စစ်အာဏာသိမ်းပြီးနောက်လတ်တလောဖြစ်ပေါ်လျက်ရှိသောအခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယမန်နေ့ (မတ်လ ၂၃) အထိ ကျဆုံးသွားခဲ့သူ (၂၇၅) ဦး ရှိပြီး ယနေ့တွင် အရပ်သားပြည်သူ (၁၂) ဦး၏ အချက်အလက်များကို ထပ်မံရရှိခဲ့ပါသည်။ သို့သော် (၁) ဦးမှာ ကျဆုံးစာရင်းတွင် ထည့်သွင်းထားခဲ့သော်လည်း ယနေ့ ပြန်လည်လွတ်မြောက် သည့်အထဲတွင် ပါဝင်လာခဲ့သောကြောင့် ထိုလွတ်မြောက်လာသူအား ကျဆုံးစာရင်းမှ ပြန်လည် ပယ်ဖျက်လိုက်သည့် အတွက် ယနေ့အထိ ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၂၈၆) ဦးရှိပြီဖြစ်သည်။ အဆိုပါ အရေအတွက်သည် AAPP မှ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။
ပယ်ဖျက်လိုက်သည့် (၁) ဦးဖြစ်သည့် ကိုမန်ဆွင်းခိုင် (ခ) ဝေယံမောင်မောင်သည် မြောက်ဥက္ကလာသပိတ်တွင် စစ်အုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပေါင်တွင် ကျည်ထိမှန်၍ ပျောက်ဆုံးသွားခဲ့သည်။ သူ၏မိသားစုမှ ဆေးရုံများအပြင် ရဲစခန်းနှင့် အင်းစိန်ထောင်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း သတင်းမရသဖြင့် သေဆုံးပြီဟုယူဆကာ ခရစ်ယာန်ထုံးစံဖြင့် မတ်လ ရ ရက်နေ့တွင် ဈာပန အခမ်းအနား ကျင်းပခဲ့သည်။ ထို့ကြောင့် AAPP ၏ ကျဆုံးစာရင်းတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကိုမန်ဆွင်းခိုင် (ခ) ဝေယံမောင်မောင်သည် ယနေ့ ပြန်လည်လွတ်မြောက်လာသည့်အထဲတွင် ပါဝင်လာခဲ့သည်။ ထိုသို့ ကျဆုံးစာရင်းတွင် မှားယွင်းစွာ ထည့်သွင်းခဲ့ခြင်းအပေါ် ကာယကံရှင် ကိုမန်ဆွင်းခိုင် (ခ) ဝေယံမောင်မောင်အားလည်းကောင်း၊ မိမိတို့အချက်အလက်အပေါ် ယုံကြည်စွာ ကိုးကားခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလည်းကောင်း AAPP မှ အနူးအညွှတ်တောင်းပန်အပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၉၀၆) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦး နှင့် ယမန်နေ့၊ မတ်လ ၂၃ ရက်နေ့အထိ ပြန်လည် လွတ်မြောက်လာသူ (၃၉၄) ဦးရှိပြီး ယနေ့တွင် မြန်မာပြည်အနှံ့ ကျောင်းသား၊ ပြည်သူ (၆၂၈) ဦး လွတ်မြောက်လာသည်ဟု သိရှိရသည်။ ယနေ့လွတ်မြောက် ဦးရေ အတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် လွတ်မြောက်လာသူများ၏ အမည်စာရင်း၊ အရေအတွက်နှင့် အကျဉ်းထောင်တွင်း ကျန်ရှိနေသည့် အမည်စာရင်း၊ အရေအတွက်ကို ဆက်လက်ဖေါ်ပြသွားပါမည်။
“တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံးဟစ်ကြွေးသံ” ဆိုသည့်အတိုင်း ယနေ့ (မတ်လ ၂၄) တွင် မြန်မာပြည်တဝှမ်း၌ အသံတိတ်သပိတ်များဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။ အိမ်ပြင်မထွက်ခြင်း၊ လမ်းမပေါ် သွားလာမှု မပြုလုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ခြင်း စသည်တို့ပြုလုပ်ကာ ပြည်သူများသည် ထိုသပိတ်၌ တခဲနက် ပူးပေါင်း ပါဝင် ဆန့်ကျင်ခဲ့ကြသည်။ မြန်မာနိုင်ငံ တနံတလျားရှိ လမ်းမများတွင် လူအသွားအလာ၊ ယာဉ်အသွားအလာ ကင်းရှင်းနေပြီး လမ်းဘေးဈေးဆိုင်များ၊ ဝန်ဆောင်မှုဆိုင်ခန်းများ၊ ရုံးခန်းများ၊ ဈေးများ၊ အရောင်းစင်တာများလည်း တညီတညွတ်တည်း ပိတ်ထားကြ၍ တတိုင်းပြည်လုံး တိတ်ဆိတ် ငြိမ်သက် လျှက်ရှိသည်ကိုတွေ့ရပေသည်။ ဤသည်မှာ ပြည်သူလူထု၏ စစ်အာဏာရှင်အား တညီတညွှတ်တည်း ဆန့်ကျင်တွန်းလှန်ကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။
ပြည်သူများ ဆိတ်ငြိမ်စွာ အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် အာဏာသိမ်းစစ်အုပ်စုသည်မှ ရပ်ကွက်များအတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာ လှုပ်ရှား ရောင်းဝယ် နိုင်ကြောင်း လော်စပီကာများဖြင့် လိုက်လံ ကြေညာနေ ကြောင်းလည်း ကြားသိရသည်။ တဖန် မြန်မာပြည် အနှံ့ရှိ ကျောင်းသား၊ ပြည်သူ ၆၀ဝ ကျော်ကို ယနေ့တွင် အချိန်ကိုက် လွှတ်ပေးခဲ့သည်။ ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားပြည်သူများမှာ အိမ်အပြန်ခရီးတွင် လက်သုံးချောင်း ထောင်၍ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
သို့သော်လည်း AAPP မှ ကောက်ခံထားသော အချက်အလက်များအရ ကျောင်းသား၊ပြည်သူ နှစ်ထောင်ကျော်မှာ ဆက်လက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရဆဲဖြစ်သည်။ ထိုမျှမက အာဏာသိမ်းစစ်အုပ်စုသည် ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ယနေ့တွင် ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း၌ ရဲ နှင့် စစ်သားများမှ ဝင်ရောက် စီးနင်း ရှာဖွေ၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းပြင် ရန်ကင်းမြို့နယ် မြနန္ဒာ ၁၃ လမ်းအတွင်းကို အသံဗုံးများပစ်ဖောက်၍ အော်ဟစ်ဆဲဆိုဝင်ရောက်လာပြီး အိမ်နှစ်အိမ် ကို အတင်းအဓမ္မဝင်ရောက်ရှာဖွေကာ အသက် (၁၄) နှစ် အရွယ် ကလေး တစ်ဦးအပါအဝင် (၁၅) ဦးကို ရိုက်နှက် ဖမ်းဆီးသွားခဲ့သည်။
စစ်အုပ်စုသည် ဖမ်းဆီးထားသူများကို လွှတ်ပေးနေသည်နှင့်တပြိုင်နက် ယနေ့တွင် ဆက်လက်၍ ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက်ပစ်သတ်ခြင်းတို့ကို ကျူးလွန်လျက်ရှိသည့်အပြင် သေဆုံးသွားသော ကလေးသူငယ်များ၏ ရုပ်အလောင်းများကိုပါမချန် လုယူရန် ကြိုးစားလျက်ရှိသည်။ ယမန်နေ့က မန္တလေးမြို့၌ ၎င်းတို့ အကြမ်းဖက်ပစ်သတ်ခဲ့ ခြင်းကြောင့် ကျဆုံးသွားခဲ့သော အသက် ရ နှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်းကို လုယူရန် ယမန်နေ့ညအချိန်၌ အပူတပြင်းရှာဖွေခဲ့ပြီး အဆိုပါ ကျဆုံးကလေးငယ်၏ အိမ်ကို သုံး၊ လေးကြိမ်ခန့် ရိုက်ချိုး ဖျက်ဆီးခဲ့သည်။ ကျဆုံးကလေးငယ်၏ မိသားစုဝင်များမှာ ကျဆုံးကလေးငယ်၏ ရုပ်အလောင်းနှင့်အတူ တိမ်းရှောင်နေခဲ့၍ လွတ်မြောက်သွားခဲ့သည်။ ယမန်နေ့က ကလေးငယ်ကို ပစ်သတ်ပြီးချိန်၌ ကလေးငယ်၏ အစ်ကိုဖြစ်သူကိုလည်း သေနတ်ဒင်ဖြင့် ဦးခေါင်းကိုရိုက်ခွဲပြီး ကန်ကြောက် ရိုက်နှက် နှိပ်စက်၍ ဒရွတ်တိုက် ဆွဲခေါ် ဖမ်းဆီးသွားခဲ့သည်၊ သတင်းအစအနလည်း မရရှိသောကြောင့် သေဆုံးပြီဟု ယူဆရမလို ဖြစ်နေသည်ဟု ကျန်ရစ်သူ မိသားစုမှပြောကြား ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဖြစ်ရပ်များသည် အဆုံးရွားဆုံးသော လူမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပြီး ကလေးသူငယ်များ၏ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်၊ လုံခြုံခွင့်၊ ပညာသင်ကြားခွင့် တို့ဆိုသည်မှာ ခြိမ်းခြောက်မှု များအောက်တွင်သာ ကျရောက်လျက်ရှိဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_urma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကျဆုံးသွားသူများစာရင်း ဒေါင်းလော့ရယူရန်Total Fatality Lists_English (Last Updated on 24 March 2021)
ဖမ်းဆီးတရားစွဲဆိုသူခံရသူများစာရင်းဒေါင်းလော့ရယူရန်Total Detention and Charge Lists_Burmese (Last Updated on 24 March 2021)