စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ မတ်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ပြည်သူ (၈) ဦးနှင့် ယမန်နေ့တွင် ကျဆုံးခဲ့သည့် ပြည်သူ (၃) ဦးတို့၏ အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ကျဆုံးသူအရေအတွက်မှာ တိုးလာနေဆဲဖြစ်ပြီး ကျဆုံးသူများ၏ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၃) ဦး၏ အချက်အလက်များကို ထပ်မံ ရရှိ သည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၅၁၃) ဦးရှိခဲ့ပြီး ယနေ့တွင် ကျဆုံးသူ (၈) ဦးရှိခဲ့ရာ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၅၂၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ မတ်လ ၃ဝ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၂၆၀၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၂၀) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကို နေ့စဉ် နည်းအမျိုးမျိုးဖြင့် ပြန်လည် ဆန့်ကျင်တွန်းလှန်သည့် မြို့များကို ပစ်မှတ်ထား ၍ အပြင်းအထန်ဆုံး ချေမှုန်းလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့နယ်သည်လည်း အပါအဝင်ဖြစ်လာသည်။ နေ့စဉ် ရက်ဆက် ချေမှုန်းခြင်းခံရ၍ ကျဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိသော တောင်ဒဂုံမြို့နယ်သည် အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ ရဲ နှင့် စစ်သားများ ရပ်ကွက်များအတွင်း ဝက်ရောက်ပစ်ခတ်မှုများမပြုလုပ်နိုင်စေရန် ခံတပ်များကို ကိုယ်တိုင်တည်ဆောက်၍ တားဆီးကာကွယ်ခဲ့သည်။ ယမန်နေ့ (မတ်လ ၂၉) ညနေတွင် အကြမ်းဖက်စစ်အုပ်စုမှ လက်ပစ်ဗုံး၊ လောင်ချာ နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ခံတပ်ပြိုသွားပြီးချိန်မှစတင်ကာ တောင်ဒဂုံ မြို့နယ်သည် ယနေ့အချိန်ထိတိုင်အောင် အင်အားအလုံးအရင်းဖြင့် စီးနင်းခြင်းခံထားရပြီး အပြင်းအထန် ပစ်ခတ်ဖြိုခွင်း ခြင်းကို ခံခဲ့ရကာ အိမ်များ၊ ပြည်သူပိုင်ကားများ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ရဲ နှင့် စစ်သားများမှ ရပ်ကွက်၊ လမ်း၊ အိမ်များ ပါမကျန် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်း၊ ဖမ်းဆီးထားသော လူငယ်များကို ဓားစာခံပြုလုပ်၍ လက်နှစ်ဖက် ​ခေါင်း​ပေါ်တင်၍ ဒူးထောက်ခိုင်းထားပြီး အထပ်မြင့် တိုက်​ပေါ်မှ စနိုက်ပါများဖြင့် ချိန်ထား​ကာ သပိတ်​မှောက် ပြည်သူများဘက်သို့ “၎င်းတို့လူ​များကို လာကယ်ရန်၊ မကယ်ပါက ပစ်သတ်မည်”ဟု အော်ဟစ်ဆဲဆိုခြင်း စသည့် အမျိုးမျိုးသော အရက်စက်ဆုံး နှိမ်နှင်းမှုများကို ကျူးလွန်ခဲ့ကြသည်။ ယမန်နေ့ တောင်ဒဂုံမြို့နယ် စီးနင်းမှု၌ ကျဆုံးသွားသူများ၊ ထိခိုက်ဒဏ်ရသူများအား လက်နက်ကိုင်များမှ ကောက်ယူသယ်ဆောင်သွားခြင်းကြောင့် ကျဆုံးနှင့် ထိခိုက်မှုအ​ရေအတွက်မှာ အတိအကျ​ကောက်ယူရန်ခက်ခဲ​နေသည်။ ထိုကြောင့် ရရှိစာရင်းများမှာ ထပ်မံ၍ အရေအတွက် တိုးလာဦးမည်ဖြစ်သည်။ ထို့ပြင် စံပြ​ဆေးရုံအပါအဝင် ပုဂ္ဂလိကနှင့် အစိုးရ​ဆေးရုံများကိုပါမကျန် ဝင်ရောက် စီးနင်းထားပြီး ဒဏ်ရာရရှိသူများ ​ရောက်ရှိလာပါက ဖမ်းဆီးရန် ပြင်ဆင်​​နေသောကြောင့် ​ဆေးဝါးကုသမှု အခွင့်အ​ရေး ဆုံးရှူံး​နေ​ကြောင်း လည်း သိရှိရသည်။ ၎င်းပြင် ဒဏ်ရာရရှိသူများကို ဆေးကုသမှုပေးနေသော တောင်ဒဂုံရှိ ပညာ့အလင်း စာကြည့်တိုက်‌ကို ယနေ့ နံနက်ပိုင်းက အ​ကြမ်းဖက် ဝင်​ရောက်ဖျက်ဆီးခဲ့သည်။ ဒဏ်ရာရသူများအား ကြိတ်ကုနေရသဖြင့် လိုအပ်သည့် ဆေးဝါးများ၊ ကုသမှုများ ပြည့်မီစွာ မဆောင်ရွက်ပေးနိုင်၍ အသက်ဆုံးရှုံးနေရသည်များလည်း ရှိနေသည်။
ယမန်နေ့ တောင်ဒဂုံမြို့နယ်ဖြိခွင်းမှု၌ အရပ်သား (၁) ဦးသည် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည်။ မန္တလေးမြို့၌ ညကင်းစောင့်နေ သည့် အမျိုးသား (၁) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ပြီးသည့်နောက်တနေ့တွင် ထိုကဲ့သို့ ထပ်မံ၍ ကျူးလွန်ကြခြင်းဖြစ်သည်။ ယနေ့ တောင်ဒဂုံမြို့နယ်၌ အရပ်သား (၂) ဦး ပစ်သတ်ခြင်းခံခဲ့ရသည်ဟု ကနဦးသိရှိရပြီး ရုပ်အလောင်းကို အကြမ်းဖက် ရဲ နှင့် စစ်သားများမှ သယ်ဆောင်သွားခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုမှ အပြင်းအထန် နှိမ်နှင်းလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒထုတ်ဖော် လျက်ရှိကြသည်။ ယနေ့တွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အပြင် ပဲခူးတိုင်း ပဲခူးမြို့ နှင့် ပြည်မြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ တနင်္သာရီတိုင်း ကော့သောင်းမြို့၊ ရှမ်းပြည်နယ် မူဆယ်မြို့ နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် အကြောင်းမဲ့ ပစ်သတ်မှု၊ စီနင်းဝင်ရောက်၍ ပစ်သတ်မှု၊ ဖြိုခွင်းမှုတွင်း ပစ်သတ်မှုတို့ကြောင့် အရပ်သားပြည်သူများ ကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ နှင့် ဖမ်းဆီးခြင်းခံရသူ တချို့ လည်း ရှိကြောင်း သိရှိရသည်။
ကော့သောင်းမြို့၌ လူငယ် (၁) ဦးသည် ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး (၂) ဦး အပြင်းအထန် ဒဏ်ရာ ရရှိထားသည်။ ရပ်ကွက် သပိတ်ခံတပ်များကို ဖြိုခွင်းရာတွင် ရဲ နှင့် စစ်တပ်မှ ​ရေ​ကြောင်း ကင်းလှည့် ​မော်​တော်ဘုတ်များကိုပါ အသုံးပြု ဖြိုခွင်း​နေကြောင်း သိရှိရသည်။
ပဲခူးမြို့၌ ငွေချေးဘဏ်မှ ဝန်ထမ်းအမျိုးသား (၁) ဦး ကျည်သင့် ဒဏ်ရာဖြင့် ကျဆုံးသွားခဲ့သည်။
မန္တလေးမြို့၌ အမျိုးသား (၁) ဦး ကျည်သင့် ဒဏ်ရာဖြင့် ကျဆုံးသွားခဲ့သည်။
မူဆယ်မြို့၌ အမျိုးသား (၁) ဦးသည် ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့သည်။
မြစ်ကြီးနားမြို့၌ လူငယ် (၁) ဦးကျဆုံးသွားခဲ့ပြီး ရမ်ပူရပ်ကွက်ရှိ ကုန်စုံဆိုင်နှင့် ဆိုင်ကယ်ပြင်ဆိုင် နှစ်ခုကို မီးရှို့သွားခဲ့သည်။
မည်မျှပင် ပစ်ခတ်သတ်ဖြတ်၍ ခြိမ်းခြောက်မှုများပြုလုပ်နေသော်လည်း ပြည်သူများသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)များ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများအား အချိတ်အဆက်မိမိဖြင့် အရှိန်အဟုတ်မပျက် ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ဖြစ်သည်။ ထိုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျဉ်းမရှိသောကြောင့် အကြမ်းဖက်စစ်အုပ်စုသည် အထက်တွင်ဖော်ပြထားသည့် မီးရှို့ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများစသည့် ပိုမိုရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် နည်းနာ အသုံးပြုလာပြီး ရက်ဆက်ဆိုသလို ကျူးလွန်၍ အကြောက်တရားများ စိမ့်ဝင်လာစေရန် ပြုလုပ်လာသည်ကို တွေ့ရှိလာရပါသည်။ ပဲခူးတိုင်း၊ ပဲခူးမြို့၌ ယမန်နေ့ နံနက်ပိုင်း၌ ပဲခူးတက္ကသိုလ်မှ ကျောင်းသား တစ်ဦး နှင့် လူငယ် တစ်ဦးသည် ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခြင်းခံခဲ့ရ၍ ဆိုင်ကယ်မှောက်နေစဉ် ရဲနှင့်စစ်သား များက ၎င်းတို့အား ဘုန်းကြီးကျောင်းအတွင်း ဆွဲသွင်းသွားခဲ့ပြီး ညနေပိုင်းအချိန်၌ ပဲခူးတက္ကသိုလ် ကျောင်းသား ကျဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။ ကျန်လူငယ်သည်လည်း ဗိုက်ကို ကျည်ဆန်ထိ၍ စိုးရိမ်ရသော အခြေအနေတွင်ရှိသည်ဟု သိရှိရသည်။ ၎င်းပြင် မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ အိုင်ရည်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား (၄) ဦးသည် မတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၎င်းတို့အနက်မှ (၂) ဦးသည် ကျဆုံးသွားကြောင်း ယမန်နေ့က အကြောင်းကြားလာသည်ဟု သိရှိရသည်။ ကျဆုံးသွားသော အမျိုးသား (၂) ဦးတွင် ညှင်းပန်းနှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာများရှိကြောင်း သိရှိရပြီး ၎င်းတို့၏ ရုပ်အလောင်းများကိုလည်း မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း သိရှိရသည်။ မတ်လ ၂ရ ရက်နေ့၌ ထားဝယ်မြို့ အ.ထ.က ၃ အနီးတွင် လူငယ်သုံးဦး ဆိုင်ကယ်ဖြင့် စီးလာစဉ် အရပ်ဘက်ကားစီးလာသည့် ရဲနှင့် စစ်သားများက ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် CCTV မှ ဖမ်းယူထားသည့် မှတ်တမ်းတစ်ခုထွက်လာပြီး တစ်ဦးမှာ သေနတ်မှန်သွားခဲ့သည်။ ထိုလူငယ်အား သေနတ်ဖြင့် ပစ်ခတ်သူများ စီးလာသည့် ကားပေါ်သို့ ဆွဲယူ ခေါ်ဆောင်သွားခဲ့သည်။ စစ်ဆေးရုံတွင် ဆေးကုသပေးနေသည်ဟု ဖခင်အား အကြောင်းကြား ခဲ့သော်လည်း ဒဏ်ရာရသူ ကျော်မင်းလတ် ခေါ် ကိုဖိုးတုတ် (အသက် ၁ရ နှစ်) မှာ ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ သို့သော် ထားဝယ်မြို့၊ တပ်မတော်ဆေးရုံမှ ထုတ်ပေးသော သေဆုံး မှတ်တမ်းစာရွက်တွင် အဖြစ်မှန်အား ဖုံးကွယ်ကာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ ကနဦး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိဟု လိမ်လည် ရေးသားဖေါ်ပြထားသည်ကို တွေ့ရှိခဲ့ ရပါသည်။
မည်သည့်နိုင်ငံတွင်မျှ ဖမ်းဆီးထိန်းသိမ်းထားသူကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုလုပ်ရပါ။ ညှဉ်းပန်းနှိပ်စက်ခြင်းသည် အလွန် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ဖမ်းဆီးထားသူကို ဝန်ခံစေရန် အတင်းအကြပ် မေးမြန်း၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းလို၍ ညှဉ်းပန်း နှိပ်စက်ခြင်းတို့ကို သာမန်လုပ်ရိုးလုပ်စဉ်သဖွယ် ပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင်ကို အမြစ်ဖြတ်မချေမှုန်းနိုင်သေးသမျှကာလပတ်လုံး ပြည်သူများသည် ထိုကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် အသက်ဘေးအန္တရာယ် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”
Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_urma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသွားသူများစာရင်းဒေါင်းလော့ရယူရန် Fatality List for March 30 (Final)
ဖမ်းဆီးထိန်းသိမ်းခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Total Detention, Charge မွနျမာဘာသာLists_Burmese (Last Updated on 30 March 2021)
လွတ်မြောက်သူများစာရင်း ဒေါင်းလော့ယူရန်Total Released List Bur (Last Updated on 30 March 2021)