စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်၊ မတရားဖမ်းဆီးခံထားရသူများနှင့် ကျဆုံးသွားသူများစာရင်းထုတ်ပြန်ချက်

 

ရက်စွဲ မတ်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ယနေ့တွင်ကျဆုံးသွားခဲ့သော ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပဲခူးတိုင်း၊ ပဲခူးမြို့၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နှင့် မကွေးတိုင်း၊ မြိုင်မြို့ တို့မှ အာဇာနည် သူရဲကောင်း (၁၂) ဦးကိုလည်း အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၇၀) ကျော်ရှိခဲ့ပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၀၄၅) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၇၂၆) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၃၇) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၂၀၀) နီးပါးသည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက် များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
မတ်လ ၁ဝ ရက်နေ့တွင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမျိုးသမီး၊ လူငယ် နှင့် ကလေးများအပါအဝင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လျက်ရှိသူများအပေါ် အကြမ်းဖက်ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ အပါအဝင် မတရား ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူများကို ချက်ချင်း လွှတ်ပေးရန် ေကွညောခကြျ ထုတ်ပြန်ခဲ့သည်။ ထို့သို့ထုတ်ပြန်ပြီး နောက်တစ်နေ့တွင်ပင် စစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ရက်စက်စွာ ဖြိုခွင်းခဲ့သည်။
ရန်ကုန်တိုင်းတွင် မြောက်ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မန္တလေးတိုင်းတွင် မန္တလေးမြို့၊ မိုးကုတ်မြို့၊ မြင်းခြံမြို့၊ မလှိုင်မြို့၊ ပဲခူးတိုင်းတွင် ပဲခူးမြို့၊ တောင်ငူမြို့၊ ဧရာဝတီတိုင်းတွင် ပုသိမ်မြို့၊ မကွေးတိုင်းတွင် မြိုင်မြို့၊ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့၊ ကရင်ပြည်နယ်တွင် ဘုရားသုံးဆူမြို့၊ ကယားပြည်နယ်တွင် လွိုင်ကော်မြို့၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရှမ်းပြည်နယ်တွင် မူဆယ်မြို့တို့၌ အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည်။ အဆိုပါမြို့များ၌ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့ဖြင့် ဖြိုခွင်းခဲ့သော်လည်း ရန်ကုန်၊ မန္တလေး၊ မလှိုင်၊ ပဲခူး၊ တောင်ငူ နှင့် မြိုင်မြို့တို့သည် အပြင်းအထန် ဖြိုခွင်းခြင်းခံခဲ့ရပြီး ကျည်အစစ်ကိုပါ အသုံးပြု၍ ဖြိုခွင်းခဲ့ခြင်းကြောင့် ကျဆုံးမှု နှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။
နေ့စဉ်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်လျက်ရှိသော မြို့ငယ်လေးတစ်ခုဖြစ်သည့် မြိုင်မြို့ကို ရဲနှင့်စစ်တပ်က ရက်စက်စွာဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည်။ ယနေ့နံနက်ပိုင်းအချိန်တွင် မြိုင်မြို့ရှိ ဆရာတော်ဦးစန္ဒိမာကျောင်းတိုက်၌ အစည်းအဝေး ပြုလုပ်၍ သပိတ်နားရန် ဆုံးဖြတ်ခဲ့ကြပြီး ရွာဘက်မှ ရွာသားများအလာကို စောင့်နေစဉ် ရဲ နှင့် စစ်တပ်မှ ကျောင်းအဝ၌ လူငယ် (၂) ဦးအား ဖမ်းဆီးသွားခဲ့သည်။ ထိုလူငယ် (၂) ဦးအား ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြစဉ် ရဲ နှင့် စစ်တပ်မှ နှစ်ဖက်ညှပ်ပြီး မျက်ရည်ယိုဗုံး၊ ကျည်အစစ်များကို အသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းခဲ့ကြသောကြောင့် အနည်းဆုံး(၆)ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရသူ အများအပြားရှိခဲ့ပါသည်။ ညနေပိုင်းအချိန်၌ ထိခိုက်ဒါဏ်ရာရသူများ အနက်မှ (၂) ဦး ထပ်မံကျဆုံးသွားခဲ့သည်ဟု သိရှိရသည်။ ကျန်သည့် (၂) ဦးသည် မြိုင်ဆေးရုံ၌ ကုသ၍ မရသည့်အတွက် မုံရွာမြို့ကို ပို့ဆောင်၍ ကုသထားပြီး ထိုတွင် ကျဆုံးသည်ဟု သိရှိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ ကျဆုံးသူအများစုသည် ဦးခေါင်းကို ထိမှန်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၌ လူငယ် (၁) ဦးသည် ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကာ (၁) ဦးမှာ စိုးရိမ်ရသောအခြေအနေတွင် ရှိနေသည်။ မန္တလေးမြို့၌ နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်လျက်ရှိသော မြတောင် သပိတ်ကြောင်းကို ဖြိုခွင်းသောကြောင့် ပြေးလာသော လူငယ် (၁) ဦးသည် အနောက်မှပစ်ခတ်ခြင်းခံခဲ့ရသောကြောင့် ကျဆုံးသွားခဲ့ပြီး ၎င်း၏အလောင်းကို ရဲများမှ ချက်ချင်း ယူဆောင်သွားခဲ့သည်။ အဆိုပါဖြိုခွင်းမှု၌ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး (၂၈) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ပဲခူးမြို့၌ စကားမပြောတတ်သူ (၁) ဦးသည် ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သည့် မီးရထားဝန်ထမ်းများ၊ ဆရာမများ နှင့် ကျောင်းသား အများအပြားကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။ မြင်းခြံမြို့၌ ယမန်နေ့၌ မျက်လုံးအောက် ကျည်ဆန်ထိမှန်၍ စိုးရိမ်ရသော အခြေအနေတွင်ရှိသည့် လူငယ် (၁) ဦးသည် ယနေ့တွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ ဖြိုခွင်းမှုများအတွင်း ရဲ နှင့် စစ်တပ်သည် သေစေလောက်သည့် နေရာများကို ဦးတည်၍ ချိန်ရွယ်ပစ်ခတ်ခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် စစ်ဆင်ရေးတစ်ရပ်ဆင်နွဲနေသကဲ့သို့ ၎င်းတို့ကိုဆန့်ကျင်သူများကို ပြင်းထန်စွာ နှိပ်ကွပ်လျက်ရှိ သည်။ ၎င်း၏ လက်အောက်ခံ ရဲ နှင့် စစ်တပ်တို့မှလည်း နေ့စဉ် လူမဆန်သော အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိခြင်း အားဖြင့် စစ်အုပ်စု၏ အာဏာတည်မြဲရေးကို ထောက်ကူမှုပြုထားသည်။ ၎င်းတို့၏ လွန်စွာ ဆိုးရွားလှသောလုပ်ရပ်များကို တားဆီးနိုင်ခြင်းမရှိသောကြောင့် ကျဆုံးသွားသည့် အရေအတွက်မှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ လူ့အခွင့်အရေး နှင့် လူ့ဂုဏ်သိက္ခာကို ချိုဖောက်ခံရခြင်းများသည် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ သံတမန် ရေးရာအရ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီးပွားရေးအရ ပိတ်ဆို့မှုများပြုခြင်း၊ ကန့်ကွက်ရှုတ်ချခြင်းတို့မှာလည်း ထိရောက်မှုရှိနိုင် မည်မဟုတ်ပါ။ ထို့ကြောင့် နေ့စဉ်ရက်ဆက် လူသားခြင်းစာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူမှုပြုရမည်ဖြစ်သည်။
ထို့ပြင် ညအချိန်၌လည်း ရဲ နှင့် စစ်တပ်သည် ရပ်ကွက်၊ လမ်း၊ နေအိမ်များအတွင်းသို့ ဝင်ရောက် စီးနင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ယမန်နေ့ညကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်လမ်းများတွင် စစ်တပ်နှင့်ရဲက ကား၊ ဆိုင်ကယ်စသည့် ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ကင်းသမား (၅) ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့သည်။ ယမန့်နေ့ညသန်းခေါင်ကျော်အချိန်တွင်လည်း ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ Car Service စင်တာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ပျူတာများ၊ စီစီတီဗီ အပါအဝင် ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးကာ ကား တစ်စီး နှင့် ဝန်ထမ်းအမျိုးသား (၁၀) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ကျောက်မြောင်း၊ ကျားကွက်သစ်လမ်း၌ လည်း ယမန်နေ့ညက စစ်တပ်နှင့် ရဲများ ဝင်ရောက်လာပြီး နေအိမ်များပေါ်သို့ လေးဂွများနှင့်ပစ်ခြင်း၊ လမ်းများအတွင်းသို့ သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး လမ်းဘေး၌ ရပ်ထားသည့် ကားများအား ရိုက်နှက်ဖျက်ဆီးခဲ့ကြသည်။
လက်ရှိတွင် ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသော ကျောင်းသား၊ လူငယ်အပါအဝင် ဆန္ဒထုတ်ဖော်သူများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပေါ်လျက်ရှိသည်။ မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် – ဗကသ (ABFSU) သပိတ်စစ်ကြောင်းဖြိုခွင်းခြင်းခံခဲ့ရပြီး ဗကသ ဒု-ဥက္ကဌ ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသား၊ လူငယ်များ ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ကိုဝေယံဖြိုးမိုးသည် အသက်အန္တရယ် စိုးရိမ်ရသော အခြေအနေတွင်ရှိသည်ဟု သိရှိရသည်။ ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း၌ အမျိုးသမီးများကို ညလုံးပေါက် ဒူးထောက် လက်မြှောက်ခိုင်းပြီး နှိပ်စက်မှုအပြင် အခြားနည်းလမ်းများဖြင့်ပါ နှိပ်စက်လျက်ရှိပြီး အထူးသဖြင့် ကျောင်းသားများကို ခေါ်ယူ နှိပ်စက်လျက်ရှိကြောင်း ဗကသအဖွဲ့ချုပ်၏ လူမှုကွန်ရက်စာမျက်နှာထက်၌ ဖော်ပြထားသည်။
မတ်လ ၁ဝ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုသည် ရှောင်တခင် ဧည့်စာရင်းစစ်ဆေးမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုဧည့်စာရင်းမိန့်သည် ရပ်ရွာနေလူထု နှင့် ဆန္ဒထုတ်ဖော်သူများကြား ချိတ်ဆက်ခြင်းမရှိစေရန် ပို၍ ကန့်သတ်ဖိနှိပ်ခြင်း ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၌ မည်သူမဆို၊ မည်သည့်အချိန်အခါတွင်ဖြစ်စေ ဖမ်းဆီးခြင်းခံရနိုင်သည့် အခြေအနေကို ရင်ဆိုင်နေကြရသည်။
မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုသည် ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုတ်သိမ်း ကြောင်းထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်မှာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပြီး တိုက်ပွဲများကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူအများအပြားရှိခဲ့ကာ အရပ်သားများ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဒေသခံ နှစ်သိန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

မတရားဖမ်းဆီးထားသူများစာရင်းဒေါင်းလော့ရယူရန် Recent Arrest List (Last Updated on 11 March 2021)
အမျိုးသမိးများဖမ်းဆီးခံရသည့်စာရင်းဒေါင်းလော့ရယူရန်Women Arrest List (Last Updated on 11 March 2021)
ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Fatality List (Last Updated on 11 March 2021)
နေ့စဉ်အကျဉ်းချုပ်စာရင်းဒေါင်းလော့ရယူရန်11-March-2021 Update (Information)bur