စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဧပြီလ ၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၂) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၅) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၅) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၄၈) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၂) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၅၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဧပြီလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၇၅၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယမန်နေ့ (ဧပြီလ ၁ ရက်) ညအချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှ ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုများကို နောက်ထပ် တစ်စုံတစ်ရာ အကြောင်းမကြားမချင်း ပိတ်ထားရန် ညွှန်ကြားခဲ့သည်။ မြန်မာနိုင်ငံတွင်း အချိန်အကန့်အသတ်ဖြင့် အင်တာနက်ဖြတ်တောက်ထားသည်မှာ ၄ရ ရက် ရှိပြီဖြစ်ပြီး မိုဘိုင်းဒေတာဖြင့် အင်တာနက်အသုံးပြုမှုကို ရပ်ဆိုင်းထားသည်မှာ ၁၈ ရက်ရှိလာပြီဖြစ်သည်။ ထို့အပြင် ယနေ့မှ စတင်၍ Wireless Broadband Wifi များကို ထပ်မံပိတ်ဆို့ဖြတ်တောက်ခဲ့ပြန်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုနိုင်သူမှာ ရာခိုင်နှုန်းအနည်းအကျဉ်းသာ ရှိနေသည်။ ထိုကဲ့သို့ ဖိနှိပ်မှုများသည် ပြည်တွင်း ဆက်သွယ်မှုများ နှင့် ပြည်သူများ၏ ထုတ်ဖော်ပြောဆိုနေမှုများကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည့်အပြင် နိုင်ငံတကာအသိုက်အဝိုင်း၌ ၎င်းတို့၏ ရက်စက်မှုများကို ဖုံးကွယ်ထားနိုင်ရန်လည်း ရည်ရွယ်ခြင်းဖြစ်သည်။ ကမာ္ဘ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံတွင် လျင်မြန်စွာ ယိုယွင်းပျက်ပြားလာသော အခြေအနေကို များစွာ စိုးရိမ်ပူပန်မိသည်ဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းအခြေအနေများသည် ပို၍ ဆိုးရွားလာ လျက်ရှိသည်ကို သိသာ ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ထိုအခြေအနေများကို သိရှိရုံမျှ ဖြင့်မဟုတ်ဘဲ ကမာ္ဘ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် နှင့် အထူးကိုယ်စားလှယ်တို့၏ အကြံပြုချက်များအတိုင်း တင်းကျပ်သော အရေးယူဆောင်ရွက်မှုများကို စောလျှင်စွာ လုပ်ဆောင်ပါရန် တိုက်တွန်းအပ်ပါ သည်။
ယနေ့ (ဧပြီလ ၂ ရက်) တွင် မြန်မာပြည်တဝှမ်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ ဆက်လက် ပြုလုပ်ခဲ့ ကြသည်။ ရန်ကုန်မြို့နေရာအနှံ့တွင်လည်း အိမ်ပြန်လာခွင့်မရှိတော့သည့် နွေဦးတော်လှန်ရေး သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် Flower Strike များကို ပြုလုပ်ခဲ့ကြသည်။
အကြောင်းမဲ့ စီးနင်းဝင်ရောက်၍ ပစ်ခတ်ခြင်းကြောင့် ကျဆုံး ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီးမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။ ယနေ့နံနက် ၂ နာရီအချိန်က အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ စစ်သား နှင့် ရဲများက စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ၁၃ ရပ်ကွက်ရှိ ပြည်သူများ၏ သပိတ်ခံတပ်များကို စီးနင်းရာ ပြည်သူများဘက်မှ ပါဝင်ကာကွယ်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ရဲ (၁) ဦး ကျဆုံးသွားခဲ့ပြီး ၎င်း၏ ရုပ်အလောင်း ကို စစ်တပ် နှင့် ရဲများမှ လုယူသွားကြကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌လည်း အခြေအနေများတင်းမာလျက်ရှိပြီး ယနေ့နံနက် ၃ နာရီအချိန်မှစတင်၍ သစ်ရွာပင်ကျေးရွာရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ခံတပ်များကို စစ်တပ်က အင်းအား ၄၀ဝ ကျော်ဖြင့် ပစ်ခတ် စီနင်းရန် ကြိုးစားရာ ရွာသားများက ပြန်လည်ခုခံသဖြင့် ပစ်ခတ်မှုများ အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် ရွာသား (၃) ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးကုသနိုင်ခြင်းမရှိဟု သိရှိရသည်။ ယင်းမာပင်မြို့နယ်၊ သပြေအေး ကျေးရွာ၌လည်း ကျေးရွာဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးကို လာရောက်ဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား (၆) ဦး ဒဏ်ရာရရှိခဲ့ကာ (၁) ဦးမှာ စိုးရိမ်ရသော အခြေအနေရှိသည်ဟု သိရှိရသည်။ ထို့ပြင် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ဓားစာခံလုပ်ထားခဲ့ပြီး ဆရာတော်ကို ထုတ်ပေးရန် တောင်းဆိုလျက်ရှိသည်ဟု သိရှိရသည်။
မတ်လ ၃၁ ရက်နေ့က အကြောင်းမဲ့ ရမ်းကားပစ်ခတ်ခဲ့၍ ဦးခေါင်းတွင် ကျည်သင့်ဒဏ်ရာရရှိခဲ့သော တောင်ကိုရီးယားဘဏ် Shinhan Bank ဝန်ထမ်း အမျိုးသမီး (၁) ဦး​သည် ယနေ့နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့သည်။
ယမန်နေ့ (ဧပြီလ ၁ ရက်) ည ၁ဝ နာရီအချိန်ဝန်းကျင်က စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်၌ ရဲ နှင့် စစ်သားများမှ ကင်းသမားများကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး ကျဆုံးသွားခဲ့ကာ (၁) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
ညှဉ်းပန်းနှိပ်စက်ခြင်းကို ရက်ဆက်ဆိုသလို ကျင့်သုံးလျက်ရှိသော အာဏာသိမ်းစစ်အုပ်ကြောင့် ပြည်သူများမှာ ရက်ဆက် ဆိုသလို ကျဆုံး၊ ဒဏ်ရာရလျက်ရှိသည်။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ပုသိမ်လမ်းတွင် ရဲများမှ လူငယ်တစ်ဦးကို ဝိုင်းရိုက်ပြီးနောက် ဒရွတ်တိုက်ဆွဲခေါ်သွားပြီး လမ်းထိပ်တွင် ထားပစ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အရဲစွန့်ပြီး သွားရောက်ကယ်ဆယ်ခဲ့ရသည်ဟု သိရှိရသည်။ မတ်လ ၃၁ ရက်နေ့ ညပိုင်းကလည်း တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်ကို ဝင်ရောက်စီးနင်း၍ အမျိုးသားများကို ရိုက်နှက်ကန်ကြောက်ခဲ့ပြီး သေနတ်ဒင်များဖြင့် ထုကာနှိပ်စက်သွား​ခဲ့သည်။ ထို့ပြင် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ အိမ်တွင်း၌ရှိသော ကိုယ်ဝန် ငါးလရှိ အမျိုးသမီး (၁) ဦးမှာ ကျည်ထိ ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်သည့် ဝန်ထမ်းများသည်လည်း ခြိမ်းခြောက်ခံနေကြရပြီး ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်လာလျက်ရှိသည်ကို တွေ့ရှိရသည်။ တနင်္သာရီတိုင်း မြိတ်မြို့တွင် CDM ၌ ပါဝင်ကာ ရှောင်တိမ်း ပုန်းခိုနေသည့် ပညာရေးဝန်ထမ်း အမျိုးသမီး (၂) ဦးကို မတ်လ ၃၁ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က မတရား ရိုက်နှက် ခြိမ်းခြောက်၍ ဖမ်းဆီးသွားခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ် နှင့် ကျေးရွာများတွင် မတ်လ ၃ဝ ရက်နေ့မှစတင်၍ ရဲနှင့် စစ်သားများမှ အင်အားအလုံးအရင်း ဖြင့် လာရောက် ဖြိုခွင်း၍ နေအိမ်များကို ဝင်ရောက်ရှာဖွေလျက်ရှိပြီး မီးဖိုဆောင်သုံးဓား၊ ငွေကြေး၊ လက်ကိုင်ဖုန်း၊ လက်ဝတ်ရတနာတို့ကို လုယူလျက်ရှိသောကြောင့် ဒေသခံ တစ်သောင်းကျော်သည် တောတောင်စိုက်ခင်းများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။။ တိမ်းရှောင်သူဦးရေမှာလည်း တိုးလာနေကြောင်းသိရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်း မြန်မာဘာသာ Total Detention and Charge (Burmese) (Last Updated on 2 April 2021)
ကျဆုံးသူများစာရင်း မြန်မာဘာသာ Fatality list for April 2, 2021 (Burmese Final)KSM (1)
လွတ်မြောက်စာရင်း မြန်မာဘာသာTotal Released list (Burmese) (Last Updated on 2 April 2021)