စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၄) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၄) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၀၅) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၁) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၀၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၀၅၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၅၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက် (၁၇) ဦးမှာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူများဖြစ်ပြီး လက်ရှိ တွင် တိမ်းရှောင်နေဆဲဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ပြည်သူများသည် နေ့စဉ်မပျက် အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ယနေ့တွင်လည်း “Green Day Strike” အပါအဝင် ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်မှုပြုခဲ့ကြသည်။
ယနေ့ (ဧပြီ ၁၁) တွင် ပစ်ခတ်ဖြိုခွင်းမှုများ အတန်ငယ် ငြိမ်သက်နေသည်ဟု ထင်ရခြင်းက စိုးရိမ်ဖွယ်ရာဖွယ်ရာ အခြေအနေ တစ်ရပ်ကို ဖြစ်ပွားစေရန် အားယူသကဲ့သို့ ဖြစ်သည်။ အကြောင်းမဲ့ ပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများမှာ လျော့ကျ သွားခြင်း မရှိသည်ကို တွေ့ရှိရသည်။ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်ရဲရုံးရှေ့၌ ဆိုင်ကယ်စီးလာ သော ပြည်သူ နှစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးသွားခဲ့ပြီး အမျိုးသမီးမှာ မသေမရှင်ဖြစ်နေသော်လည်း ၎င်းတို့အား မည်သူမျှ လာရောက်ယူဆောင်ရဲခြင်း မရှိကြောင်း ကနဦး သိရှိရ သည်။
ယမန်နေ့ (ဧပြီ ၁၀) က စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာတွင် ဆန္ဒထုတ်ဖော်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် လူငယ် တစ်ဦး ကျဆုံးသွားခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ယမန်နေ့ ညအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဆိုင်ကယ်စီးလာသော လူငယ် နှစ်ဦးကို ပစ်ခတ် ဖမ်းဆီးခဲ့ရာ ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် များကို အဓိကထားကာ ဖမ်းဆီးမှုများပြုခဲ့သည်။ ယမန်နေ့ကမူ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ဖမ်းဆီးခဲ့သည်။ စစ်အုပ်စုသည် ဖမ်းဆီးပြီးနောက် ညှဉ်းပန်း နှိပ်စက်မှု ကို လက်နက်သဖွယ်အသုံးပြုလျက်ရှိသောကြောင့် ဖမ်းဆီးခြင်းခံထားရသူများအတွက် ထိန်းသိမ်း ချုပ်နှောင်ထားစဉ်အတွင်း ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်ရရန်မှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။
တိုင်းရင်းသားဒေသများတွင် အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အကြမ်းဖက် စစ်အုပ်စု၏ တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။ ယမန်နေ့ညအချိန် ကတည်းက ယနေ့ နေ့လည်ပိုင်းအချိန်ထိ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းတွင် KIA နှင့် စစ်အုပ်စု၏ တပ်ဖွဲ့များ ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။ ၎င်းပြင် ဧပြီလ ၉ ရက်နေ့ နှင့် ၁ဝ ရက်နေ့ တို့တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေ အတွင်းရှိ ပြည်သူလူထု၏ လုပ်ငန်းခွင်နေရာများသို့ လက်နက်ကြီး ငါးလုံးပစ်ချခဲ့ခြင်း၊ သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ခြင်း၊ အလုပ် လုပ်နေသော ပြည်သူ နှစ်ဦးကို သေနတ် ငါးချက် လှမ်းပစ်ခဲ့ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် လေယာဉ်ဖြင့် လှည့်လည်ခဲ့ခြင်းတို့ကြောင့် ဒေသခံပြည်သူလူထုများမှာ စိုးရိမ် ထိတ်လန့်လျက် ရှိသည်။
ယနေ့တွင် အာဏာသိမ်းမှု ရက် ၇ဝ ပြည့်ပြီဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စုသည် တိုင်းပြည်အား ရက်စက်မှု၊ ဖိနှိပ်မှု မျိုးစုံ အသုံးပြု၍ အာဏာအရပ်ရပ်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသော်လည်း အောင်မြင်ခြင်းမရှိသေးပါ။ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းမှု ရက်ပိုင်းအတွင်း အထမြောက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင်မူ အာဏာသိမ်းမှု နှစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပြည်သူများသည် ၎င်းတို့ရွေးကောက်တင်မြှောက်ထားသော အစိုးရဆီမှ အာဏာသိမ်းခြင်း၊ ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိခံစားလာရချိန်တွင် ၎င်းတို့၏ လွတ်လပ်ခွင့်များ ဆုံးရှုံးကာ အာဏာရှင်စနစ်ဆီသို့ နောက်ကြောင်း ပြန်ဆုတ်သွားစေခြင်းတို့ကြောင့် စစ်အုပ်စု၏ ပြင်းထန်သော အကြမ်းဖက်မှုများ၊ ရက်စက်မှုများကို ကြံ့ကြံ့ခံကာ အာဏာရှင်စနစ်ကျဆုံးရေး နှင့် စစ်မှန်သော ဒီမိုကရေစီရရှိရေး တို့အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စုမှာ နေ့စဉ် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူများစွာ ကျဆုံး၊ ဒဏ်ရာရရှိလျက်ရှိပြီး ၎င်းတို့၏ လုပ်ရပ်များကို တားဆီးရန်အတွက် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ထိရောက်သော လုပ်ဆောင်ချက်များဖြင့် အမြန်ဆုံး အရေးယူဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီ
စောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းမြန်မာဘာသာဒေါင်းရန်Fatality list for April 11, 2021 (Burmese Final)
ဖမ်းဆီးထိန်းသိမ်းခံထားရသူများ မြန်မာဘာသာUnder Detention List_Burmese (11-Apr-2021)_PYM
သတင်းသမားများအား ဖမ်းဆီးခံထားရမှုJournalist_Detained List (11-Apr-2021)
လွတ်မြောက်လာသူများစာရင်းRelease Lists_Burmese (11-Apr-2021)_PYM