စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ ဧပြီလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၂) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၂) ဦးတို့၏ အချက်အလက်များ ကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၁၂) ဦးရှိခဲ့ပြီး ယနေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး ကျဆုံးခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၁၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြ ပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၀၅၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်များ အပါအဝင် (၇၉) ဦးမှာ ပြန်လည် လွတ်မြောက်လာသည်ဟု သိရှိရသည့်အတွက် ယနေ့ထုတ်ပြန်သည့် အဖမ်းအဆီးစာရင်းအတွင်းမှ ပယ်ဖျက်ထားပါသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၁၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက် (၁၇) ဦးမှာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူများဖြစ်ပြီး လက်ရှိ တွင် တိမ်းရှောင်နေဆဲဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီ ၁၃) တွင် ကျရောက်သော သင်္ကြန်အကြိုနေ့တွင် မြန်မာပြည်တဝှမ်းရှိ ပြည်သူများသည် ရေကစားခြင်းမပြုဘဲ “ရဲရဲနီစွေး အတာအိုးတော်လှန်ရေး” ဆိုသည့်အတိုင်း “အတာအိုးသပိတ်များ”ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသ ခဲ့ကြသည်။
ယနေ့တွင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ကို ဆက်လက် စီးနင်းခဲ့သည်။ ယနေ့ နံနက်ပိုင်းကတည်းက တမူးမြို့ရှိ ရပ်ကွက်တချို့တွင် ပြည်သူများ၏ ခံတပ်နေရာများအား လိုက်လံဖြိုခွင်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ်များ နှင့် မြို့တွင်း ရပ်ကွက်များကို အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။ ယနေ့တွင် တမူးမြို့၌ အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၁) ဦးသည် နွားနို့သွားပို့ရန် သွားစဉ် ပစ်ခတ်ခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သည်။ ထို့ပြင် လူငယ် ငါးဦးအား မျက်နှာများကို အုပ်၍ လက်ပြန် ကြိုးတုတ်ကာ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ ကျင့်သုံးလျက်ရှိသည်မှာ အာဏာရှင်အဆက်ဆက်ဖြစ်သည်။ ယခုအခါ တွင် အရပ်သားများအပေါ်၌ ပစ်မှတ်ထားလာလျက်ရှိသည်။ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ညကင်းစောင့်သော အမျိုးသား တစ်ဦးသည် ကင်းအချိန်အပြီး အိမ်အပြန်လမ်း၌ ပျောက်ဆုံးသွားခဲ့ပြီး မိသားစုမှ လိုက်လံ စုံစမ်းသည့်အခါ ၎င်း၏ ရုပ်အလောင်းကို ညှဉ်းပန်းနှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာများဖြင့် အခြားမြို့နယ်တစ်ခုဖြစ်သော လှိုင်သာယာမြို့နယ်တွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။
စစ်အုပ်စုသည် ယခင်ကတည်းက လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို ဖန်တီးလေ့ရှိသည်မှာ သာဓကများစွာ ရှိခဲ့ပြီး ဖြစ်သည်။ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့ရှယ်ရှိ ဗလီတစ်ခုတွင် ဝေယျာဝေစ္စ တာဝန်ယူပြီး ဘုရားဝတ်ပြု သူများအတွက် နှိုးဆော်ပေးရသူ တစ်ဦးကို ခန္ဓာကိုယ်အနှံ့ ကြိုးများ တုပ်နှောင်ချည်ထားပြီး လက်ပြန် ကြိုးတုတ်၍ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသည်။ ရဲတပ်ဖွဲ့ နှင့် ဗလီတာဝန်ရှိသူများမှ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် ကြောင်း မှတ်ချက်ပြု၍ ထုတ်ပြန်ထားသော်လည်း သေဆုံးသူ၏ ရုပ်အလောင်း အနေအထားအရ သေကြောင်းကြံစည်ခြင်း မဖြစ်နိုင်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ လူတိုင်းသည် မွေးဖွားလာကတည်းက ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့် ရှိရမည်မှာ အခြေခံလူ့အခွင့်အရေး၏ ရပိုင်ခွင့်တစ်ရပ်ဖြစ်သော်လည်း စစ်အာဏာရှင်တို့၏ အမျိုးမျိုးသော ရက်စက်မှုများ ကြောင့် မြန်မာပြည်သူများအတွက် ထိုအခွင့်အရေးမှာ ဆုံးရှုံးလျက်ရှိနေသည့်အပြင် နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောင့်ကြမှု များစွာနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ဖမ်းဆီးမှုများအနေဖြင့် ယနေ့ (မတ် ၁၃) နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့အရှေ့ဘက်ခြမ်းရှိ လယ်သစ် ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကာ ပြည်သူ ကိုးဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ကနဦး သိရှိရသည်။ ယမန်နေ့ညအချိန် ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာကို ဝင်ရောက်ရှာဖွေခဲ့ပြီး ပြည်သူ ၁ဝ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။
ထို့ပြင် ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာအုပ်စုမှ ကျေးရွာသုံးရွာကို ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ပြီး နေအိမ်များအတွင်း ရှာဖွေကာ ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ ထောင်နှင့်ချီပြီး တိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် နေ့စဉ်နှင့်အမျှ အမျိုးမျိုးသော လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိ၍ ပြည်တွင်းအခြေအနေများမှာ အလွန်အမင်းထိခိုက်လွယ်သော အခြေအနေသို့ကျရောက်လျက်ရှိပြီဖြစ်သည်။ နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ခြင်းမရှိသရွေ့ အကြမ်းဖက်စစ်အုပ်စုသည် ထိုလုပ်ရပ်များကို ဆက်လက်ကျူးလွန်လျက်ရှိဦးမည် ဖြစ်သည်။
ယမန်နေ့ကသိရှိရသော သတင်းအရင်းအမြစ်များအရ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် မြန်မာကျပ်ငွေတန်ဖိုး ၁၄% ထိ ကျဆင်းသွားခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေများ ယိမ်းယိုင်လျက်ရှိကြောင်းပြသသည့် နောက်ထပ်သတိပေးမှုများ ဖြစ်သည်။ စီးပွားရေးထိခိုက်မှုများသည် နိုင်ငံတကာအပေါ်တွင်လည်း သက်ရောက်မှုရှိမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် စင်္ကာပူနိုင်ငံကို ထိခိုက်စေမည်ဖြစ်ဖြစ်ပြီး ထို့နောက်တွင် အာဆီယံတစ်ခုလုံးကို ထိခိုက်စေမည် ဖြစ်သည်။ ယိုယွင်းလျက်ရှိသော ဘဏ်လုပ်ငန်းများမှ ငွေသားများကို ထုတ်ယူရန် ပြည်သူများသည် ထိတ်လန့်လျက်ရှိပြီး ကုန်ဈေးနှုန်း နှင့် ဂက်စ် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ယမန်နေ့၌ ရန်ကုန်ရှိ ATM စက်များ၌ လူတန်းရှည် တန်းစီစောင့်ဆိုင်းခဲ့သည်ဟု သိရှိရသည်။ ယနေ့တွင် တမူးမြို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ ခြင်းကြောင့်လည်း စီးပွားရေးကမောက်ကမဖြစ်မှုသည် ပို၍ ဆိုးရွားလာမည်ဖြစ်ပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားစေမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality list for April 13, 2021 (Burmese Final)KSM (Finaly) up
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း ဒေါင်းလော့ရယူရန်Under Detention List_Burmese (13-Apr-2021)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန်Release Lists_Burmese (13-Apr-2021)_PYM