စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၁) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၅) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၅) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိသည့် အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၆၉) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၁) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၇၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၇၂၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၄၄၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့ (ဧပြီလ ၅ ရက်) တွင် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူများသည် အမျိုးမျိုးဖိနှိပ်ခြင်းခံနေရသည့်ကြားမှ စစ်အာဏာရှင်ကို အန်တုကာ ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လယ်ဘူး မြို့၌ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ကျောင်းသား နှစ်ဦးကို ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့သဖြင့် ပြည်သူလူထုမှ အဆိုပါကျောင်းသားများကို လွှတ်ပေးရန် တောင်းဆိုရာ ပစ်ခတ်ခဲ့၍ အမျိုးသား တစ်ဦး ကျဆုံးသွားခဲ့ပြီး လေးဦးဒဏ်ရာရရှိကာ နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
ယမန်နေ့ (ဧပြီလ ၄) ညအချိန်က မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး တစ်ဦးမှာ ပွဲချင်းပြီး ကျဆုံးသွားခဲ့ပြီး အမျိုးသား တစ်ဦးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားခဲ့သည်။ ယမန်နေ့ ညအချိန်တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ လမ်းသွားလမ်းလာ ပြည်သူ နှစ်ဦးကိုလည်း အကြောင်းမဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့သည့်အတွက် ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌လည်း ယမန်နေ့ညနေပိုင်း အချိန်က ပြည်သူများကို အကြောင်းမဲ့ တရစပ် လိုက်လံပစ်ခတ်ခဲ့ပြီး ပြည်သူများမှ ပြန်လည် ခုခံသောကြောင့် ဒဏ်ရာရရှိသူ အနည်းငယ်ရှိကာ နေအိမ်အချို့ နှင့် အုတ်တံတိုင်းများလည်း ကျည်ထိမှန်ခဲ့သည်ဟု သိရှိရသည်။
ယနေ့တွင် လမ်းများပေါ်တွင် ဖမ်းဆီးခြင်းအပြင် အိမ်များပေါ်အထိ ရှာဖွေကာ ဖမ်းဆီးခြင်းများကို ရက်ဆက်ဆိုသလို ပြုလုပ်လာလျှက်ရှိသည်။ ယနေ့နံနက်ပိုင်းက တာမွေ နှင့် ကျောက်မြောင်းရှိ လူငယ်များကို နေအိမ်များအထိ တက်ရောက်ဖွေ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခြင်းခံရသူများလည်း ရှိခဲ့သည်ဟု သိရှိရသည်။ ၎င်းပြင် မန္တလေးမြို့ နေရာအနှံ့ သွားလာနေသည့် ဆိုင်ကယ် နှင့် ကားများကို စစ်ဆေးခဲ့ပြီး ဖုန်းအတွင်း၌ စစ်အာဏာရှင် ဆန့်ကျင်သည့် ဓာတ်ပုံ၊ စာသားများပါရှိလျှင် ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက်စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများသည် ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်နှင့်အမျှ လူမြင်ကွင်း၌ ပေါ်ပေါ်တင်တင် ကျူးလွန်လျက်ရှိပြီး ပြည်သူများ ထိတ်လန့်မှု နှင့် ကြောက်ရွံ့မှုများ ကြီးစိုးလာစေရန်အတွက် ပုံဖော် လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။ ယမန်နေ့ညအချိန်၌ ရဲ နှင့် စစ်သားများက အမျိုးသား တစ်ဦးကို အဓမ္မခေါ်ယူ၍ အကျႌချွတ်ခိုင်းပြီး စစ်ဆေးခဲ့ရာ နွေဦးတော်လှန်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် နှစ်ငါးလုံးစာသားတို့ကို အဆိုပါ အမျိုးသား၏ လက်၌ တက်တူးထိုးထားသည်ကို တွေ့ရှိခဲ့သည်။ စစ်သားများသည် တာယာစကို မီးရှို့ပြီး ထိုအမျိုးသား၏ လက်အောက်ကို မီးဖြင့်မြှိုက်၍ တက်တူးများကို ဖျက်ဆီးခဲ့သည့်အတွက် အဆိုပါအမျိုးသားမှာ မီးလောင်ဒဏ်ရာရရှိ သွားခဲ့သည်။ ထိုသို့ ပြုလုပ်သည်သာမကဘဲ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ သေနတ်ဖြင့် ထုနှက်ရိုက်ခြင်းများကို ကျူးလွန်ခဲ့ကြောင်းလည်း သိရှိရသည်။ အဆိုပါ လုပ်ရပ်မှာ လူသားချင်းစာနာမှု ကင်းမဲ့သော ရာဇဝတ်မှုဖြစ်သော်လည်း သာမန် လုပ်ရိုး လုပ်စဉ်ကဲ့သို့ ကျူးလွန်လျက်ရှိ၍ ပြည်သူများအတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုမှ သတင်းမီဒီယာများ နှင့် သတင်းသမားများကို အလွန်အမင်းဖိနှိပ်လျက်ရှိသောကြောင့် မတ်လ ကတည်းက သတင်းထုတ်ဝေမှုများ ရပ်ဆိုင်းသွားခဲ့ပြီးဖြစ်သည်။ ယခုအခါတိုင်းရင်းသား သတင်းဌာနများကိုပါ ခြိမ်းခြောက် မှုများ ပြုလုပ်လာခဲ့သည်။ ဧပြီလ ၃ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၌ အခြေစိုက်သည့် The Hakha Post သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ပျူတာ နှစ်လုံး နှင့် စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။ ဝင်ရောက် စီးနင်းချိန်တွင် သတင်းအဖွဲ့မှာ တိမ်းရှောင်နေသောကြောင့် ဖမ်းဆီးခံရခြင်းမရှိပါဟု သိရှိရသည်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်တွင် နေ့စဉ်ရက်ဆက် မီးရှို့မှုများဖြစ်ပွားနေခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ် ဖြစ်ကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြသနေသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းရှိ ရိုးမရေသန့် စက်ရုံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယမန်နေ့ညအချိန်၌လည်း ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ညောင်ဖြူကန် အုပ်ချုပ်ရေးမှူးရုံး တို့သည် မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့သည်။
အာဏာသိမ်းမှု (၆၄) ရက်တိုင်ရှိလာပြီဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အုပ်ချုပ်ရေး နှင့် နိုင်ငံရေး အာဏာကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါ။ ထို့ပြင် နိုင်ငံတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အပါအဝင် ဘက်ပေါင်းစုံမှ ကဏ္ဍများသည်လည်း အလွန်အမင်း ယိုယွင်းလျက်ရှိသည်။ ထို့ကြောင့် စစ်အုပ်စုမှ ၎င်းတို့အာဏာတည်မြဲနိုင်ရေးအတွက် နေ့စဉ်ရက်ဆက် အလွန်အမင်း ရက်စက်သော နည်းအမျိုးမျိုးဖြင့် ပြည်သူလူထုကို ဖိနှိပ်လျှက်ရှိသည်။ အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာအသိုက်အဝိုင်းမှ ပိတ်ဆို့ရုံဖြင့်မဟုတ်ဘဲ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မှသာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းနိုင်မည်ဖြစ်ပြီး အနာဂတ်၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ကို အပြည့်အဝ ရရှိမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းထားသူများစာရင်းမြန်မာဘာသာ Total Detention and Charge (Burmese) (Last Updated on 5 April 2021)
ကျဆုံးသူများစာရင်း မြန်မာဘာသာFatality list for April 5, 2021 (Burmese Final)
လွတ်မြောက်သူများစာရင်းTotal RElease (Burmese) (Last Updated on 5 April 2021)