စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်၊ ဖမ်းဆီးထိန်းသိမ်းခံစာရင်းနှင့် ကျဆုံးသူများစာရင်းထုတ်ပြန်ချက်

ရက်စွဲ မတ်လ ရ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၅၀) ကျော်ရှိပြီဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ရ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၇၉၀) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၀) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၈) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၄၇၂) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၇) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၁၀၀) ကျော်သည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ်ပါသည်။
ယမန်နေ့က ရဲ နှင့် စစ်တပ်တို့သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီးနောက် ညပိုင်းအချိန်၌လည်း လူနေရပ်ကွက်များအတွင်းသို့ စီးနင်းဝင်ရောက်၍ ပစ်ခတ်ခြင်း၊ နေအိမ်များအတွင်းသို့ဝင်ရောက် စီးနင်း၍ ရှာဖွေဖမ်းဆီးခြင်းစသည့် တရားမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။ ယမန်နေ့က ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များကို ပစ်မှတ်ထားကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းသည် ရပ်ရွာ နှင့် ဆန္ဒထုတ်ဖော်မှုများအတွင်း ဦးဆောင်ဦးရွက်ပြု၍မရစေရန်၊ စုစည်း၍ မရစေရန်အတွက် ထိန်းချုပ်ခြင်း ဖြစ်သည်။
ယမန်နေ့ညက ရဲ နှင့် စစ်တပ်တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည့် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ NLD အဖွဲ့ဝင်များ၏ နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့ကြပြီး အိမ်တံခါးများကို ထုရိုက်ခြင်း ဖျက်ဆီးခြင်း၊ နေအိမ်တိုက်ခန်းများမှ ထွက်ကြည့်၍ မရအောင် သေနတ်ဖြင့်ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ လမ်း ၃ဝ အလယ်လမ်းရှိ NLD ရ ရပ်ကွက် ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ်၏နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကာ ဦးခင်မောင်လတ်ကို ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခြင်းခံရသည့်ညတွင်ပင် ဦးခင်မောင်လတ်သည် အချုပ်ခန်းအတွင်း၌ ညှဉ်းပန်းနှိပ်စက်ခြင်းခံရ သောကြောင့် သေဆုံးသွားခဲ့သည်။ ၎င်းပြင် ပန်းပဲတန်းမြို့နယ်ရှိ NLD ပြန်ကြားရေးတာဝန်ခံ ဦးမောင်မောင် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဖမ်းဆီးရမည့်သူမရှိသည့်အတွက် ဦးမောင်မောင်၏ ညီဖြစ်သူအား ရိုက်နှက်ထားပြီး တိုက်အောက်တွင် မှောက်ခုံ အနေအထားဖြင့် ထားရှိကြောင်း သိရှိရသည်။ ၎င်းပြင် NLD မြို့နယ် ဒုဥက္ကဌ ရှေ့နေဦးမောင်မောင်၏နေအိမ်ကို ဝင်ရောက် ရှာဖွေသွားခဲ့ပြီး ဦးမောင်မောင်ကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် ဖုန်းနှင့်ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။ ၎င်းပြင် ဒဂုံမြို့နယ် NLD ဒုဥက္ကဌ ဦးသိန်းဦးကို ၎င်း၏ နေအိမ်၌ တွေ့ရှိရခြင်းမရှိ၍ ၎င်း၏ သားနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ မုံရွာမြို့၌လည်း တက်ကြွလှုပ်ရှားသူ (၁) ဦးဖြစ်သည့် ကိုနေမျိုးကို ဖမ်းဆီးရာ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏ဇနီးကို ယနေ့တွင် ဖမ်းဆီးသွား ခဲ့သည်။ မတ္တရာမြို့နယ် NLD ပါတီ ဘဏ္ဍာရေးမှူး ဦးကိုကိုလွင်သည်လည်း ယမန်နေ့ညကတည်းက ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။
ယခုကဲ့သို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခြင်းသည် အလွန်ရက်စက်ကြမ်းကြုပ်၍ လူမဆန်သော လုပ်ရပ် ဖြစ်သော်လည်း ၎င်းတို့မှ လုပ်ရိုးလုပ်စဉ်ကဲ့သို့ ကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရသည်။ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံထားရသူကို ညှဉ်းပန်းနှိပ်စက်ခြင်းအား မည်သည့်နိုင်ငံတွင်မျှ ခွင့်ပြုထားခြင်းမရှိပါ။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌ ညှဉ်းပန်းနှိပ်စက်၍ ဝန်ခံလာစေရန် ပြုလုပ်ခြင်းကို ခွင့်ပြုထားသည်။ မညျသညျ့ပုံစံဖွငျ့မဆို ထိနျးသိမျးထားမှု သို့မဟုတျ အကဉြျးကနြမှေုမြားအောကျတှငျ ရှိနသေူမြားကို ကာကှယျရနျအတှကျ ဥပဒသေမြားဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ် ခြင်းခံထားရသူများကို ကာကွယ်ရန် ပြဌာန်းထားသည်။ အာဏာသိမ်းစစ်အုပ်စုသည် မည်သည့် ပြည်တွင်း နှင့် နိုင်ငံတကာဥပဒေများကိုမျှ လိုက်နာခြင်းမရှိဘဲ ၎င်း၏ တပ်ဖွဲ့ဝင်များ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လာစေရန် ခွင့်ပြုထားသည်။ ပန်းဘဲတန်းမြို့နယ် NLD ရ ရပ်ကွက် ရပ်ကျေးဥက္ကဌ ဦးခင်မောင်လတ် သေဆုံးသွားမှုအတွက် ၎င်းတို့တွင် တာဝန်အပြည့်အဝရှိပြီး ၎င်းတို့၏လုပ်ရပ်များအတွက် အပြင်းအထန်ရှုံ့ချပါသည်။ ဖမ်းဆီးရမည့်သူမရှိ၍ မိသားစုဝင်များ အား ဓားစာခံသဖွယ် ဖမ်းဆီးခြင်းသည် အကြမ်းဖက်သမားများ၏ လုပ်ရပ်မျိုးသာ ဖြစ်သည်။
မတ်လ ရ ရက်နေ့တွင်လည်း အာဏာသိမ်းစစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အမျိုးမျိုးသောနည်းလမ်းများ သုံးကာ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ၎င်းတို့သည် လူနေရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေရာများ၊ သာ့သနာ့နယ်မြေများ၊ ဆေးရုံများ၊ တက္ကသိုလ်ဝင်းများအတွင်း၌ ဝင်ရောက်တပ်စွဲထားသည်ကို တွေ့ရှိရသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအား ဖြင့် ၎င်းတို့သည် ဆန္ဒထုတ်ဖော်သူများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဖြိုခွင်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ယနေ့တွင် ရန်ကုန်တိုင်းတွင် တိုက်ကြီးမြို့၊ သာကေတ၊ တောင်ဥက္ကလာပ၊ တာမွေ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ စမ်းချောင်း၊ ရွှေပြည်သာ နှင့် အင်းစိန်မြို့နယ်များ၊ မွန်ပြည်နယ်တွင် ရေးမြို့၊ မကွေးတိုင်းတွင် မကွေးမြို့၊ ပခုက္ကူမြို့၊ ကယားပြည်နယ်တွင် လွိုင်ကော်မြို့၊ မန္တလေးတိုင်းတွင် မန္တလးမြို့၊ မြင်းခြံမြို့ နှင့် ပုဂံမြို့၊ ရှမ်းပြည်နယ်တွင် လားရှိုး၊ ဧရာဝတီတိုင်းတွင် ပုသိမ်မြို့တို့သည် အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရသည်။ အထူးသဖြင့် ယူနက်စကို အသိအမှတ်ပြု ပုဂံ‌ ရှေးဟောင်း ယဉ်‌ကျေးမှုဒေသ၏ ပုဂံမြို့သစ်ဈေးအနီး၌ ယနေ့နံနက်ပိုင်းက စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များမှ ကျည်အစစ်ဖြင့်ပစ်ခတ်ခဲ့မှု ကြောင့် (၁) ဦး ဒဏ်ရာရရှိခဲ့ပြီး (၆) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ စမ်းချောင်းမြို့၌လူငယ် (၁၀) ဦးကျော်၊ အင်းစိန်မြို့နယ်၌ (၃) ဦး နှင့် တောင်ဥက္ကလာပ မြို့နယ်၌ (၂၀) ဦးထက်မနည်း ဖမ်းဆီးခြင်းခံထားရသည်။ တောင်ဥက္ကလာပမြို့နယ်တွင် သပိတ်စစ်ကြောင်းအားဖြိုခွင်းရာ လူငယ်တစ်ဦး ရာဘာကျည်ဖြင့် လေးချက်တိတိထိမှန်ဒါဏ်ရာရခဲ့သည်။ တိုက်ကြီးမြို့တွင် အမျိုးသမီး (၂) ဦးအပါအဝင် (၅၀) ကျော် ဖမ်းဆီးခြင်းခံ ထားရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်။ ပုသိမ်မြို့၌လည်း ရာဘာကျည်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရ၍ အမျိုးသား (၂) ဦးဒဏ်ရာရရှိခဲ့ပြီး (၁) ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။ မော်လမြိုင်ကျွန်းမြို့နယ်၌လည်း (၆) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ မန္တလေးမြို့ နှင့် လွိုင်ကော်မြို့တို့၌ ဆန္ဒပြပြည်သူတချို့ဖမ်း ဆီးခြင်းခံထားရပြီး မြင်းခြံမြို့လည်း ပြည်သူ (၁) ဦးပစ်ခတ်ခြင်းခံရသောကြောင့် ဒဏ်ရာရရှိခဲ့ကာ လွိုင်ကော်မြို့၌လည်း ပြည်သူ (၂) ဦးဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့ဖြိုခွင်းရာတွင် ၎င်းတို့၏ လုပ်ရပ်များသည် တနေ့ထက်တနေ့ ပို၍ ပြင်းထန်လာပြီး ဆန္ဒပြကျောင်းသားလူငယ်များ နှင့် ပြည်သူများကို အလွန်အမင်းရန်လိုစွာ၊ မုန်းတီးစွာဖြင့် ရက်စက်စွာ ဖမ်းဆီး၊ ရိုက်နှက်ခြင်းဖြစ်သည်။ ယနေ့တွင် တောင်ဥက္ကလာပမြို့နယ်သပိတ်ကိုဖြိုခွင်းရာတွင် ရဲတချို့သည် ဓားမြှောင်များကို ကိုင်ဆောင်ထားသည်ကို တွေ့ရှိရပြီး ကျောက်တံတားမြို့နယ်၌လည်း ရဲ နှင့် စစ်သားများသည် ဖမ်းဆီးခြင်းခံထားရသော လူငယ်များကို အုပ်စုဖွဲ့၍ ပြင်းထန်စွာ ရိုက်နှက်ကန်ကျောက်လျက်ရှိသည်ကို တွေ့ရှိရသည်။ အင်းစိန်ပေါက်တောဝတွင်လည်း ပြည်သူများကာရံထားသော အတားအဆီးများကို မီးရှို့ဖျက်စီးခဲ့သည်။ မန္တလေးမြို့တွင်လည်း ပရဟိတလူနာတင်ယာဉ်ကိုပါ ဖျက်ဆီးသွားခဲ့ပြီး ဆေးကျောင်းသားလူငယ် (၁) ဦးအား အုပ်စုဖွဲ့၍ နံပါတ်တုတ်များဖြင့် ရိုက်နှက်ကန်ကြောက်ကာ တရွတ်တိုက်ဆွဲခေါ်၍ ဖမ်းဆီးသွားခဲ့ပြီး လူငယ် (၁) ဦးကို မြောင်းအတွင်းထိပါလိုက်လံ၍ ရက်ရက်စက်စက်ရိုက်နှက်ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရှိရသည်။
ထိုကဲ့သို့ လူမဆန်သော ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ မြန်မာပြည်တဝှမ်း၌ ပုံစံမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည်။ ၎င်းတို့၏ ကျူးလွန်လျက်ရှိသော ရာဇဝတ်မှုများကို ရပ်တန့်ရန် နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်ပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ဖမ်းဆီးထိန်းသိမ်းစာရင်းဒေါင်းလော့ရယူရန်Recent Arrest List (Last Updated on 7 March 2021)to up

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန်Crackdown Injury & Death updated on 7 Mar 21_edited_SM

နေ့စဉ်မှတ်တမ်းအပြည့်အစုံဒေါင်းလော့ရယူရန်7-March-2021 Update (Information)

ရကျစှဲ မတျလ ရ ရကျ၊ ၂၀၂၁ ခုနှဈ













Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
