇက်က အွန်လိုင်း စာမျက်နှာ မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရန်အတွက် သတင်းစီးဆင်းမှုကို နည်းအမျိုးမျိုးဖြင့် ဖြတ်တောက်ခဲ့ပြီးဖြစ်သော်လည်း သတင်းဌာနများသည် ပြည်သူများ သတင်းမှန် ရရှိရေးအတွက် နည်းလမ်းသစ်များရှာဖွေကာ ဘက်ပေါင်းစုံမှ ကြိုးစား ဖြန့်ချိလျက်ရှိသည်။
ပစ်ခတ်မှုများအနေဖြင့် ယမန်နေ့ ညအချိန်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ခြေမြန်တပ်ရင်း (၃) မှ ၎င်းတို့ တပ်ရင်းရှေ့က ဖြတ်သန်းသွားသော ဆီ​ဘောက်ဆာယာဉ်ကြီး သုံးစီးကို လိုက်လံပစ်ခတ်ခဲ့၍ ယာဉ်မောင်း တစ်ဦး ကျဆုံး သွားခဲ့သည်ဟု သိရှိရသည်။ မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်များတွင် စစ်တပ်နှင့်ရဲများက ညနေ ၆ နာရီ​ကျော်လျှင် ၎င်းတို့ စခန်း​ရှေ့မှ ဖြတ်သန်းသွားသည့် ပြည်သူများကို အ​ကြောင်းမဲ့ ပစ်ခတ်မှုများ လုပ်​ဆောင်​နေသဖြင့် အပြစ်မဲ့ ပြည်သူများမှာ မကြာခဏ ဆိုသလို ထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ​သေဆုံးမှုများ ဖြစ်​ပေါ်​နေ​ကြောင်း သိရှိရသည်။
အာဏာသိမ်းမှု သုံးလနီးပါးရှိလာသည့်တိုင် ပြည်သူများသည် စစ်အာဏာရှင်၏ ရက်စက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရ ပြီးဖြစ်သည်။ အာဏာရှင်စနစ်ကြီးထွားလာသည်နှင့်အမျှ ဒီမိုကရေစီစနစ်သည် ပျက်သုဉ်းပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနစ် ပြန်လည် ရှင်သန်ပြီး လူ့အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားစေရန် ဦးစွာ ကြိုးပမ်းရမည်ဖြစ်သည်။ ထိုကဲ့သို့ ကြိုးပမ်းရာတွင် ပြည်တွင်း အင်အား သာမက ပြည်ပမှ ထိရောက်သော အရေးယူ ဆောင်ရွက်မှု၊ ကူညီထောက်ပံ့မှုများသည်လည်း အလွန်အမင်း အရေးပါသည် ဟု သုံးသပ်ရပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for April 22, 2021 (Burmese)
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းUnder Detention List_Burmese (22-Apr-2021)
ပြန်လည်လွတ်မြောက်လာသူများစာရင်း Release Lists_Burmese (22-Apr-2021)
ဝရမ်းထုတ်ခံထားရသူများစာရင်း Warrant Lists_Burmese (22-Apr-2021)