စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၇၃၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၃၀၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၀၂၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၂၀) တွင် မြန်မာပြည်တဝှမ်း၌ သပိတ်ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ ယနေ့တွင် ပစ်ခတ် ဖြိုခွင်းမှုများ အနည်းငယ်လျော့ကျသွားသော်လည်း ယနေ့ နံနက်ပိုင်း တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နာနတ်တောရပ်ကွက် သပိတ်သည် ဖြိုခွင်းခြင်းခံခဲ့ရပြီး ရပ်ကွက်နေအိမ်အထိ လိုက်လံ ဖြိုခွင်းခဲ့သည်ဟု သိရှိရသည်။ ဒေသအတော်များများတွင် အကြမ်းဖက် ဖမ်းဆီးမှု အများအပြားရှိကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ပစ်ခတ် ဖြိုခွင်းမှုများ ဖြစ်ပွားချိန်၌ ပေါင်ကို ကျည်ထိမှန်သွားသည့် ပြည်သူ တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်းတွင် ၎င်း၏ ရုပ်အလောင်းကို လာရောက် ထုတ်ယူရန် အကြောင်းကြားလာကြောင်း သိရှိရသည်။ ဒဏ်ရာဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသူအများအပြားမှာ ဆိုးရွားစွာ ပြုမူ ဆက်ဆံခြင်းခံရပြီး ဆေးကုသခွင့်မရကြကြောင်း ကြားသိနေရသည်။ တခြားနိုင်ငံများ၌ စစ်ပွဲ၌ ဖမ်းဆီးခြင်းခံထားရသည့် သုံ့ပန်းကိုပင် ဆေးကုသခံယူခွင့်ပြုခဲ့သည်။ သို့သော်လည်း အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို ရန်သူသဖွယ် ဆက်ဆံသောကြောင့် ဒဏ်ရာရရှိသူများ ဆေးကုသ ခံယူခွင့် ရရှိရန်ဆိုသည်မှာ အလွန်အမင်း နည်းပါးသည့် အခွင့်အရေးဖြစ်သည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာအနီး အမှိုက်ပုံတွင် သေနတ်ပစ်ခြင်း ခံထားရသည်ဟု ယူဆရသည့် ဦးနှောက်ပွင့်ထွက်ဒဏ်ရာ၊ နောက်ကျောနှင့် မျက်နှာတို့ကို ရိုက်နှက်ပြီး ခန္ဓာကိုယ်ကို မီးရှို့ထားသည့် ဒဏ်ရာ များဖြင့် အမည်မသိ အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို အဖြူရောင်ကားတစ်စီးနှင့် စစ်ကားတစ်စီးက ယမန်နေ့ (ဧပြီ ၁၉) နံနက်ပိုင်းတွင် လာရောက် စွန့်ပစ်ခဲ့သည်ဟု သိရှိရသည်။ ကျဆုံးသွားသူ၏ မိသားစုကို ရှာဖွေ၊ စုံစမ်းခြင်းမပြုဘဲ၊ ရုပ်အလောင်းကို ဆေးရုံသို့ မပို့ဘဲ ပစ်စလက်ခတ်စွန့်ပစ်ခြင်းသည် လူသားချင်း စာနာမှုကင်းမဲ့သည့် လုပ်ရပ် ဖြစ်ပြီး လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာကို ထောက်ထားခြင်းမရှိသော လုပ်ရပ်ဖြစ်သည်။
၎င်းပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ နယ်မြေရဲကင်းမှ ဒုရဲအုပ် တစ်ဦးသည် အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့ခြင်းအတွက် ဖမ်းဆီးခြင်းခံခဲ့ရပြီး အပြင်းအထန် ရိုက်နှက်ခြင်းခံခဲ့ရကာ လုံလောက်သည့် ဆေးကုသခွင့်မရသည့်အပြင် ၎င်း၏ ကျောက်ကပ်ရောဂါအတွက်လည်း ဆေးဝါးကုသမှုခံယူရန် လိုအပ်လျက်ရှိသည်ဟု သိရှိရသည်။ ဖမ်းဆီးခြင်းခံထားရသူများကို အငြိုးထား၍ နေ့စဉ်ရက်ဆက် ညှဉ်းပန်းနှိပ်စက်ခြင်းကို လုပ်ရိုးလုပ်စဉ်ကဲ့သို့ ကျူးလွန်လျက်ရှိပြီး ဆေးကုသခံယူခွင့်လည်း မပေးခြင်းကြောင့် ထိန်းသိမ်း ချုပ်နှောင်ထားစဉ်အတွင်း ၎င်းတို့၏ လုံခြုံခွင့် နှင့် အခြားအခွင့်အရေးများ ရရှိရန်မှာ အလွန်အမင်း လိုအပ်လျက်ရှိသည်။
အကြမ်းဖက် စစ်အုပ်စုသည် မြို့ပြဒေသများကို ပစ်မှတ်ထား၍ အပြင်းအထန် ဖိနှပ်၊ ဖြိုခွင်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ကျေးလက်ဒေသများကိုပါ ပစ်မှတ်ထားလာခဲ့ပြီဖြစ်သည်။ စစ်ကိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ တရော်ကျင်း နှင့် သပြေအေးကျေးရွာ၊ ကနီမြို့နယ်အတွင်းရှိ မိုးကောင်း၊ ချောင်းမ၊ ယာကြီး၊ လာပို့၊ ဆယ်ရွာ စသည့် ကျေးရွာများမှ ဒေသခံများသည် ကျေးရွာများအတွင်း ဝင်ရောက် ရှာဖွေ၊ ဖမ်းဆီးမှုများကြောင့် ယာကွင်း၊ လယ်ကွင်းများ အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့ပြင် ရွာအတွင်း ဝင်ရောက် တပ်စွဲထားပြီး အိမ်များကို ဖျက်ဆီး၍ ပစ္စည်းများကို အဓမ္မလုယူနေသည်ဟု သိရှိရသည်။
ယမန်နေ့ ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ မီးလောင်ဖျားကျေးရွာကို စစ်အုပ်စု၏ တပ်ဖွဲ့ဝင် တစ်ရာကျော်မှ တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပြီး အိမ်တချို့ကို ဖျက်ဆီးခဲ့သည့်အပြင် ရွှေထည်ပစ္စည်းများကို အဓမ္မလုယူကာ ရွာသား ၃ဝ ကျော်ကို ဖမ်းဆီးသွားခဲ့၍ ရွာသူ၊ရွာသား အများစုမှာ တိမ်းရှောင်နေကြရသည်။ ၎င်းပြင် ယမန်နေ့ ညနေက မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာတွင် ရွာသားများ ကာရံထားသော အကာအရံများကို မီးရှို့ခဲ့ပြီး ရွာသား တချို့ကို နားရင်းအုပ် ရိုက်နှက်ခဲ့ကာ ရွာသား တစ်ဦး၏ အိမ်ကို ဝင်ရောက်ရှာဖွေ၍ PSI စက်နှင့် အခြားပစ္စည်းများကို ယူဆောင်သွားခဲ့သည်။
အကြမ်းဖက်စစ်အုပ်စု၏ အပြင်းအထန် ဖိနှိပ်မှုများ နှင့် ရက်စက်မှုများကြောင့် ပြည်သူများသည် မည်သည့်နေရာ၌ နေထိုင်သည်ဖြစ်ပစေ လုံခြုံမှုကင်းမဲ့လျက်ရှိပြီဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်ကြမ်းတမ်းမှုများကို တားဆီး နိုင်ခြင်းမရှိပါက ပိုမိုဆိုးရွားလာမည့် အခြေအနေသို့ ကျရောက်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့အရေးကို အာဆီယံနိုင်ငံများမှ ပြည်တွင်းရေးသာဖြစ်သည်ဟု သဘောမထားသင့်ပါ။ မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုများသည် ဒေသတစ်ခုလုံး၏ စီပွားရေး နှင့် နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားများကို ခြိမ်းခြောက်လျက်ရှိသောကြောင့် အာဆီယံ နိုင်ငံများမှ ယခုထက် ပိုမိုပြင်းထန်သော အရေးယူမှုများကို လုပ်ဆောင်ပါရန် အလေးအနက် တိုက်တွန်း အပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူမျာစာရင်းဒေါင်းလော့ရယူရန် Fatality List for April 20, 2021 (Burmese)
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Under Detention List_Burmese (20-Apr-2021)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန်Release Lists_Burmese (20-Apr-2021)