စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

  • ရက်စွဲ ဧပြီလ ၃ ရက်၊ ၂၀၂၁ ခုနှစ်
    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၄) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၃) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
    ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၃) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၅၃) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၄) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၅၇) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ယမန်နေ့က ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၇၅၁) ဦး ရှိခဲ့ပြီး ဖမ်းဆီးခြင်းခံရသူ (၁၇) ဦး၏ စာရင်းအား ယနေ့တွင် ထပ်မံရရှိခဲ့ သဖြင့် ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း (၂၇၆၈) ဦးရှိခဲ့သည်။ ၎င်းတို့အနက်မှ လွတ်မြောက်လာသူ စုစုပေါင်း (၁၁၀) ဦးကို ယနေ့တွင် မှတ်တမ်းပြုနိုင်ခဲ့သဖြင့် ဧပြီလ ၃ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၆၅၈) ဦး ရှိခဲ့ပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
    ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၂၃၅) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။ယနေ့တွင်လည်း မြန်မာပြည်တဝှမ်းရှိ ပြည်သူများသည် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ အတွက် ဆက်လက်ဆန့်ကျင် ဆန္ဒထုတ်ဖော်လျက်ရှိသည်။ အကြမ်းဖက်စစ်အုပ်စုမှ နေ့စဉ်မပျက်ဖြိုခွင်းလျက်ရှိသည့် ကြားမှ မပျက်မကွက် အားကောင်းစွာ ချီတက်လျက်ရှိသည့် သပိတ်စစ်ကြောင်းရှိရာ မြို့နယ်များသည် အဓိကထား ဖြိုခွင်းခြင်း ခံခဲ့ရသည်ကို တွေ့ရှိရသည်။
  • ယနေ့နံနက်ပိုင်းကတည်းက စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ပင်မသပိတ်စစ်ကြောင်းကို ညှပ်ပိတ်၍ ဖြိုခွင်းခဲ့ကြပြီး Defense team မှ အမျိုးသား (၁) ဦးအပါအဝင် အရပ်သားပြည်သူ (၃) ဦးကျဆုံးခဲ့သည်။
  • မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်းသည် အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရပြီး စိုးရိမ်ဒဏ်ရာရရှိသည့် အမျိုးသမီး (၁) ဦး နှင့် အမျိုးသား (၁) ဦး အပါအဝင် အရပ်သားပြည်သူ (၂၀) ဦးထက်မနည်း ဖမ်းဆီးခြင်းခံထား ရသည်ဟု သိရှိရသည်။ ရင်ဘတ်တွင် ဒဏ်ရာရရှိထားသည့် အမျိုးသားကို ရဲ နှင့် စစ်သားများက ချက်ချင်း ကားပေါ်ဆွဲတင် ခေါ်သွားကြပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားသည့် အမျိုးသမီးကို ပြည်သူများက ဆေးရုံသို့ ပို့ဆောင်နေစဉ် စစ်တပ်က လိုက်လံလုယူသွားခဲ့သည်ဟု သိရှိရသည်။ (အဆိုပါအမျိုးသားသည် ကျဆုံးသွားပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပါ)
  • မန္တလေးတိုင်း မန္တလေးမြို့၌ အမရပူရမြို့နယ် သပိတ်စစ်ကြောင်းနှင့် ဆိုင်ကယ်သပိတ်တို့ အကြမ်းဖက်ဖြိုခွင်း ခြင်းခံခဲ့ရကာ အရပ်သားပြည်သူ (၄) ဦး ဖမ်းဆီးခြင်းခံထားရသည်ဟု သိရှိရသည်။
  • ပဲခူးတိုင်း ပဲခူးမြို့၌မူ ဆံတော်တွင်းဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်မှ ယင်းအနီး ဖြတ်သန်း သွားသော လူငယ် (၁) ဦးအားပစ်ခတ်ခဲ့သောကြောင့် ဝမ်းဗိုက်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်။
    ယမန်နေ့ (ဧပြီလ ၂) ညအချိန်ထိတိုင် ပစ်ခတ်မှုများကြောင့် ပြည်သူများသည် ထိခိုက်၊ဒဏ်ရာရရှိမှုများရှိခဲ့သည်။ ယမန်နေ့ ညအချိန်၌ မန္တလေးမြို့တွင် မနော်ဟရီ ၅၈ လမ်းတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား (၁) ဦး ကျည်ထိမှန်ပြီး အခြေအနေစိုးရိမ်ရသည်ဟု သိရှိရသည်။
    အကြမ်းဖက် စစ်အုပ်စုသည် နေ့အချိန်၌ ပစ်ခတ်မှုများပြုလုပ်လျက်ရှိပြီး ညအချိန်၌လည်း မတရား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းများကို ရက်ဆက် ကျူးလွန်လျက်ရှိကြရာ ယခုရက်ပိုင်းအတွင်းတွင် ရပ်ရွာအတွင်း ကင်းစောင့်ကြသူများ၊ Defense Team မှ လူငယ်များကို အဓိကထား၍ လိုက်လံ ဖမ်းဆီး ခေါ်ဆောင်လျှက်ရှိသည်။ ယနေ့တွင် ရန်ကုန်တိုင်း မြို့နယ် (၆) မြို့နယ်ရှိ သပိတ်ခေါင်းဆောင်၊ တက်ကြွလှုပ်ရှားသူ၊ Defense Team များကို လိုက်လံဖမ်းဆီးလျှက်ရှိခြင်း၊ ယမန်နေ့ညကလည်း ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်ရှိ Defense Team မှ လူငယ် (၁၂) ဦးကို ရိုက်နှက်၍ ဖမ်းဆီးခဲ့ပြီး မော့ကြည့်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း၊ သာကေတမြို့နယ်၌လည်း ကင်းသမား (၆) ဦးကို ဖမ်းဆီးခြင်းများအား ကျူးလွန်ခဲ့ကြသည်။ အဆိုပါ ဖမ်းဆီးမှုများအတွင်း ပြည်သူများကို လူမဆန်စွာ ခြေထောက်ဖြင့် ကန်ကျောက် ရိုက်နှက်၍ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ယနေ့နံနက်အစောပိုင်း၌လည်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၌ ဆရာဝန် (၁) ဦး၏ နေအိမ်ခြံတံခါးကို အတင်းဖျက်၍ အဆိုပါ ဆရာဝန်အား လက်ကိုနောက်ပြန်ကြိုးတုပ်၍ ခေါင်းကို အိတ်အမဲစွပ်ပြီး တရွတ်တိုက်ဆွဲခေါ်သွားခဲ့သည်ဟု သိရှိရသည်။။
    ၎င်းပြင် ယမန်နေ့က CNN သတင်းထောက်ချုပ် Clarissa Ward ၏ အင်တာဗျူးကို ဖြေကြားခဲ့ခြင်းအတွက် မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျပန်ဘာသာ နောက်ဆုံးနှစ်တက်ရောက် သင်ကြားနေ သော မဖူးမွန်ကျော်၊ စင်္ကာပူနိုင်ငံမှ Singapore Institute of Management တက္ကသိုလ် (SIM) တွင် စီးပွားရေးမဟာဘွဲ့ ရရှိထားသည့် မယဉ်သက်တင်၊ မနေဇာခြည်ရှိုင်း၊ မရှိုင်းရတနာဖြိုးနှင့် ကိုစည်သူဖြိုး၊ အင်းစိန်မြို့နယ်၊ ဆယ်မိုင်ဈေးရှိ Asia Light လျှပ်စစ်မီးဆိုင်းဆိုင်မှ ဝန်ထမ်းနှစ်ဦးတို့ကို အရပ်ဝတ်များ ဝတ်ဆင်ထားသော ရဲ နှင့် စစ်သားများမှ ဖမ်းဆီးသွားခဲ့ပြီး ရွှေပြည်သာမြို့နယ်ရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။ ထိုအခြင်းအရာသည် ၎င်းတို့၏ ကြမ်းတမ်း ရက်စက်မှုများကို ကမာ္ဘသို့သိစေရန် ထုတ်ဖော် ပြောဆိုသူမှန်သမျှ ဖမ်းဆီးခြင်းခံရမည်ဟု ခြိမ်းခြောက်ခြင်းဖြစ်ပြီး နောင်တွင် ထပ်မံ၍ ထုတ်ဖော်ပြောဆိုမှုများ မပြုလုပ်ရဲအောင်နှင့် အထောက်အထားများ မရရှိအောင် တားဆီးရန် အကြမ်းဖက် စစ်အုပ်စုမှ ရည်ရွယ်ခြင်းဖြစ်သည်။
    ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ အဖျက်အမှောင့်လုပ်ရပ်များသည်လည်း ပို၍ ဆိုးရွားလာလျှက်ရှိသည်။ ယနေ့နံနက် အစောပိုင်းအချိန်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၃၃) အခြေခံပညာ အထက်တန်းကျောင်း မီးလောင်ခဲ့ ကြောင်း သိရှိရပြီး ယမန်နေ့ ညနေပိုင်းအချိန်၌လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၏ နေအိမ်ကို မီးကွင်းဖြင့်ပစ်ကာ မီးရှို့ခဲ့၍ အဆိုပါဖြစ်စဉ်ကို ဗဟန်း ရဲစခန်းသို့ ဖုန်းဆက်၍ တိုင်ကြားသော်လည်း “ထွက်မကြည့်ရ မီးမငြှိမ်းသတ်ရ” ဟု ရဲကျင့်ဝတ်နှင့်ဆန့်ကျင်စွာ အကြောင်းပြန်ခဲ့ သည်ဟု သိရှိရ သည်။
    မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယမန်နေ့ ညအချိန်၌ စစ်တပ် နှင့် ရဲတပ်ဖွဲ့က အရေးပေါ်လူနာသွားကယ်သည့် မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် စေတနာ့ဝန်ထမ်းများကို လက်မြှောက် ဒူးထောက်ခိုင်းပြီး စစ်ဆေးမြန်းခဲ့သည်ဟု သိရှိရသည်။
    တိုင်းရင်းသားရေးရာကဏ္ဍတွင် အကြမ်းဖက်စစ်အုပ်စုမှ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နှင့် မရမ်းကျေးရွာအကြားတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဒေသခံများမှာ ကျေးရွာအတွင်း လက်နက်ကြီးကျည်များကျမည်ကို စိုးရိမ်လျက်ရှိသည်။ ယမန်နေ့ညပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာအတွင်း အာဏာသိမ်း စစ်တပ်၏ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် ကျေးလက်ဆေးပေးခန်း၊ စာသင်ကျောင်း၊ နေအိမ်များ ပြိုကျကာ ဈေးဆိုင် တစ်ဆိုင် မီးလောင်သွားခဲ့ပြီး အဘွားအို (၁) ဦး နှင့် အမျိုးသား (၁) ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
    အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုသည် ရက်စက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိရာ ယခုရက်ပိုင်းအတွင်းတွင် လူသားချင်းစာနာမှုမရှိသော ရာဇဝတ်မှုများ နှင့် စစ်ရာဇဝတ်မှုများကို တပြိုင်တည်းကျူးလွန်လာလျက်ရှိသည်ကို တွေ့ရှိရ သည်။ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှုမရှိဘဲ ရိုက်နှက် ဖမ်းဆီးခြင်း၊ ဒဏ်ရာရရှိသူကို ဆေးကုသခွင့်မပေးဘဲ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ ကျဆုံးသူကို ဆွဲခေါ်သွားပြီး အလောင်းဖျောက်ဖျက်ပစ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အရေးပေါ် လူနာတင်ယာဉ်၊ ပရဟိတယာဉ်များပါမကျန် ရှာဖွေ စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်း၊ ဆေးရုံ ဆေးပေးခန်းများပါမချန် ဝင်ရောက် စီးနင်းခြင်း တို့ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားဒေသများကိုပါ ထိုးစစ်ဆင်တိုက်ခိုက်လာ ခြင်းကြောင့် ဒေသခံ ဌာနေတိုင်းရင်းသားများသည် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ အရေးယူမှု မပြုမလုပ်မချင်း ပြည်သူများမှာ နေ့စဉ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။
    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
    အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။“အရေးတော်ပုံအောင်ရမည်”
    Email : info@aappb.org
    Facebook : https://web.facebook.com/burmapoliticalprisoners/
    Twitter : https://twitter.com/aapp_urma
    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းခံစာရင်းမြန်မာဘာသာဖြင့်Total Detention, Charge Lists_Burmese (Last Updated on 3 April 2021)
ကျဆုံးသူများစာရင်းမြန်မာဘာသာဖြင့်Fatality list for April 3, 2021 (Burmese Final)
လွတ်မြောက်သူများစာရင်းမြန်မာဘာသာဖြင့်Total Released list_Burmese (Last Updated on 3 April 2021