စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၂) ဦးနှင့် ယခင်နေ့ရက်များတွင် ကျဆုံးခဲ့သည့် ပြည်သူ (၁၃) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၁၃) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၃၄) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၂) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၃၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မတ်လ ၃၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၇၂၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
ယနေ့တွင် မြန်မာပြည်အနှံ့အပြား၌ ဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိသည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ အနီး ဖြိုခွင်းမှု၌ အမျိုးသား (၁) ဦးသည် ဦးခေါင်းကို ကျည်သင့်၍ ကျဆုံးခဲ့ပြီး (၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ရှမ်းပြည်နယ် ကျောက်မဲမြို့၌မူ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ကျဆုံး၊ ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ ရန်ကုန်တိုင်း သာကေတမြို့နယ်၌ ဆန္ဒထုတ်ဖော်ခြင်းမပြုမီ လူစုနေချိန်တွင် ပစ်ခတ်မှုတချို့ရှိခဲ့ပြီး လမ်းများအတွင်းသို့ ဝင်ရောက်ကာ ဖမ်းဆီးမှုများပြုခဲ့သည်။ ယနေ့နံနက်နှင့် နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်း၌ အပြင်းအထန် အင်အားသုံး၍ ဖြိုခွင်းသည်ကို မတွေ့ရဘဲ အတန်ငယ် ငြိမ်သက်လျက်ရှိသော်လည်း ညနေပိုင်းတွင် အကြမ်းဖက် ပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများ နေရာ အတော်များများတွင် ပြန်လည်ပြုလုပ်လာခဲ့သည်။ ထိုအခြင်းအရာနှင့် ဆက်စပ်လျက်ရှိ သည်မှာ CNN သတင်းဌာန၏ နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward မြန်မာနိုင်ငံတွင်း သတင်း လာရောက်ယူ နေချိန်ဖြစ်သည်။ သို့သော်လည်း သတင်းထောက်ချုပ်သည် သွားရာနေရာတိုင်းတွင် စစ်ကားအများအပြားနှင့် လက်နက်ကိုင် စစ်သားများ လိုက်ပါနေခြင်းကြောင့် မြေပြင်သတင်းအမှန်ရရှိရန် ခက်ခဲမည်ဖြစ်ပြီး တွေ့လိုသည့်သူများ၊ အကြမ်းဖက်ဖြိုခွဲ နေသည့် နေရာများသို့ သွားရောက်သတင်းယူရန်လည်း ခွင့်ပြုချက်ရနိုင်မည်မဟုတ်ပေ။ ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့၌လည်း လျှပ်စစ်မီးများ ဖြတ်တောက်ထားပြီး သတင်းစီးဆင်းမှုကို ဖြတ်တောက်ထား သည့် အတွက်လည်း မြေပြင် သတင်းအမှန်များရရှိမှု နှောင့်နှေးမည်ဖြစ်သည်။
ယမန်နေ့ ညပိုင်းကမူ ပစ်ခတ်မှုတချို့ရှိခဲ့ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၌ ကလေးမြို့သို့သွားမည့် စစ်ကားများကို တားဆီးခဲ့၍ ပစ်ခတ်ခြင်းခံခဲ့ရကာ ဒေသခံ (၂) ဦး ကျဆုံးခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အတွင်းသို့ ယမန်နေ့ညသန်းခေါင်ယံအချိန်၌ ဆက်တိုက်ပစ်ခတ်​ခဲ့သည်ဟု သိရှိရသည်။
အာဏာသိမ်းစစ်အုပ်စုမှ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီး၊ ထိန်းသိမ်းထားသူများကို ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်လျက် ရှိသည့်အပြင် ယခုအခါ၌ လမ်းများ၊ အိမ်များအတွင်း၌ပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။ ယမန်နေ့ (မတ်လ ၃၀) ရက်နေ့တွင် ရန်ကုန်တိုင်း သာကေတမြို့နယ်၌ ၎င်းတို့၏ လက်ပါးစေ ရဲနှင့် စစ်သားများမှ ဆိုက္ကားဆရာ (၁) ဦးအား မျက်နှာကို ဓားဖြင့် မွှန်းခဲ့၍ တစ်လက်မကျော် ပေါက်ပြဲသွားပြီး အတွင်းသားများကို မြင်ရသည်အထိနက်သည့် ဒဏ်ရာရရှိခဲ့ သည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌လည်း အမျိုးသား (၁) ဦးကို မတ်လ ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့တွင် ရုပ်အလောင်းကိုမပေးဘဲ ၎င်းတို့သင်္ဂြိုဟ်မည်ဟုဆိုကာ လာကြည့်ခွင့်ပေးခဲ့သည်ဟု သိရှိရသည်။ ဤသည်မှာ ၎င်းတို့ ညဉ်းပန်းနှိပ်စက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများကို လက်စဖျောက်ခြင်းဖြစ်၍ နိုင်ငံတကာ ဥပဒေများအရ ကြီးမားသော ရာဇဝတ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်သည်။ ညှဉ်းပန်း နှိပ်စက်မှုပပျောက်ရေး၊ တားဆီးကာကွယ်ရေးတို့အတွက် အစိုးရတိုင်းတွင် တာဝန်ရှိ၍ လုပ်ဆောင်ရမည်ဖြစ်သော်လည်း အကြမ်းဖက် စစ်အုပ်စုမှ တရားမဝင် အာဏာသိမ်းယူလိုက် ပြီးသည့်နောက်တွင် နိုင်ငံသားများသည် မည်သည့် ကာကွယ် စောင့်ရှောက်မှုမျှရရှိခြင်းမရှိတော့ဘဲ ညှဉ်းပန်း နှိပ်စက်ခြင်းကို တရားဝင်သကဲ့သို့ ကျင့်သုံးလျက်ရှိသည်။
အကြမ်းဖက် စစ်အုပ်စုသည် လုံခြုံခွင့်ပေးရမည့်နေရာ (Safe Zone) ဟု သတ်မှတ်ထားသော နေရာများကိုပါမကျန် ဆက်တိုက်စီးနင်းမှုများပြုလုပ်လျက်ရှိသည်။ ယနေ့ နံနက် ၂ နာရီအချိန်က ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ တက်လန်းဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဝန်ထမ်းများကို အော်ဟစ်ဆဲဆိုကာ နံပါတ်တုတ်ဖြင့်ရိုက်ခြင်း၊ ဖိနပ် နှင့် ခေါင်းကိုကန်ခြင်း၊ ပါးရိုက်ခြင်း၊ ဆွဲထိုးခြင်းတို့ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် CCTV မှတ်တမ်းများကိုပါ ဖျက်ဆီးသွားခဲ့သည်။
စစ်အုပ်စုမှ အာဏာသိမ်းခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အချို့မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့ကြပြီး တိုင်းရင်းသားဒေသတချို့၌လည်း တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ကြသည်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌ လက်နက်ကိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာကြပြီး ဒေသခံဌာနေတိုင်းရင်းသား များမှာ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိလာသည်သာမက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုမှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာနယ်မြေများအတွင်း ရက်ဆက်ဆိုသလို လေကြောင်းမှ ဗုံးကြဲချ၍ တိုက်ခိုက်လျက်ရှိသည်။ ယမန်နေ့ (မတ်လ ၃၀) ညနေပိုင်းအချိန်၌ လေကြောင်းဖြင့် ဗုံးကြဲခဲ့ သောကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်းရှိ ထီးဖဒိုကျေးရွာမှ ရွာသား (၆) ဦး ကျဆုံးသွားခဲ့ပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ခက်ပီခီးကျေးရွာ၌ အိမ်တစ်လုံး မီးလောင်ပြာကျကာ အိမ်တစ်အိမ် ပျက်စီးသွားခဲ့သည့် အပြင် မဲဝိုင်ကျေးရွာကိုလည်း လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့သည်ဟု သိရှိရသည်။ လက်ရှိအခြေအနေ တွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကလေးသူငယ်များအပါအဝင် ဒေသခံရွာသားများမှာ အိုးအိမ်များကို စွန့်ခွာ၍ တောအတွင်း ပုန်းအောင်းနေထိုင်နေကြရပြီး အစာရေစာ ပြတ်လတ်ခြင်း၊ ဆေးကုသခွင့် မရခြင်းတို့ကို ရင်ဆိုင်နေကြရ သည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးကြသော ရွာသားများလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြ ရသည်။
ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များအတွင်း ဒေသခံတိုင်းရင်းသားများမှာ အလွန်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြား ရှင်သန်နေထိုင်ခဲ့ရသည်။ အာဏာသိမ်းမှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမှာ အဆုံးသတ်သွားခဲ့ပြီး တကျော့ပြန် ဖြစ်ပွားလာသော တိုက်ပွဲများကြား၌လည်း တဖန်ပြန်၍ ထိခိုက်ဆုံးရှုံးမှုများစွာ ရင်ဆိုင်ခံစားနေကြရပြီ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မှသာလျှင် ငြိမ်းချမ်းရေးအသီးအပွင့်ကို ရရှိ ခံစားနိုင်မည်ဖြစ်သည်။
မတ်လ ၂၉ ရက်နေ့တွင် ကမာ္ဘ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်ဟောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားသော ကမာ္ဘ့ခေါင်းဆောင်များဖောင်ဒေးရှင်း Global Leadership Foundation (GLF) ၏ ဥက္ကဋ္ဌဖြစ်သူ (တောင်အာဖရိက သမ္မတဟောင်း) F.W. De Klerk မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ထံ မြန်မာနိုင်ငံအရေး နှင့်ပတ်သက်၍ စာရေးသားပေးပို့ခဲ့သည်။ အဆိုပါ စာအတွင်း၌ စစ်အုပ်စု၏ ရက်စက်မှုများကို အဆုံးသတ်ရန်၊ ကုလသမဂ္ဂ ချာတာအမှတ် ၉၉ ကို အသုံးပြုရန် နှင့် “Responsibility to Protect (R2P)” ဟုခေါ်ဆိုသည့် အပြစ်မဲ့ပြည်သူများကို အကာအကွယ်ပေးရေးမူအတိုင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း Kevin Rudd မှ လည်း သတင်းဌာနများအား ကျွန်ုပ်တို့တွင် အခြားရွေးချယ်စရာနည်းလမ်များမရှိဘဲ တောင်းဆိုမှုများသည် အဓိကကျသည့် အချက်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ တရုတ် နှင့် ရုရှားနိုင်တို့မှ R2P တောင်းဆိုချက်ကို ပယ်ချနိုင်သော်လည်း စစ်အုပ်စုက မည်သို့ပြုမူလျက်ရှိသည်ကို ၎င်းတို့အား သတိပေးသကဲ့သို့ ဖြစ်စေမည်ဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စုသည် လူမျိုးစုများအပေါ် ဖိနှိပ်ရှင်းလင်းမှုအပါအဝင် ဆိုးရွားရက်စက်မှုများစွာ ကို ကျူးလွန်လျက်ရှိပြီး ကမာ္ဘ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆောင်ရွက်ခြင်းမပြုလျှင် စစ်အုပ်စု နှင့် နောင်ဖြစ်ပွားလာမည့် လူသားချင်း စာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအား အားပေးစေသကဲ့သို့ ဖြစ်စေမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_urma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းခံရသူများစာရင်းဒေါင်းလော့ရယူရန်Total Detention, Charge burmese (Last Updated on 31 March 2021)
လွတ်မြောက်သူများစာရင်းဒေါင်းလော့ရယူရန်Total Released Burmese (Last Updated on 31 March 2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality List for March 31