စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

တောင်းပန်းလွှာ
၁၅ ရက်နေ့တွင်ထုတ်ပြန်သည့် စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက်တွင် ဓါတ်ပုံများအားထည့်သွင်းဖော်ပြခဲ့သည့် နေရာတွင် အချို့ဓါတ်ပုံများမှာ ပြုပြင်ထားသည့်ဓါတ်ပုံများဖြစ်ပြီး အဆိုပါဓါတ်ပုံများအား ထည့်သွင်းဖော်ပြမိပါသဖြင့် မိမိတို့အေအေပီပီအဖွဲ့အနေဖြင့် စာဖတ်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။

ရက်စွဲ မတ်လ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ အချက်အလက်ကောက်ယူရရှိနိုင်ခဲ့သည့် မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၁၈၃) ဦးရှိခဲ့ပြီဖြစ်သည်။ ထိုထဲတွင် ၁၄ ရက်နေ့၌ လှိုင်သာယာအပါအဝင် ပြည်နယ်တိုင်းအသီးသီးရှိ မြို့နယ်များတွင် အကြမ်းဖက်ဖြိုခွင်းခံရပြီးကျဆုံးသွားသူ (၇၄) ဦးထိရှိခဲ့ပြီး၊ ယနေ့ ၁၅ ရက်နေ့တွင် ပြည်နယ်တိုင်း အသီးသီးရှိ မြို့နယ်အသီးသီးတွင် အရပ်သားပြည်သူ (၂0) ဦးထက်မနည်း ထပ်မံကျဆုံးခဲ့ရပါသည်။ ကျဆုံးသူများ၏ အမည်များအား ထပ်မံစုံစမ်းသိရှိရပါက ထည့်သွင်း ဖြည့်စွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၁၇၅) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ် ချမှတ်ခြင်းခံ ထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၈၅၆) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၉) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၁၀၀) နီးပါးသည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက် များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အုပ်စုမှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးသည့်နောက် မြန်မာပြည် တစ်ဝှမ်းလုံးရှိ ကျောင်းသားလူငယ်များအပါအဝင် ပြည်သူများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ စစ်အာဏာသိမ်းမှု အား ငြိမ်ချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၉) ရက်တိုင် ရှိခဲ့ပြီဖြစ်သည်။ ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲများ ရှည်ကြာလာပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ဝန်ထမ်းများ ပို၍ ပူးပေါင်း ပါဝင်လာကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှလည်း နိုင်ငံတကာနှင့်ချိတ်ဆက်မှု ပို၍ အားကောင်းလာ သည်နှင့်အလျှောက် အာဏာသိမ်းစစ်အုပ်စုသည်လည်း ၎င်းတို့ အာဏာသိမ်းမှု အထမြောက်ရေးအတွက် အာဏာရှင်တို့ နည်းလမ်းများအတိုင်း ဘက်ပေါင်းစုံမှ ပြည်သူများအပေါ် ပြင်းထန်ရက်စက်သော အကြမ်းဖက်မှုများ ပြုလုပ်လာခဲ့သည်ကို တွေ့ရှိရသည်။
သို့ဖြစ်၍ ယခုအခါ မြန်မာနိုင်ငံတွင်း ပြည်သူများ၏ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ခွင့်၊ လုံခြုံခွင့်တို့မှာ အလွန်အမင်း စိုးရိမ်ရသော အခြေအနေအောက်တွင် ကျရောက်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ခဲ့သော အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု များသည် တနေ့ထက် တနေ့ အရှိန်မြင့်တက်လာခဲ့ကာ ယမန်နေ့က (မတ်လ ၁၄) အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ် (၁) ဦးအပါအဝင် အသက် (၁၈) နှစ်အောက် ကလေးသူငယ် (၃) ဦးလည်း ကျဆုံးသွားခဲ့ရသည်။ ထို့ပြင် ညအချိန်ထိတိုင် ကျည်အစစ်ဖြင့်ပစ်ခတ်ခဲ့မှုများပြုလုပ်ခဲ့၍ ယနေ့တွင်လည်း သေဆုံး/ဒဏ်ရာရရှိမှုများ တိုးလာ လျက်ရှိသည်။ ယမန်နေ့က အကြမ်းဖက်ဖြိုခွင်းမှုဒဏ်ကို အပြင်းထန်ဆုံးရင်ဆိုင်ခဲ့ရသော လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ခြောက်ခု (ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် မြောက်ဥက္ကလာပ)တို့အား အကြမ်းဖက်စစ်အုပ်စုမှ စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကို ကျင့်သုံးရန် ထုတ်ပြန် ကြေညာခဲ့ပြီး အဆိုပါ မြို့နယ်များ၌ စစ်ခုံရုံး နှင့် စစ်ဆေးစီရင်နိုင်သည့် ပြစ်မှု ၂၃ ခုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်အုပ်ချုပ်ရေးသည် စစ်မြေပြင်တွင် တပ်မှူးက အာဏာကျင့်သုံးပုံအတိုင်း တာဝန်ယူ ကျင့်သုံးခွင့်ရှိသည်ဖြစ်၍ ပြင်းထန် သည့် စီရင်ပိုင်ခွင့်ဖြစ်ပြီး အကြောက်တရားကို ဖန်တီးခြင်းဖြစ်ကာ ဆန္ဒထုတ်ဖော်ပွဲများကို ရပ်တန့်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ စစ်အုပ်စုမှ အပြင်းအထန် ဖိနှိပ်လျက်ရှိသော်လည်း ပြည်သူများသည် ကြံ့ကြံ့ခံပြီး ယနေ့တွင်လည်း စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ရဲ နှင့် စစ်တပ်မှလည်း ယနေ့နံနက်ပိုင်းကတည်းကစတင်ပြီး ကျည်အစစ်များဖြင့် ပစ်ခတ်၍ အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်။ ထို့ကြောင့် အရပ်သား ပြည်သူ စုစုပေါင်း (၂၀) ဦးကျဆုံးသွားကြောင်း အချက်အလက်အတည်ပြုရရှိထားပြီး နိုင်ငံအနှံ့အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ကျဆုံးခဲ့ရသူများစာရင်းကို ဆက်လက် စုံစမ်း၍ တင်ပြသွားပါမည်။ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခြင်းမရှိသော အရပ်သားပြည်သူများ ပတ်ခတ်ခံခဲ့ရသောကြောင့် ကျဆုံးသွားခဲ့ရခြင်းများကို လည်း မှတ်တမ်းပြုလျက်ရှိပါသည်။ ယနေ့တွင် အောက်ပါမြို့များ၌ ကျည်အစစ်ဖြင့် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံး/ဒဏ်ရာရရှိမှု များရှိခဲ့သည်။ အတင်းအကျပ် ရိုက်နှက် ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။
● မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အမျိုးသမီး (၁) ဦးအပါအဝင် (၄) ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၅၀) ကျော်ရှိခဲ့သည်။ မန္တလေးမြို့တွင် (၂) ဦး ကျဆုံးသွားခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရှိရသည်။ ထို့ပြင် ရဲ နှင့် စစ်တပ်မှ ပြည်သူများကာရံထားသော အကာအကွယ်များကို လမ်းမထက်၌ပင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။ သပိတ်ကျင်းမြို့နယ် ချောင်းကြီး‌ရွာတွင် ကိုးတန်းဖြေဆိုထားသည့် မိန်းကလေးငယ် (၁) ဦးအပါအဝင် (၅) ဦးကျဆုံးခဲ့သည်။
● ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင်လည်း အရပ်သား (၁) ဦး ကျဆုံးသွားခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိခဲ့သည်။ ပဲခူးမြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား (၁) ဦးကို စစ်တပ်နှင့်ရဲမှ ရပ်တန့်ရန် လှမ်းတားရာ မရပ်ပေးသည့်အတွက် ဆိုင်ကယ်အား ကန်၍လှဲချခဲ့ပြီး ပစ်သတ်ခဲ့၍ ကျဆုံးသွားခဲ့သည်။ ၎င်းပြင် ဒဏ်ရာရရှိသူ (၂) ဦးရှိကြောင်းလည်း သိရှိရသည်။
● မကွေးတိုင်း၊ အောင်လံမြို့၌လည်း အရပ်သား (၂) ဦးကျဆုံးသွားခဲ့ပြီး (၆) ဦး ဒဏ်ရာရရှိခဲ့သည်။
● ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌လည်း အရပ်သား (၁) ဦး ကျဆုံးသွားခဲ့ပြီး (၃) ဦးဒဏ်ရာရရှိခဲ့သည်။
● ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အမှိုက်ကောက်နေသည့် အသက် ၅ဝ ကျော်အရွယ် အမျိုးသား (၁) ဦးအား နားထင်ကို တေ့ပစ်ခဲ့၍ ကျဆုံးသွားခဲ့သည်။ ၎င်းပြင် အသက် ၆ဝ ဝန်းကျင်အမျိုးသမီး (၂) ဦးသည် အိမ်အတွင်း၌ ထိုင်နေစဉ် ရဲ နှင့် စစ်တပ်မှ တပင်ရွှေထီးလမ်းမတစ်လျှောက် ပစ်ခတ်သွားသည့်အတွက် ကျဆုံးသွားခဲ့သည်။ ထို့ပြင် တက်စီမောင်းသည့် အမျိုးသား (၁) ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ဧရာဝတီတိုင်း၊ ရေကြည်မြို့ကို ပြန်ရန် အမျိုးသမီး (၃) ဦးလိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်သည် လှိုင်သာယာ မြို့နယ်ခန်းမ ရှေ့မှ ဖြတ်သွားစဉ် ခန်းမအတွင်းမှ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၃) ဦး ဒဏ်ရာရရှိခဲ့သည်။
● စစ်ကိုင်းတိုင်း၊ မုံရွာတွင် ကျေးရွာစစ်ကြောင်းများ သပိတ်မှောက်အပြန် လူထုကားကို လိုက်လံပိတ်ဆို့ ဖမ်းဆီးပြီး ပစ်ခတ်ခဲ့၍ အသက် ၄ဝ ဝန်းကျင် အမျိုးသား (၁) ဦး ကျဆုံးခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာပ မြို့နယ်များ နှင့် ကမာရွတ်မြိုနယ်ရှိ လှည်းတန်း ညသပိတ်သည် အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရသည်။ ဖြိုခွင်းမှုများပြုလုပ်စဉ်အတွင်း ရဲ နှင့် စစ်တပ်တို့မှ ပုဂ္ဂလိက နှင့် အများပိုင်ပစ္စည်းများ ကို ဖျက်ဆီးခဲ့ကြပြီး ပြည်သူများ ပြုလုပ်ထားသော အကာအကွယ်များကို မီးရှို့ခဲ့ကြသည်။
ထိုမျှမက အာဏာသိမ်းစစ်အုပ်စုသည် ယမန်နေ့ညကတည်းက နိုင်ငံတစ်ဝှမ်းလုံးရှိ မိုဘိုင်း အင်တာနက်များကို ဖြတ်တောက်ထားကာ သတင်းအမှောင်ချထားခဲ့ပြီး မြို့နယ်တချို့၌ လျှပ်စစ်မီးများပါ ဖြတ်တောက်ထားခဲ့သည်။ ထိုအခြင်းအရာသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်တင်တင်ကျူးလွန်နိုင်ပြီး နိုင်ငံတကာသို့ သတင်း စီးဆင်းနေမှုအား တားဆီးရန်၊ ပြည်သူများကြား ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်းအားဖြင့် ဆန္ဒထုတ်ဖော်မှုများ အင်အားလျော့သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာပြည်သူများမှာ ကာကွယ်စောင့်ရှောက်မှုများရရှိရန် အလွန်အမင်း လိုအပ်လျက်ရှိသည်။ နိုင်ငံ တစ်နိုင်ငံ၌ စစ်အာဏာရှင်ကြီးစိုး၍ ဒီမီုကရေစီမဖွံ့ဖြိုးပါက အခြားဒေသတွင်းနိုင်ငံများကိုလည်း တစ်နည်းအားဖြင့် ရိုက်ခတ်မှုရှိလာမည်ဖြစ်သည်။ နေ့စဉ်အမျှမြင့်တက်လာသော စစ်အုပ်စု၏ လူမဆန်သော လုပ်ရပ်များကို ရပ်တန့်စေရန် အတွက် အာဆီယံနိုင်ငံများမှ ထိရောက်သော ဟန့်တားမှုများကို ပြုလုပ်ရန်တိုက်တွန်းပြီး နိုင်ငံတကာမှလည်း အမြန်ဆုံး အရေးယူဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Download link for  Crackdown Injury & Death updated on 15 Mar 21_edited_

Download link for Recent Arrest List (Last Updated on 15 March 2021)ttt