စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၈ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင် နေ့ရက်များက ကျဆုံးသွားခဲ့သည့် ပြည်သူ (၁၅) ဦး၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၆၁၄) ဦးရှိခဲ့သည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်း မရှိသေးသည့်အတွက် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ (၆၁၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါ ကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၈၅၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၅၀၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (ဧပြီ ၇) က အကြမ်းဖက် စစ်အုပ်စုမှ အင်အားအလွန်အကျွံသုံး၍ ဖြိုခွင်းခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေးမြို့ နှင့် တန့်ဆည်မြို့၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့တို့၌ အရပ်သားပြည်သူ (၂၅) ဦး ကျဆုံးခဲ့ ပြီးသည့်နောက် ယနေ့တွင် မြန်မာပြည်တဝှမ်းရှိ ပြည်သူများသည် ကြောက်ရွံ့ခြင်းအလျှဉ်းမရှိဘဲ စစ်အာဏာရှင်၏ ရက်စက်မှုများကို အံတု၍ ဆန္ဒထုတ်ဖော်ပွဲများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် “ကျဆုံးသွားခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုရင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ ဆက်လက်ချီတက်ကြမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် Marching Shoes Strike များ ပြုလုပ်၍လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့တွင် ဖြိုခွင်းမှုများ ငြိမ်သက်လျှက်ရှိခြင်းသည် ရက်စက်စွာ ဖြိုခွင်းမှုများ ထပ်မံပြုလုပ်ရန်အတွက် အရှိန်ယူနေခြင်း ဖြစ်သည်။ အခြားတဘက်တွင်မူ ဖမ်းဆီးမှုများ၊ ဖျက်ဆီးမှုများ၊ လုယက်ယူငင်မှုများကို အဆက်မပြတ် ကျူးလွန်လျှက်ရှိ သည်။ ယနေ့ နံနက်အစောပိုင်းအချိန်က ရဲ နှင့် စစ်သားများမှ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် (က) ရပ်ကွက်၊ အဆင့်မြင့် အိမ်ယာ တိုက် (၁) ရှိ အမျိုးသား တစ်ဦး၏ နေအိမ်တံခါးကို ရိုက်ဖျက်၍ ငွေကျပ် ၃၅ သိန်း၊ တိုက်သာယာရေး ရန်ပုံငွေများ၊ အခြား အဖိုးတန်ပစ္စည်းများ နှင့် စာရွက်စာတမ်းများကို လုယက် ယူငင်သွားခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ၎င်းတို့၏သတင်းပေးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမရှိသည့် ရပ်ကွက်အချို့၌ စစ်တပ်မှ အုပ်ချုပ်သည့်အတွက်ကြောင့်လည်း ရက်ဆက်ဆိုသလို ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယနေ့နံနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဆန္ဒထုတ်ဖော်ရန် လူစုနေချိန်၌ အမျိုးသား (၇) ဦးသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယင်းအပြင် ယမန်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌ ရဲ နှင့် စစ်တပ်တို့မှ ဝင်ရောက်ရှာဖွေခဲ့ပြီး မိန်းကလေးများအပါအဝင် ပြည်သူ ၁၀ဝ နီးပါးကို ဖမ်းဆီးသွား ခဲ့သည်ဟု သိရှိရသည်။ ယမန်နေ့ ညအချိန် နှင့် ယနေ့တွင်လည်း ချင်းပြည်နယ်၊ မတူပီမြို့၌ အရပ်ဘက်အဖွဲ့အစည်းများ၌ ဦးဆောင်သူများ နှင့် တက္ကသိုလ်ကျောင်းသားများ စုစုပေါင်း (၁၁) ဦးခန့်ကို ဖမ်းဆီးသွားခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုမှ ဘာသာရေးဆိုင်ရာအဆောက်အဦးများ နှင့် ဆေးပေးခန်းများကို ပစ်မှတ်ထား၍ စီးနင်းလာလျှက် ရှိရာ ယမန်နေ့က မန္တလေးတိုင်းဒသကြီး၊ ပြင်ဦးလွင်မြို့ အနီးစခန်းရှိ အာရှအလင်းရောင်ဖောင်ဒေးရှင်း ပရဟိတ ဘုန်းတော်ကြီးကျောင်း နှင့် ဆေးခန်း၊ သန္တိသုခပရဟိတအသင်းတို့ကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့ပြီး ကျောင်းထိုင် ဆရာတော်ကို ရှာမတွေ့သည့်အတွက် လုံခြုံရေးကင်မရာများကို ဖြုတ်ယူသွားခဲ့က သန္တိသုခပရဟိတ ယာဉ်မောင်း နှင့် ဆရာဝန် တစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်တွင်း သတင်းရယူခွင့် နှင့် စီးဆင်းခွင့်တို့ကို အလွန်တင်းကျပ်စွာ ဖိနှိပ်ထားလျက်ရှိသည့် အပြင် ယခုအခါ သတင်းအမှောင်ချနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလာသည်ကို တွေ့ရှိရသည်။ ယနေ့တွင် ဧရာဝတီ တိုင်းအတွင်းရှိ မြို့နယ်တချို့ နှင့် မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်၌ နေအိမ်များ၌ တပ်ဆင်ထားသည့် PSI စလောင်းများကို လိုက်လံသိမ်းဆည်းလျှက်ရှိသည့်အပြင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၌ PSI စလောင်း နှင့် CANAL+ တို့ကို သိမ်းဆည်း လျှက်ရှိပြီး ဆိုင်တစ်ဆိုင်၌ ရောင်းရငွေများကိုပါ လုယက်သွားခဲ့သည်။ ထိုကဲ့သို့ လိုက်လံသိမ်းဆည်းခြင်းသည် PSI စလောင်း နှင့် CANAL+ များ၌ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အချိန်နှင့်တပြေးညီ တင်ပြလျှက်ရှိသည့် မဇ္ဈိမ နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) တို့၏ ရုပ်သံလှိုင်းများကို ဖြတ်တောက်လို၍ဖြစ်ပြီး ပြည်သူများကို သတင်းမှန်ရရှိမှု မရှိစေရန် ဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စု၏ နေ့စဉ်နှင့်အမျှ ပြည်သူများအပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ခြင်း၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင် သည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းတို့ကြောင့် ပြည်သူလူထု နှင့် စစ်အုပ်စုကြား မည်သို့မျှ စေ့စပ်ညှိနှိုင်း၍ မရနိုင် တော့သည့် အခြေအနေဖြစ်သည်။ ၎င်းပြင် အကြမ်းဖက်စစ်အုပ်စုသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၆၁၄ ဦး ကို သတ်ဖြတ် ပစ်ခတ်ခဲ့ပြီး ၎င်း၏ ရက်စက်မှုကို စံချိန်တင်ခဲ့ပြီး ဖြစ်သည်။ အာဆီယံကို လူ့အခွင့်အရေးများ နှင့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ် မြှင့်တင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကမာ္ဘ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘောတူလက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို စောင့်ထိန်းလိုက်နာခြင်းကို အခြေခံမူအဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ လိုက်နာ စောင့်ထိန်းရမည် ဖြစ်သည်။ ကြားဝင်စွက်ဖက်ခြင်းမရှိဆိုသည့် သင့်တင့်လျောက်ပတ်မှုမရှိသည့် မူဝါဒများကို ဆက်လက် ကိုင်စွဲထားဦးမည်ဆိုလျှင် အာဆီယံသည် ၎င်း၏ ရည်ရွယ်ချက် နှင့် မူဝါဒများကို အလေးမထားဘဲ လျစ်လျူရှူသကဲ့သို့ ဖြစ်စေမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းမြန်မာဘာသာဖြင့်ဖတ်ရန် Fatality list for April 8, 2021 (Burmese Final)KSM (Finaly) up
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်း မြန်မာဘာသာTotal Detention, Lists_Burmese (Last Updated on 8 April 2021)
လွတ်မြောက်စာရင်းမြန်မာဘာသာTotal Release Lists_Burmese (Last Updated on 8 April 2021)