စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင် နေ့ရက်များက ကျဆုံးသွားခဲ့သည့် ရန်ကုန်မြို့မှ ပြည်သူ (၁) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၁၅) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၇၁၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၀၇၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၅၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၁၇) ဦးမှာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူများဖြစ်ပြီး လက်ရှိ တွင် တိမ်းရှောင်နေဆဲဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အတာသင်္ကြန် ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ (ဧပြီ ၁၄) တွင် မြန်မာပြည်အနှံ့အပြား၌ “သွေးမတိတ်သပိတ်” အပါအဝင် သပိတ်အမျိုးမျိုးဖြင့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့ မွန်းလွဲပိုင်းကတည်းက မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့ကို အင်အားအလုံးအရင်းသုံး၍ ဖြိုခွင်းလျက်ရှိသည်ဟု ကနဦး သိရှိရသည်။ ထို့ပြင် ယမန်နေ့ ညနေပိုင်းက မြစ်ငယ်မြို့တွင် ပစ်ခတ်မှုကြောင့် ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ပြည်သူအများအပြား ဖမ်းဆီးခြင်းခံထားရသည်ဟု သိရှိရပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်းလမ်းမှတ်တိုင်အနီး ၌ ကားစောင့်နေသည့် အမျိုးသား တစ်ဦးသည်လည်း ပစ်ခတ်ခြင်းခံခဲ့ရသောကြောင့် ရင်ဘတ်ထိမှန်၍ ကျဆုံးသွားခဲ့သည်။
ထို့ပြင် ယမန်နေ့ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ အမျိုးသား တစ်ဦးသည် အရေးပေါ်လူနာအတွက် အောက်ဆီဂျင်ဗူး ပို့ပြီး အပြန် ပစ်ခတ်ခြင်းခံရ၍ ဝမ်းဗိုက် ထိမှန် ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ည၌ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ပြည်သူ ၂၆ ဦးကို သေဒဏ်၊ အလုပ် နှင့် ထောင်ဒဏ် (၇) နှစ် နှင့် အလုပ် နှင့် ထောင်ဒဏ် (၃)နှစ် စီ အသီးသီးချမှတ်ခဲ့ပြီး ၎င်းတို့အနက် ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိကြောင်း ကြေညာခဲ့သည်။ သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်းမှ တရားဥပဒေကြောင်းအရ ရာဇဝတ်မှု တစ်ခုအတွက် ပြစ်ဒဏ်ပေးသည့်အနေဖြင့် သတ်စေခြင်းကို ဆိုလိုသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌ တရားမဝင် အာဏာသိမ်းယူထားသော စစ်အုပ်စုမှ သာမန် အပြစ်မဲ့ အရပ်သားများကို စွပ်စွဲချက်အမျိုးမျိုးဖြင့် သေဒဏ် နှင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လျက်ရှိသည်မှာ လုံးဝမ မမှန်ကန်၊ မမျှတသည့် လုပ်ရပ်ဖြစ်သည်။ “လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်” ဆိုသော်လည်း ထိုအခွင့်အရေးကို စစ်အာဏာရှင်တို့မှ လိုသလို အသုံးပြုလျက်ရှိ၍ ပြည်သူများသည် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရသည်။
အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများမှ ဓားပြများကဲ့သို့ ပြည်သူများ၏ ပစ္စည်းများအား အဓမ္မလုယက် ယူငင်ခြင်းကို လုပ်ရိုးလုပ်စဉ်သကဲ့သို့ ပြုမူလျက်ရှိသည်။ ယမန်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၌ အာဏာသိမ်း စစ်အုပ်စု၏ ကားနှင့် ပြည်သူပိုင်ကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါကားအား ရိုက်နှက်ဖျက်စီးကာ ပိုင်ရှင်အား တစ်ည ချုပ်နှောင်ထားသည့်အပြင် ကားအတွင်းရှိ ငွေကျပ် ၁၃ သိန်းကို ယူဆောင်သွားခဲ့ခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး အလှူပစ္စည်းများထားရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ် တစ်အိမ်ကို ဝင်ရောက် စီးနင်းကာ ဆီပိသာချိန် ၃၀ဝ ကို လုယက်သွားခြင်း စသည်တို့ကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်။ တရားဥပဒေကို ဂရုမထားဘဲ ဥပဒေထက်ကျော်လွန်၍ ထိုကဲ့သို့ လုယက်မှုများကို အတားအဆီးမရှိ ကျူးလွန်လျက်ရှိခြင်းသည် အကြမ်းဖက် စစ်အုပ်စုမှ ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်။
ဧပြီလ ၁၂ ရက်နေ့ ည ရ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်း (ခဝဲခြံ) ကို တပ်မ ၇ရ မှ အင်အား ၇ဝ ဝန်းကျင်က ဝင်ရောက် စီးနင်းခဲ့ပြီး ပိတ်ထားသည့် ဝန်းခြံတံခါးကို ကျော်ဝင်ကာ ကျောင်းဝန်းအတွင်းရှိ အဆောက်အအုံ နှစ်ခု၌ တပ်စွဲထားသည်ဟု သိရှိရသည်။ ကျောင်းအတွင်း၌ အသက် ၅ နှစ်မှ ၃ဝ ကြား မျက်မမြင် ကျောင်းသား အယောက် ၅ဝ ရှိပြီး ဝန်ထမ်းမိသားစု အယောက် ၃ဝ ရှိသည်ဟု သိရှိရကာ ဝန်ထမ်းများသည် မျက်မမြင်များ ဖြစ်ကြသည်ဟု သိရှိရသည်။ ဝန်ထမ်းများကိုလည်း အဆောက်အအုံ တစ်ခုမှ နောက်တစ်ခုသို့ လွတ်လပ်စွာ သွားလာခွင့် မပြုကြောင်း သိရှိရသည်။ စီးနင်းစဉ်က ၅ ရက်မှ ရ ရက်ကြား စခန်းချမည်ဟု ပြောကြားခဲ့သော်လည်း ယခုအခါ တစ်ပတ်၊ နှစ်ပတ် ကြာဦးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
မျက်မမြင်ကျောင်းကို စခန်းချထားခြင်းသည် အလွန်ဆိုးရွားသော လုပ်ရပ်ဖြစ်သည်သာမက နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် ထိခိုက်ခံစားလွယ်ပြီး ခုခံနိုင်စွမ်းနည်းပါးသော ကျောင်းသားများကို တိုက်ရိုက်အားဖြင့် ခြိမ်းခြောက်လျက်ရှိခြင်းကြောင့် အဆိုပါကျောင်းသားတို့၏ ဂုဏ်သိက္ခာကို လေးစား လိုက်နာရေးနှင့် အကာအကွယ်ပေးရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် ၎င်းတို့ချမှတ်ထားသည့် ကတိကဝတ်များကို အတိအကျ ထိန်းသိမ်းလိုက်နာရမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality list for April 13, 2021 (Burmese Final)KSM
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း ဒေါင်းရန်Under Detention List_Burmese (14-Apr-2021)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန်Release 1 Lists_Burmese (14-Apr-2021)