စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ယနေ့တွင် ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်း မန္တလေးမြို့မှ အရပ်သားပြည်သူ (၃) ဦး၏ အချက်အလက်များကို ကောက်ယူ ရရှိနိုင်ခဲ့ပါသည်။ ထို့ပြင် ယခင်နေ့ရက်များ တွင် ကျဆုံးသွားခဲ့ကြသည့် အရပ်သားပြည်သူ (၈) ဦး၏ အချက်အလက်များကို ထပ်မံရရှိသည့်အတွက် ယမန်နေ့အထိ ကျဆုံးသွားခဲ့သူ (၂၅၈) ဦးရှိခဲ့ပြီး ယနေ့အထိ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း (၂၆၁) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံကောက်ယူ ရရှိလာပါက ဆက်လက် ဖော်ပြပေးသွားပါမည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၆၈၂) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၈၀) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၂၃၀၂) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့ထုတ်ပြန်သည့်အဖမ်းအဆီးစာရင်းတွင် ဖမ်းဆီးခြင်းခံရသူ (၁၇) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ ထည့်သွင်း မှတ်တမ်း ပြုထားပါသည်။ ဖော်ပြပါအရေအတွက်ထက်ပိုသော ဖမ်းဆီးမှုများရှိသည်ဖြစ်ရာ ဖမ်းဆီးခံများ၏ အချက်အလက်များကို မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် သပိတ်စစ်ကြောင်းများအား ကျည်အစစ်များဖြင့် ပစ်ခတ်၍ အပြင်းအထန် နှိမ်နှင်းလျက်ရှိပြီး အခြားတစ်ဖက်တွင်လည်း ၎င်းတို့ကို ဆန့်ကျင်သူများအား မတရား ရိုက်နှက်ဖမ်းဆီးခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်သည့် ဝန်ထမ်းများအား ဖမ်းဆီး၊ တရားစွဲဆိုခြင်း၊ နေအိမ်လိုင်းခန်းများမှ ဖယ်ရှားခိုင်းခြင်း၊ ပြည်သူများကြား ပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးခြင်း တို့ဖြင့် အကြောက်တရားများစိမ့်ဝင်လာစေရန် လုပ်ဆောင်လျက်ရှိသည်။ မည်သို့ပင် ပြင်းထန်သည့် ဖိနှိပ်မှုများရှိသော်လည်း ပြည်သူများသည် ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင် တွန်းလှန်လျက်ရှိ ကြသည်။
ယမန်နေ့ (မတ်လ ၂၁) နေ့လည်ပိုင်းအချိန်ကတည်းက ဖြိုခွင်းမှုပြင်းထန်ခဲ့သော မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းအချိန်၌ ဖြိုခွင်းမှုကြောင့် အမျိုးသား (၁) ဦးကျဆုံးသွားခဲ့သည်။ ညပိုင်းအချိန်၌လည်း ချမ်းမြသာစည်မြို့နယ်ရှိ စာသင်ကျောင်းတွင် စစ်တပ်မှ တပ်လာစွဲသဖြင့် ကန့်ကွက်သည့်ပြည်သူများကို ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း၊ အကြောင်းမဲ့ ရမ်းကား ပစ်ခတ်ခြင်းတို့ကြောင့် အမျိုးသား (၅) ဦး ကျဆုံးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၃၀) ဦးထက်မနည်းရှိခဲ့သည်။ ယနေ့ (မတ်လ ၂၂) နက်ပိုင်းကတည်းက ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာ၊ အောင်ပင်လယ်၊ အောင်သာယာ ရပ်ကွက်များ အတွင်းကို ရဲ နှင့် စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ မြရည်နန္ဒာအိမ်ရာပစ်ခတ်မှုအတွင်း အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသား (၁) ဦးအပါအဝင် (၃) ဦးကျဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ (၆) ဦး ထက်မနည်းရှိကြောင်း ကနဦး သိရှိရသည်။ ကျဆုံးသွားခဲ့သော အသက် ၁၃ နှစ်အရွယ် ရှစ်တန်း ကျောင်းသားသည် အိမ်ရှေ့ရှိ ရေအိုးစဉ်အား အိမ်တွင်းထည့်ရန် အိမ်အပြင်အထွက် ချိန်ရွယ်၍ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ရဲ နှင့် စစ်သားများသည် အတားအဆီးများကို မီးရှို့ခြင်း၊ ပြည်သူပိုင်ကားများကို ရိုက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ ညအချိန်၌ မကွေးတိုင်းဒေသကြီး၊ ယောဒေသ ကျောမြို့၊ အမှတ် ၂ ရပ်ကွက် (ယခင် ပဲမစားကျေးရွာ) တွင် ရဲနှင့် စစ်သားများ၏ အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် အသက် ၆ဝ ကျော်အရွယ် အမေအို (၁) ဦး ကျဆုံးသွားခဲ့သည်။
ဖမ်းဆီးချိန်၌ အပြင်းအထန် ရိုက်နှက်ခြင်းသည် အာဏာသိမ်းစစ်အုပ်စု၏ နည်းပရိယာယ်များအနက်တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌လည်း ယမန်နေ့ နှင့် ယနေ့နံနက်ပိုင်းအထိ စစ်တပ် နှင့် ရဲများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး လူနေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးရိုက်နှက်ခြင်း၊ လမ်းမပေါ်မီးရှို့ခြင်း၊ အကြောင်းမဲ့ ရမ်းကား ပစ်ခတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။ ယမန်နေ့ကဆိုလျှင် တောင်ကြီးမြို့၌ ရဲများမှ အရပ်သားပြည်သူများကို လမ်းမထက်၌ပင် အုပ်စုဖွဲ့၍ အပွငျးအထနျ ရိုကျနှကျလကြျရှိသည်။ ယမန်နေ့ တောင်ကြီးမြို့ဖြစ်စဉ်များအတွင်း အသက် ၁၄ နှစ်ရွယ် လူငယ် (၁) ဦး နှင့် အရပ်သားပြည်သူ (၁) ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရပြီး အရပ်သားပြည်သူ (၂၀) ဦးခန့် ရာဘာကျည်သင့် ဒဏ်ရာရရှိခဲ့သည်။
ကချင်ပြည်နယ် နမ္မတီးမြို့တွင် ယနေ့ (မတ် ၂၂) ၌ ဆန္ဒထုတ်ဖော်သူများကို ဖြိုခွင်းရာတွင် ပညာရေး ဝန်ထမ်းအပါအဝင် ဖမ်းဆီးထားသူများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကာ နောက်ပြန်ကြိုးတုတ်ထားခြင်း၊ ချင်းပြည်နယ် ဟားခါးမြို့၌ ညသပိတ်ပြုလုပ်ပြီး၍ ပြန်လာသူများကို စောင့်၍ ရိုက်နှက်သောကြောင့် အရပ်သားပြည်သူ (၅) ဦးရိုက်နှက် ခြင်းခံခဲ့ရပြီး (၂) ဦးမှာ လက်ချောင်းများကျိုးသွားကြောင်း သိရှိရသည်။ ထို့ပြင် အခြားနေရာဒေသများ၌လည်း ပြည်သူများကို ဖမ်းဆီးစဉ်၌ ရိုက်နှက်မှုများရှိခဲ့သည်။
မြန်မာပြည်တွင်း စစ်အုပ်စုအာဏာသိမ်းယူပြီးကတည်းက ပြည်တွင်းရေးများမတည်မငြိမ်ဖြစ်ကာ တရားဥပဒေစိုးမိုးမှု လုံးဝပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင် ခံစားနေကြရသည်။ အာဏာသိမ်းစစ်အုပ်စု အာဏာတည်မြဲသွားမည်ဆိုပါက ပြည်သူများသည် နောက်ထပ်ဆယ်စုနှစ်ပေါင်း များစွာ စစ်တပ်၏ ကျွန်ပြုခြင်းကိုခံကြရမည်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ နှိပ်စက်ညှဉ်းပန်းမှုနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို အပြီးသတ်တွန်းလှန်နိုင်မှသာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီ အနှစ်သာရကို ခံစားကြရမည်ဖြစ်သည်။ သို့မှသာလျှင် နိုင်ငံတွင်း ဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိနိုင် မည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_urma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးတရားစွဲခံထားရသူများစာရင်းဒေါင်းလော့ရယူရန်Total Burmese (21-Mar-2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Total Fatality Lists (Last Updated on 22 March 2021)