စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၈၂) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပြည်သူ (၈၂) ဦး ကျဆုံးသွားခဲ့ကြောင်း သတင်းရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၇၀၀) ဦးရှိခဲ့ပြီး ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ကျဆုံးသွားခဲ့သူ (၁) ဦးရှိခဲ့ရာ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၀၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါ သည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၁ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃၀၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၅၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက် (၁၇) ဦးမှာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူများဖြစ်ပြီး လက်ရှိ တွင် တိမ်းရှောင်နေဆဲဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (ဧပြီ ၉) က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့ကို အကြမ်းဖက်စစ်အုပ်စုမှ နံနက်အရုဏ်ဦးအချိန်မှ စတင်ကာ ညအချိန်ထိတိုင် စစ်တလင်းသဖွယ်၊ လူသတ်ကွင်းများသဖွယ် အပြင်းအထန် ပစ်ခတ်၍ သတ်ဖြတ်ခဲ့ခြင်းကြောင့် ပြည်သူ ၈၂ ဦးကျဆုံးခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သော်လည်း ယခုထက်ပို၍ ကျဆုံးသူများရှိမည် ဖြစ်သည်။ ပြည်သူတချို့သည် ဒဏ်ရာရရှိထား၍ ဆေးကုသခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ခွင့်မပြုသည့်အတွက် သွေးထွက်လွန်ကာ ကျဆုံးသွားခဲ့သူ များလည်းရှိကြောင်း သိရှိရသည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက်နေပြည်သူတချို့သည် အနီးနားရှိ ကျေးရွာများဆီသို့ပင် ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ယနေ့ (ဧပြီ ၁၀) တွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများမှ ရပ်ကွက်များ၊ အိမ်များအတွင်း ရှာဖွေခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။
တစ်ရက်အတွင်း ဒေသတစ်ခုတည်းတွင်း လူပေါင်း ၈၂ ဦးထက်မနည်းကို အင်အားသုံး အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုဖြစ်သည်။ ယမန်နေ့ညက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေး (Arria Formula Meeting) တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) မှ တက်ရောက်ဆွေးနွေးခြင်းမပြုမီ အပြင်းအထန် ပစ်ခတ် သတ်ဖြတ်မှုပြုခြင်း၊ ပြည်သူများ စိတ်ပါဝင်စားမှု၊ စိတ်အားတက်ကြွမှုများ လျော့နည်းစေရန် နှင့် အကြောက်တရားများ စိမ့်ဝင်လာစေရန် ပြုလုပ်ခြင်း ဖြစ်သည်။
မည်သို့ပင် ပြင်းထန်သော ပစ်ခတ် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများကို လူမြင်ကွင်း၌လည်းကောင်း၊ မမြင်ကွယ်ရာ၌ လည်းကောင်း ပြုလုပ်၍ ခြိမ်းခြောက်လျက်ရှိသော်လည်း မြန်မာပြည်တဝှမ်းရှိ ပြည်သူများသည် ထိုအခြင်းအရာများကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင်ကို နည်းအမျိုးမျိုးဖြင့် နေ့စဉ် ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။ ယနေ့တွင် “လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ဆိုသည့် “Red Movement Campaign” အပါအဝင် ဆန္ဒထုတ်ဖော်ပွဲများကို ဆက်လက် ပြုလုပ်ခဲ့ ကြသည်။ ယနေ့တွင် အရပ်ဝတ်ဖြင့် အကြမ်းဖက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရက်မပျက်ချီတက်လျက်ရှိသည့် မန္တလေးမြို့ရှိ မြတောင် သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့ပြီး ပြည်သူ (၁၅) ဦးကို ဖမ်းဆီးသွားခဲ့သည်။
ယ​နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့​၊ ကသန်းကျေးရွာတွင် ကရင်လူငယ် တစ်ဦးကို ပစ်သတ်သွားခဲ့ သည်ဟု သိရှိရသော်လည်း သီးခြားအတည်ပြုချက် ရရှိခြင်း မရှိသေးပါ။ ထို့ပြင် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှစတင် ၍ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့များမှ စစ်ကိုင်းကိုင်းဒေသကြီး၊ တမူးမြို့ရှိ ရပ်ကွက်အချို့ကို စတင်ပစ်ခတ်ခဲ့ပြီး ပြည်သူများ အတားအဆီးပြုလုပ်ထားသည့် သပိတ်ခံတပ်များကို ဝင်ရောက် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ထို့ပြင် ဆိုင်ကယ် တစ်စီးအား အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ တစ်ဦး ကျဆုံးသွားသည်ဟု ကနဦးသိရှိရသည်။
ထို့ပြင် ယမန်နေ့ ညအချိန်၌လည်း စစ်အုပ်စု၏ အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ မြောက်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ (၁၉) ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး (၆) ဦးအား ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်ဟု ကြေညာခဲ့သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၂ရ ရက်နေ့၌ စစ်အုပ်စု၏ တပ်ဖွဲ့ဝင် နှစ်ဦးကို ခုခံရာမှ တစ်ဦး သေဆုံးသွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အရပ်သား ၁၉ ဦးကို ဧပြီလ ၈ ရက်နေ့တွင် သေဒဏ် စတင် ချမှတ်ခဲ့သည်။ လက်ရှိတွင် အရပ်သား နှစ်ဦးမှာ ဖမ်းဆီးခြင်းခံထားရပြီး ၁ရ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထို့ပြင် ပြည်သူ ခြောက်ဦးကိုလည်း ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးသည်ဟု စွပ်စွဲကာ အလုပ် နှင့် ထောင်ဒဏ် ရ နှစ် ချမှတ်ခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုမှ ဥပဒေများကို လိုက်နာခြင်းမရှိဘဲ လိုသလို အသုံးချလျက်ရှိပြီး တရားဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်နေသော်လည်း ဥပဒေများကို မတရားဥပဒေများဖြစ်လာစေရန် ပုံဖော်၍ သေဒဏ်ချမှတ်ခြင်း၊ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်းအားဖြင့် ပြည်သူများ နှုတ်ဆိတ်သွားစေရန် နည်းလမ်းအဖြစ် စတင် လုပ်ဆောင်လာပြီ ဖြစ်သည်။
ယမန်နေ့ညက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေး (Arria Formula Meeting) တွင် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) မှ Richard Horsey က “အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် မြန်မာနိုင်ငံသည် ပြိုလဲတော့မည့် လမ်းကြောင်းပေါ်ကို ရောက်နေသည်” ဟု နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော ရွေးကောက်ခံ ကိုယ်စားလှယ်များ ပါဝင်သည့် CRPH ကို တရားဝင်အသိအမှတ်ပြုရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။ မြန်မာ့အရေးကို အဖြေရှာ နိုင်ခြင်းမရှိလျှင် နိုင်ငံတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး နှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု စသည့် ကဏ္ဍအသီးသီး ပြိုလဲလာ တော့မည်ဖြစ်သည်။ နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခများ စတင် ဖြစ်ပွားလာနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသူများ ယခုထက် ပို၍ များလာမည်ဖြစ်သည်။ လက်နက်တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့ခြင်းအပြင် စစ်အုပ်စု၏ အကြမ်းဖက် လုပ်ရပ်များကို နိုင်ငံတကာမှ ဆက်လက် ရှုတ်ချခြင်းသည် မရှိမဖြစ်လိုအပ်သည်။ ဤဆောင်ရွက်ချက်များသည် အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှု မရှိကြောင်း နှင့် ကန့်ကွက်ကြောင်း ညွှန်းဆိုပြနေသော်လည်း အာဏာသိမ်းမှု အဆုံးသတ်သွားစေရန် ဖိအားပေး၍ မရပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality list for April 10, 2021 (Burmese Final
ဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းဒေါင်းလော့ရယူရန်Total Detention Lists_Burmese (Last Updated on 10 April 2021)
လွတ်မြောက်သူများစာရင်း ဒေါင်းလော့ရယူရန်Total , Release Lists_Burmese (Last Updated on 10 April 2021)