စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ကျဆုံးသွားခဲ့သည့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အရပ်သားပြည်သူ (၁၁) ဦး ၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ပြင် ယခင်နေ့ရက်များတွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂၃) ဦး၏ အချက်အလက်များ ကို ထပ်မံရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၃၀၉) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၃၂၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၉၈၁) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦး နှင့် ပြန်လည်လွတ်မြောက်လာသူများ၏ စာရင်းများလည်း ထည့်သွင်းဖော်ပြထားသည်။ ပြန်လည်လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့် အတွက် ယခုစာရင်းတွင် အတည်ပြုရန်လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများကို ဆက်လက်ဖော်ပြ သွားပါမည်။
ယမန်နေ့ (မတ်လ ၂၄) တွင် မြန်မာပြည်တဝှမ်း၌ အသံတိတ် သပိတ်များဆင်နွှဲခဲ့ကြပြီးနောက် ညအချိန်၌လည်း မြို့နယ် တချို့၌ ညသပိတ်များ ဆက်လက်ဆင်နွှဲခဲ့ကြပြီး တချို့နေရာများတွင် အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရကာ သေဆုံး၊ ဒဏ်ရာ ရရှိမှုများအပြင် ဖမ်းဆီးခြင်းများလည်းရှိခဲ့သည်။ ယမန်နေ့ ညသပိတ်၌ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ လူငယ် (၁) ဦး ကျဆုံးသွား ခဲ့ပြီး မန္တလေးမြို့၌မူ အကြောင်းမဲ့ရမ်းကားပစ်ခတ်မှုကြောင့် အသက် (၁၆) နှစ်အရွယ် ကလေးငယ် (၁) ဦး ကျဆုံးသွားခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ ဒဏ်ရာရသူများကို ကယ်ဆယ်​သော ပရဟိတ​ဆေးရုံတင်ကားများကို ပါမကျန် ရမ်းကားပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းစစ်အုပ်စုသည် မတ်လ ၂ရ ရက်နေ့တွင်ကျရောက်မည့် တော်လှန်ရေးနေ့ မတိုင်မီ ဆန္ဒထုတ်ဖော်မှုများ အရှိန်လျော့ သွားစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည့်အတွက် ယနေ့တွင် ရဲ၊ စစ်သား အင်အား အလုံးအရင်းဖြင့် အသုံးပြုပြီး ပို၍ ကြမ်းတမ်း ရက်စက်မှုသည့် အပြုအမူများကို ကျင့်သုံးခဲ့သည်။ ကျဆုံး၊ ဒဏ်ရာရမှုများအပြင် ဖမ်းဆီးမှုများလည်း ဆက်ရှိနေဆဲဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် မိုးညှင်းမြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ မွန်ပြည်နယ် မော်လမြိုင် မြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် နှင့် တာမွေမြို့နယ်တို့၌ အကြမ်းဖက် ဖြိုခွင်းခဲ့ကြောင်း ကနဦး သိရှိရပါသည်။

ယနေ့ဖြိုခွင်းမှုတွင် တောင်ကြီးမြို့၌ အင်အားအလုံးရင်းဖြင့် စစ်မြေပြင်သဖွယ် ပစ်ခတ်ခဲ့၍ (၄) ဦးထက်မနည်း ကျဆုံးသွားခဲ့ပြီး (၁) ဦး၏ ရုပ်အလောင်းကို စစ်တပ်က ပြန်မပေးဘဲ ဒရွတ်တိုက်ဆွဲကာ လုယူသွားခဲ့သည်။ ဒဏ်ရာရသူ တချို့လည်း ရှိသည်ဟု သိရှိရသည်။ ၎င်းပြင် အိမ်များကို ရိုက်ဖွင့်ကာ ​ကျောင်းသားနှင့် ပြည်သူများကို ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ဆိုင်ကယ်၊ ကားများ နှင့် ပြည်သူများကာရံထားသော အကာကွယ်များကို ဖျက်ဆီးခဲ့သည်။ ရက်ကွက်လမ်းများ တွင်းဝင်ရောက်၍ အကြောင်းမဲ့ မိုက်ရိုင်းစွာ ဆဲဆိုကြိမ်းမောင်း၍ တွေ့ကရာ ပစ္စည်းများဖျက်ဆီးပစ်မှု များရှိခဲ့သည်။ မိုးညှင်းမြို့တွင် အမျိုးသား (၂) ဦး ကျဆုံးသွားခဲ့ပြီး မြစ်ကြီးနားမြို့တွင် အရပ်သားပြည်သူ (၃)ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ဖြိုခွင်းမှု နှင့် စီးနင်းဝင်ရောက်မှုများအတွင်း ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီးမှုများရှိခဲ့သည်။ ၎င်းပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့၌ (၂) ဦးကျဆုံးသွားခဲ့ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့သည်။ သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏကို အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ထားခဲ့ပြီး ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်မှုများ ကြောင့် (၂) ဦး ကျဆုံးသွားခဲ့ပြီး (၁၃) ဦး ဒဏ်ရာရရှိကာ (၂) ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိသည်ဟု သိရှိရသည်။ ပဲခူးတိုင်း၊ ဖြူးမြို့တွင် ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်း၏သားအား နေအိမ်တွင်ဖမ်းဆီးသွားသည့် အတွက် လူထုမှ မကျေနပ်သဖြင့် ပြန်လွှတ်ပေးရန်တောင်းဆိုကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ပစ်ခတ်ဖြိုခွင်းရာ ဒုတိယနှစ်ကျောင်းသား (၁) ဦး ဆီးခုံသို့ကျည်ထိမှန်ပြီး နေရာတွင်ပွဲချင်းပြီး ကျဆုံးခဲ့ရပြီး အမျိုးသမီး (၁) ဦး ပေါင်တွင်ဒါဏ်ရာရခဲ့သည်။
ထို့ပြင် ဖမ်းဆီး ခံထားရသူ ၂ဝ ဦးထက် မနည်းရှိနေပြီး ထိခိုက် ဒဏ်ရာရရှိသူနှင့် အဖမ်းဆီးခံရသူ အရေအတွက် တိုးလာနိုင်သည်ဟု သိရှိရသည်။ ထို့ပြင် ဖြိုခွင်းမှု နှင့် စီးနင်းဝင်ရောက်မှုများအတွင်း ဒဏ်ရာရရှိမှု နှင့် ဖမ်းဆီးမှုများရှိခဲ့သည်။ ၎င်းပြင် လူနေအိမ်များကိုပါ အကြမ်းဖက် ရိုက်ဖွင့်ပြီး ဖမ်းဆီးမှုများပါ ပြုလုပ်လျက်ရှိသည်။
ဘားအံမြို့တွင် သပိတ်စစ်ကြောင်းမစတင်မီ လူစုရန် ပြင်ဆင်နေချိန် ပစ်ခတ်ဖြိုခွင်းခြင်းခံရ၍ အပြင်းအထန် ဒဏ်ရာရရှိသူ (၁) ဦး နှင့် မစိုးရိမ်ရ ဒဏ်ရာရရှိသူ (၇) ဦး ရှိခဲ့သည်။
မော်လမြိုင်တွင် ပြည်သူ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး (၂၀) ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထို့ပြင် အာဏာသိမ်းစစ်အုပ်စုမှ City Mart၊ Orange နှင့် စိန်ဂေဟာအပါအဝင် ဈေးဝယ်စင်တာ နှင့် ကုန်တိုက်ဝန်ထမ်း ၁၀ဝ ဝန်းကျင်ကို မနေ့က (မတ်လ ၂၄) မွန်းလွဲပိုင်း၌ ခေါ်ယူသွားခဲ့သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိသေးပါဟု သိရှိရသည်။ ယနေ့တွင် ဒေါပုံမြို့နယ်၌ စစ်သား၊ ရဲများက နိုင်ငံရေးအကျဉ်းသားဟောင်းတဦးအား အိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် အိမ်ရှိ အဖေနှင့် ညီဖြစ်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယမန်နေ့ညအချိန်ကလည်း မြောက်ဒဂုံမြို့နယ် ၃၃ရပ်ကွက်ရှိ တက်ကြွလှုပ်ရှားသူတ (၁) ဦးအား နေအိမ်တွင်လာရောက်ဖမ်းဆီးရာ မတွေ့ရသဖြင့် ဖခင်ဖြစ်သူအားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယမန်နေ့ (မတ်လ ၂၄) ရက်နေ့တွင် ကမာ္ဘ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လည်လွှတ်ပေးရန် အပါအဝင် တိုက်တွန်းတောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ အတည်ပြုခဲ့သည်။ နိုင်ငံအရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှလည်း ကြိုဆိုပြီး မြန်မာပြည်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့်အတူ ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Total Fatality Lists_English (Last Updated on 25 March 2021)
ဖမ်းဆီးခံထားရသူများစာရင်း မြန်မာဘာသာဖြင့် ဒေါင်းလော့ယူရန်Total Detention, Charge Burmese (Last Updated on 25 March 2021)