စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယမန်နေ့များက ကျဆုံးသွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှ အပြစ်မဲ့ ပြည်သူ (၆) ဦး နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့မှ အပြစ်မဲ့ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၃၇) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့် အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၃၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူ ရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွား မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၂၂၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၉၃၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၂၀) ဦးမှာ မျက်ကွယ် သေဒဏ်နှင့် (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြု ရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၁၈) တွင် မြန်မာပြည်တဝှမ်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ကြသည်။ ယနေ့တွင် ဖြိုခွင်းမှုများအတန်ငယ် ငြိမ်သက်နေခဲ့သည်။ သို့သော်လည်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဆန္ဒပြ လူငယ်များကို ပစ်ခတ် ဖြိုခွင်းခဲ့ရာ နေအိမ်အတွင်းရှိနေသူကိုပါ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား တစ်ဦး ကျည်ထိမှန်ခဲ့ပြီး စိုးရိမ်ရသော အခြေအနေရှိသည်ဟု သိရှိရသည်။
ယမန်နေ့ (ဧပြီ ၁၇) ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် လာပို့ကျေးရွာအနီးတွင် လုံခြုံရေးအရ ကင်းစောင့်နေ သည့် ဒေသခံ ရွာသားတချို့ကို စစ်တပ်မှ လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသားများက ပြန်လည်ခုခံရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ဒေသခံ နှစ်ဦး ကျဆုံးသွားခဲ့သည်ဟု သိရှိရပြီး သီးခြား အတည်ပြုချက်မရရှိသေးပါ။
ယမန်နေ့ည ၉ နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ သူငယ်ချင်း သုံးယောက်စီးလာသော ဆိုင်ကယ်အား စစ်တပ်မှ ပစ်ခတ်သဖြင့် လူငယ် တစ်ဦးသည် ဦးခေါင်းထိမှန်ပြီး ကျဆုံးသွားခဲ့သည်။ ကျန်သူငယ်ချင်းနှစ်ယောက်အား စစ်တပ်မှ ဖမ်းဆီးသွားခဲ့သည်။
ဖမ်းဆီးမှုများအနေဖြင့် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်အပါအဝင် မြို့နယ်တချို့၌ ပေါက်ကွဲမှု များ ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ ညသန်းခေါင်ယံမှ ယနေ့ နေ့လယ်အထိ ရန်ကင်းမြို့နယ်ရှိ လူနေအိမ်များအတွင်းထိတိုင် ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ပြီး လူငယ်များ၊ အမျိုးသမီးများအပါအဝင် ၃၀ ဦးခန့်ကို ဖမ်းဆီးခဲ့သည့်အပြင် ရိုက်နှက် စစ်ဆေးနေသည်ဟု သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများကို နည်းမျိုးစုံသုံး၍ အကြောက်တရားများဖြစ်ပေါ်လာစေရန် ဖန်တီးလျက်ရှိရာ ယမန်နေ့ ညကလည်း ညမထွက်ရအချိန်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရပ်ကွက်များအတွင်းကို အသံဗုံးများ ပစ်ကာ အကြောင်းမဲ့ ခြောက်လှန့်နေသည်ဟု သိရှိရသည်။
ဧပြီလ ၁၆ ရက်နေ့တွင် အစ်ကိုဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ကို လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် အတူနေထိုင်သည့် ညီမဖြစ်သူ ဒေါ်နွယ်နွယ်အောင် (ကထိက၊ ရုက္ခဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်) အား တောင်ဥက္ကလာပမြို့နယ် နေအိမ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ဖမ်းဆီးမည့်သူကို တွေ့ရှိခြင်းမရှိသဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသည် ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ နည်းပရိယာယ်အသစ် တစ်ခုသဖွယ်ဖြစ်လာသည်ကို တွေ့ရှိရသည်။ ပြည်သူများသည် အိမ်တွင်း၌ နေထိုင်ရာ၌ပင်လျှင် လုံခြုံခြင်းမရှိတော့ဘဲ အချိန်မရွေး အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား နိုင်သည့် အခြေအနေကို ရင်ဆိုင်နေကြရပြီဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် သတင်းမီဒီယာသမားများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်လျက်ရှိပြီး သတင်းစီးဆင်းမှုမရှိစေရန် ပြုလုပ်လျှက်ရှိရာ ဧပြီလအတွင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် သုံးဦးသည် ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးတွင် စစ်ဆေးခြင်းခံနေရသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ တွင်း စစ်ကြောရေးစခန်းဆိုသည်မှာ နည်းမျိုးစုံဖြင့် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံစေသော စစ်ဆေးမှုများပြုလုပ်သည့် အကျဉ်းစခန်းများဖြစ်သည်။ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာနှင့်လျော်ညီခြင်းမရှိသော စစ်ကြောရေးသည် မရှိသင့်သော်လည်း အာဏာရှင်အဆက်ဆက် ကျင့်သုံးလာခဲ့ကြပြီးဖြစ်ကာ ယခုအခါ သတင်းထောက် များကိုပါ ပစ်မှတ်ထားလာပြီဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ်သတ်ဖြတ်၊ ပစ်ခတ်၊ ခြိမ်းခြောက်၊ ဖျက်ဆီး၊ လုယက်၊ အဖျက်အမှောင့် လုပ်ရပ်များကို အတားအဆီးမရှိ ကျူးလွန်လျက်ရှိသည်။ လူနည်းစုဖြစ်သော စစ်ခေါင်းဆောင်များမှ ၎င်းတို့အကျိုးစီးပွားအတွက် အာဏာသိမ်းခဲ့ကြပြီး အကျိုးဆက်အနေဖြင့် အပြစ်မဲ့ပြည်သူများမှာ အလွန်အမင်း ထိခိုက် ဆုံးရှုံးမှုများကို ရင်ဆိုင်နေ ကြရကာ တိုင်းပြည်၌လည်း တရားဥပဒေစိုးမိုးမှုအပါအဝင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ ယိုယွင်းလျက်ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရှင်သန်နိုင်ရေးအတွက် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality list for April 18, 2021 (Burmese Final)
ဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းဒေါင်းလော့ရယူရန် Under Detention List_Burmese (18-Apr-2021)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန် Release Lists_Burmese (18-Apr-2021)