စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်နှင့် ကျဆုံးသူများစာရင်းထုတ်ပြန်ချက်

ရက်စွဲ မတ်လ ၃ ရက်၊ ၂၀၂၁ ခုနှစ်
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ယနေ့တွင် ထပ်မံ ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု၏ ရက်စက်စွာ ပစ်သတ်ခဲ့မှုကြောင့် (၁၇) ဦးသေဆုံးပြီးသည့် သုံးရက်မြောက်နေ့ဖြစ်သော မတ်လ ၃ ရက်နေ့တွင် ပြည်သူ (၂၀) ဦးသည် ရက်ရက်စက်စက် ပစ်သတ်ခြင်း ခံခဲ့ရ၍ ကျဆုံးသွားခဲ့ပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၄၉၈) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၁၉၂) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၅၀) ကျော်ရှိပြီဖြစ်ပါသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၈၃) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့တစ်မြို့အတွင်း၌ပင် ဆန္ဒပြကျောင်းသား လူငယ် စုစုပေါင်း (၄၀၀) ကျော်သည် ကျိုက္ကဆံကွင်းအတွင်း၌ ချုပ်နှောင်ခြင်းခံထားရသောကြောင့် ယနေ့တွင် အခြားဒေသများအပါအဝင် ပြည်သူအယောက် (၈၀၀) ထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
အာဏာသိမ်းစစ်အုပ်စုသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို နေ့ရော၊ ညပါ နေ့စဉ်ရက်ဆက် အကြမ်းဖက်၍ ရက်စက်စွာ ဖြိုခွင်းလျက်ရှိသော်လည်း အနယ်နယ်အရပ်ရပ်မှ သပိတ်စစ်ကြောင်းများသည် စစ်အာဏာရှင်ကို ဆက်လက်၍ ဆန့်ကျင် တွန်းလှန်လျက်ရှိကြသည်။ မတ်လ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက် ဖြိုခွင်းမှုများသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအပေါ် ပို၍ ပြင်းထန်လာသည်ကို တွေ့ရှိရသည်။
ယနေ့တွင် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ မြင်းခြံမြို့၊ မုံရွာမြို့၊ မော်လမြိုင်မြို့၊ လွိုင်ကော်မြို့၊ ရေးမြို့၊ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့၊ ၊ ပြည်မြို့၊ ပုသိမ်မြို့၊ တောင်တွင်းကြီး၊ ရွှေဘို၊ မြန်အောင်၊ စလင်းမြို့တို့၌ ရဲ နှင့် စစ်တပ်တို့မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည်။ ယနေ့တွင် ၎င်းတို့အသုံးပြုလေ့ရှိသည့် အသံဗုံး၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများသာမက ကျည်အစစ်ကို အသုံးပြု၍ အဓိကထား ဖြိုခွင်းခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ မုံရွာမြို့၊ မော်လမြိုင်မြို့၊ ပြင်ဦးလွင်မြို့ နှင့် ဖားကန့်မြို့တို့၌ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။
မြင်းခြံမြို့၌ အသက် ၂ဝ နှစ်အရွယ် လူငယ် (၁) ဦး သည် ဦးခေါင်းပွင့်၍ ကျဆုံးသွားခဲ့ပြီး (၁၈) ဦး ကျည်သင့်ဒဏ်ရာရရှိခဲ့သည်။ မန္တလေးမြို့၌ အမျိုးသမီး (၁) ဦး နှင့် အမျိုးသား (၁) ဦးတို့သည် ဦးခေါင်း နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး ပြည်သူ (၈) ဦးသည် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။ မုံရွာမြို့၌ အမျိုးသမီး (၂) ဦး နှင့် အသက် (၁၇) နှစ်အရွယ်ကလေး (၁) ဦး အပါအဝင် ပြည်သူ (၆) ဦးတို့သည် ဦးခေါင်း၊ ရင်ဘက် နှင့် နောက်ကျောတို့တွင် ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး ပြည်သူ (၁၀) ဦးထက်မနည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ စလင်းမြို့၌ လူငယ် (၁) ဦး ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး (၈) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ပြင်ဦးလွင်မြို့၌ ပြည်သူ (၂) ဦးသည်လည်း ကျည်သင့်ဒဏ်ရာများဖြင့် ကျဆုံးသွားခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မော်မြိုင်မြို့၌ ပြည်သူ (၁) ဦး ကျဆုံးခဲ့ပြီး (၁) ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်။ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၌ (၇) ဦး ကျဆုံးခဲ့ပြီး (၂၀) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အွန်လိုင်းတွင် ပြန့်လာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် စစ်အာဏာရှင်၏ လက်ပါးစေများ က လက်နက်မဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး၍ ထိုသူရှေ့မှသွားနေစဉ် သူ၏နောက်မှနေ၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် ခဲ့သည်ကို တွေ့ရသည်။ လှိုင်သာယာမြို့နယ်မှ အမျိုးသား (၁) ဦးသည်လည်း ရင်ဘတ်ကို ကျည်ထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ထို့ပြင် တာမွေမြို့နယ်၌ ပြည်သူ (၁) ဦး၊ အင်းစိန်(ကြို့ကုန်း) ၌ (၃) ဦး၊ သာကေတမြို့နယ်၌ (၁၀) ဦး၊ ပုသိမ်မြို့၌ (၁) ဦးသည် ကျည်သင့်ဒဏ်ရာများရရှိခဲ့သည်။ ဖားကန့်မြို့၌လည်း ဆန္ဒပြလူငယ် (၃) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး (၂) ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။ ဒဏ်ရာရရှိသူများသည် ယခုထက်ပို၍ များပြားနိုင်ပြီး ခန့်မှန်းခြေအားဖြင့် (၁၀၀) ဝန်းကျင်ခန့်ရှိမည်ဖြစ်သည်။
ယနေ့တွင် မြောက်ဥက္ကလာပမြို့နယ်၌ ရဲ နှင့် စစ်သားများသည် လမ်းမထက်၌ တာယာကွင်းများကို စုပုံ၍ မီးရှို့ခဲ့ပြီး မွန်မြတ်စိတ်ထား ဘိုးဘွားစောင့်ရှောက်ရေးအသင်း ပရဟိတလူနာတင်ယာဉ်ရှိ စေတနာ့ဝန်ထမ်း (၄) ဦးကို သေနတ်ဒင်ဖြင့် ဦးခေါင်းကို အားကုန်လွှဲရိုက်ခြင်း၊ နံပါတ်တုတ်များဖြင့် ခေါင်းကို ရိုက်ခြင်းများကို လူမဆန်စွာ ပြုမူခဲ့သည်။ ထို စေတနာ့ဝန်ထမ်း (၄) ဦးအနက် (၁) ဦးသည် အဆိုပါဒဏ်ရာများဖြင့်ကျဆုံးခဲ့သည်။
ရဲ နှင့် စစ်တပ် မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများ နှင့် ပြည်သူများအပေါ် တနေ့ထက်တနေ့ ပို၍ ရန်လိုမှုများ ရှိလာပြီး ရန်သူများသဖွယ် ပြုမူဆက်ဆံလာသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှ ပြည်သူများကို သားကောင်သဖွယ် သဘောထား၍ အဓိကသေစေနိုင်လောက်သည့် အစိတ်အပိုင်း များ အထူးသဖြင့် မျက်နှာ၊ ရင်ဘတ်၊ ဦးခေါင်း၊ နောက်ကျော နှင့် ဝမ်းဗိုက်တို့ကို ဦးတည်ချိန်ရွယ်၍ ရည်ရွယ်ချက်ရှိရှိ ချိန်ရွယ် ပစ်ခတ်သည်သာမက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော လူအုပ် (ပြည်သူများ) အတွင်းသို့ တမင်တကာ ကြံရွယ်၍ ပစ်ခတ်လာသည်ကို တွေ့ရှိသည်။ သေဆုံးသူများအား တရွတ်တိုက်ဆွဲခေါ်သွားခြင်း၊ ဒဏ်ရာပြင်းထန်သူများအား ဆေးကုသခွင့်မပေးဘဲ အချုပ်ကားအတွင်းသို့ ကြမ်းတမ်းစွာ ပစ်သွင်းခြင်း၊ ဖမ်းဆီးရာ၌လည်း အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်း၊ နေအိမ်များအတွင်းသို့ သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ စသည့် ရက်စက် ကြမ်းကြုပ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြသည်။ ယနေ့အချိန်တွင် အများပြည်သူဆိုင်ရာ နေရာများသည် စစ်တလင်းအဖြစ်သာမက သတ်ကွင်းနေရာများအဖြစ်သို့ပါ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
ရဲ နှင့် စစ်တပ်တို့၏ လုပ်ရပ်များသည် အကြမ်းဖက်သမားများ၏ပုံစံများနှင့်ထပ်တူကျလျက်ရှိသည်ကို များစွာသော ဖြစ်စဉ်များမှ ထင်ရှားစွာ ပြသလျက်ရှိသည်။ ၎င်းတို့သည် လူ့ဂုဏ်သိက္ခာကို လေးစားခြင်းနှင့် လူ့အသက်ကို တန်ဖိုးထားခြင်း မရှိဘဲ ရက်စက်စွာ ပြုမူလျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်နာရမည့် ပြည်တွင်း နှင့် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များကို လိုက်နာခြင်းမရှိဘဲ ဥပဒေစိုးမိုးရေးကင်းမဲ့စွာဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့သော ရာဇဝတ်မှုတိုင်း အတွက် အာဏာသိမ်းစစ်အုပ်စုတွင် တာဝန်အပြည့်အဝရှိပြီး တာဝန်ခံရမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားမဲ့ ကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုကို ပြင်းပြင်းထန်ထန် အရေးယူရမည်ဖြစ်သည်။ ၎င်းတို့ကို အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် နှောင့်နှေးနေသမျှကာလပတ်လုံး ပြည်သူများသည် ဓားစာခံများသဖွယ်ရှိနေဦး မည်ဖြစ်သည်။
ယမန်နေ့ညနေပိုင်းက မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်တပ်မှ လူငယ်များကို ကျည်အစစ်ဖြင့် လိုက်လံပစ်ခတ် သည့်အတွက် အသက် ၁၆ နှစ်အရွယ် ကိုသီဟဇော်(ခ)နောင်နောင်သည် သေဆုံးသွားခဲ့ပြီး လူငယ်တချို့ ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ထို့ပြင် ဆိုင်ကယ်များကိုလည်း ယူဆောင်သွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

ကျဆုံးသူများစာရင်းဒေါင်းလော့ရယူရန် Fatality list

ဖမ်းဆီးခံထားရသူများစာရင်းဒေါင်းလော့ရယူရန် Recent Arrest list Updated on 3 March 2021

နေ့စဉ်ထုတ်ပြန်ချက်ဒေါင်းလော့ရယူရန် 3-March-2021 Update (Information)

ရကျစှဲ မတျလ ၃ ရကျ၊ ၂၀၂၁ ခုနှဈ













Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma