စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်

အကျဉ်းချုပ်သုံးသပ်ချက်

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အလွတ်သဘောအစည်းအဝေးကိုကျင်းပခဲ့ရာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က အာဏာသိမ်းစစ်တပ်အား တရားဝင်အဖြစ် မသတ်မှတ်ကြပါရန် တိုက်တွန်းပြောဆိုခဲ့သည်။ ယခင်က အစဉ်အလာမရှိခဲ့ဖူးသော လုပ်ရပ်တစ်ခုအဖြစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းမှုအားဆန့်ကျင်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရဖက်မှ ရပ်တည်ပေးကြရန်၊ ကမ္ဘာ့နိုင်ငံများအား ပန်ကြားခဲ့သည်။ စိတ်လှုပ်ရှားခံစားမှုပါသော မိန့်ခွန်းနိဂုံးတွင် သံအမတ်ကြီးက စစ်အာဏာသိမ်း မှုဆန့်ကျင်ရေးနှင့် ဒီမိုကရေစီထောက်ခံရေး အလေး ပြုသည့်ပုံစံ လက်သုံးချောင်းထောင် အလေးပြုခဲ့သည်။

ယခင် စစ်အစိုးရလက်ထက်အဆက်ဆက်က ရိက္ခာဖြတ်ရေး၊ ရန်ပုံငွေဖြတ်ရေး၊ သတင်းအချက်အလက်ဖြတ်ရေး၊ လူမျိုးစု လက်နက်ကိုင်ဒေသနေပြည်သူများအား စုဆောင်းပြောင်းရွှေ့ပစ်ရေးဟူသည့် ကြမ်းတမ်းသော ဖြတ်လေးဖြတ် ဗျူဟာကို ကျင့်သုံးခဲ့သည်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးဒေသတွင်း နေထိုင်သည့် လူ့ အဖွဲ့အစည်းအားလုံးကို နေရာပြောင်း ရွှေ့ကာ အငတ်ထားခြင်း၊ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ ယခုအာဏာသိမ်းပြီးသည့် အခါတွင်လည်း ယင်းဗျူဟာအတိုင်းပင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ အာဏာသိမ်းစစ်တပ်သည် သတင်းဖြတ်ခြင်း၊ အဖွဲ့အစည်းများ အဆက်အသွယ်ဖြတ်ခြင်း၊ ပြည်သူ့အထောက်အပံ့ရင်းမြစ် ပစ္စည်းများ ဖြတ်ခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဖြတ်တောက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ မြန်မာပြည်သူများနှင့် နိုင်ငံတကာမှ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီပေးပို့နေသည့် သတင်းမီဒီယာသမားများကိုလည်း မတရားဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပါသည်။

အင်တာနက်ပိတ်ဆို့တားမြစ်ထားခြင်းနှင့် ဖိနှိပ်ရေးဆိုင်ရာ ဥပဒေပြင်ဆင်ခြင်းများမှာ ကိုဗစ်ကာလအတွင်း လူထုအား အသိပေးရန်လိုအပ်သည့် လွတ်လပ်သော သတင်းမီဒီယာများကိုလည်းကောင်း၊ ညအချိန်စီးနင်းတိုက်ခိုက်မှုများ ပြုရန် အတွက်လည်းကောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ဘက်တော်သားများ လှုပ်ရှားနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ် ထားခြင်းဖြစ်သည်။ သမဂ္ဂများ၊ ဆန္ဒပြပြည်သူများနှင့်ပတ်သက်၍ အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ပြန် ကြေညာသော ကြေညာချက်များမှာ လွတ်လပ်စွာစုဝေးစည်းရုံးခွင့်ဆိုင်ရာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များက စားနပ်ရိက္ခာများနှင့် ဆေးဝါးပစ္စည်းများ လုယက်ယူငင်ခြင်း၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ သယ်ယူပို့ဆောင်ရေး ယာဉ်ရထားများကို အပိုင်စီးခြင်းတို့မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတို့၏ ရုပ်ဝတ္ထုရင်းမြစ်များကို ထိခိုက်နစ်နာစေရန် ဦးတည်ချက်ထားခြင်း ဖြစ်သည်။ စစ်တပ်သည် စစ်မြေပြင်စစ်ဆင်ရေး တစ်ခုနှင့်မခြား ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပစ်မှတ်ထား ရည်ရွယ်တိုက်ခိုက်လျက်ရှိရာ ဖမ်းဆီးမှုများ ထိခိုက်ဒဏ်ရာရမှုများနှင့် အသက်ဆုံးရှုံးသေကျေမှုများမှာ ဆက်လက် တိုးပွားလျက်ရှိသည်။ ထိုကဲ့သို့ လုပ်ဆောင်ချက်များမှာ ရာဇဝတ်သားများ၏ စိတ်သဘောထားများအတိုင်း လုပ်ဆောင်နေသည်ဖြစ်ရာ မြို့ပြများမှာ စစ်ပွဲဒေသအဖြစ် ဖြစ်လာပြီး စိုးရိမ်ထိတ်လန့်မှုများ လွှမ်းမိုးလျက်ရှိနေသည်။ ငြိမ်းချမ်းမှုအား ခြိမ်းခြောက်ခြင်း၊ ရန်လိုသည့်ပြုမူခြင်းများကို တုံ့ပြန်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ တာဝန်ရှိပုံများနှင့်ပတ်သက်၍လည်းကောင်း ကုလသမဂ္ဂပဋိဉာဏ်စာချုပ် အပိုဒ် ၆ နှင့် ၇ တို့တွင် တိကျစွာ သတ်မှတ်ပြဌာန်းထားသည့်အတိုင်း မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းအုပ်စုအား အပြည့်အဝ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၈၅၄) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၈၃) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၇၇၁) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ ငြိမ်းချမ်းစွာဆန္ဒပြမှုအပါအဝင် အကြမ်းဖက်ခံရ၍ ကျဆုံးသူ (၈) ဦးထိရှိခဲ့ပြီဖြစ်ပါသည်။

ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၇၅) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားခဲ့ပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ ရာပေါင်းများစွာသောပြည်သူတွေ ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်ဖြစ်စဉ်များ_

ယမန်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသူများအား မြန်မာ့စီးပွားရေး ဘဏ်ရှေ့၌ ရဲတပ်ဖွဲ့မှ ရေကားဖြင့်  ရေထိုးပက်နေစဉ် သေနတ်တစ်ချက်ပစ်ဖောက်ခဲ့ပြီး လူစုခွဲခဲ့သည်။

ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အတူအကြမ်းဖက်မှုကျူးလွန်သည့် အရပ်ဝတ်လူပေါင်းများစွာမှ ဒုတ်၊ ဓါး၊ သေနတ်အပါအဝင် သေစေနိုင်သည့်လက်နက်များဖြင့် ငြိမ်းချမ်းစွာ စစ်အာဏာရှင်ဆန့်ကျင်သူများအား အကြမ်းဖက်ဖြိုခွဲမှုမြင်ကွင်းများ

ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းနေသည့် ရန်ကုန်၊ မြေနီကုန်းတွင် သတင်းရယူနေစဉ် Myanmar Nowသတင်းထောက် မကေဇွန်နွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ လှည်းတန်းတွင် ပြုလုပ်နေသည့် ပြည်သူများ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပွဲကို သတင်းယူနေသည့် သတင်းသမားများကို ဖမ်းဆီးရန် ‘မီဒီယာတွေကိုဖမ်း’ဟု ရဲတပ်ဖွဲ့ဝင်အချင်းချင်း အမိန့်ပေးပြောဆိုနေကြသည်။ ရဲတပ်ဖွဲ့က လှည်းတန်းပတ်ဝန်းကျင်ရှိ လမ်းကြိုလမ်းကြာအတွင်းထိ သတင်းသမားများကို လိုက်လံ ဖမ်းဆီးလျက်ရှိရာ သတင်းရယူနေသည့် AP သတင်းဌာနမှ ကိုသိန်းဇော်နှင့် MPA သတင်းဌာနမှ ကိုရဲမျိုးခန့်တို့ကိုလည်း လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ကြသည်။ 

မကွေးမြို့ သစ္စာလမ်းပေါ်ရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလူထုကို မီးခိုးဗုံးများအသုံးပြု၍ ဖြိုခွင်းခဲ့ပြီး ထိုနေရာတွင် သတင်းယူနေသည့် မြေလတ်ဂျာနယ်သတင်းထောက် မဇာဇာ (မကွေး)ကို ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ သတင်းထောက်နှင့်အတူ လူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားသည့်အပြင် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဌ ကိုအောင်မျိုးနိုင်အပါအဝင် ပရဟိတ အသင်းဝင် ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရန်ကုန် မြေနီကုန်းလမ်းဆုံနှင့် စမ်းချောင်းမြို့နယ်တို့တွင် ရဲတပ်ဖွဲ့က သေနတ်၊ မျက်ရည်ယိုဗုံးတို့ကို အသုံးပြု၍ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်ဖမ်းဆီးလျက်ရှိရာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် လူမျိုးပေါင်းစုံအထွေထွေ သပိတ်စစ်ကြောင်းမှ တိုင်းရင်းသား ၆ ဦးထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။ ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသည့် ရဲတပ်ဖွဲ့သည် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းကြားများအတွင်းကိုပါ ပိတ်ဆို့ နေရာယူထားကြပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြရန် လမ်းပေါ်ထွက်လာသူမှန်သမျှကို ဖမ်းဆီးနေခြင်းဖြစ်သည်။ လှည်းတန်းစင်တာနှင့် လှည်းတန်းလူကူးတံတားအောက်တွင် ယနေ့နံနက်ပိုင်းကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းဖြင့် နေရာယူထားပြီး ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်၍ ရိုက်နှက်ဖမ်းဆီးခဲ့သည်။ လှည်းတန်းရှိ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းသည့် ရဲတပ်ဖွဲ့သည် ဆန္ဒပြပြည်သူများအား လမ်းကြိုလမ်းကြားအတွင်း အထိ လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် အမေရိကန်သံရုံးအပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အိမ် တည်ရှိသည့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက် လုံခြုံရေးအင်အား အများအပြားချထားသည်ဟု သိရသည်။ ထို့အပြင် ရန်ကုန်မြို့လယ်ခေါင် ဆူးလေတွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး လျက်ရှိသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အိုးရှင်းစင်တာအနီးတွင် တပ်ထုတ်ကုန်များမဝယ်ယူရေးအတွက် ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ပြုလုပ်ဆန္ဒပြနေကြသည့် လူထုကို နံနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်၌ ရဲနှင့်တပ်အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့သည်။ တာမွေအဝိုင်းရှိ Ocean Centre အတွင်းတွင် ဆန္ဒပြလူငယ် ၁၀၀ ဝန်းကျင်ပိတ်မိနေပြီး Centre ရှေ့၌ စစ်တပ်၊ ရဲကားများ ပိတ်ဆို့ထားပြီး  အချုပ်ကား ၃ စီးတွင် လူပြည့်လုနီးပါး ဖမ်းဆီးထားသည်။ ရပ်ကွက်နေပြည်သူတချို့က ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရေးတောင်းဆိုသောကြောင့် မျက်ရည်ယိုဗုံးများဖြင့် ထပ်ပြီး လူစုခွဲခြင်းခံခဲ့ရသည်။  ရန်ကုန်မြို့တွင် ဖမ်းဆီးခြင်းခံရသူများအား ရဲအချုပ်ကား ၁၀ စီးခန့်ဖြင့် အင်းစိန်ထောင်သို့ ယနေ့ညနေပိုင်းတွင်ပို့ဆောင်ခဲ့ကြောင်း အင်းစိန်ထောင်အနီးနေထိုင်သူများမှပြောကြားခဲ့ပါသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ၃၈ လမ်း ၈၆ လမ်း ငွေတောင်တိုက်မကြီးတွင် ယနေ့နံနက်က စုရပ်လုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသည့် မြတောင်ငြိမ်းချမ်းရေးစစ်ကြောင်းကို စစ်ကား၊ ရဲကားအများအပြားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းအသုံးပြုကာ ပိတ်ဆို့ ဖြိုခွင်းခဲ့သည်။ ပခုက္ကူမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသည့် သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ဖောက်၍ လူစုခွဲပြီး ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အာဇာနည်လမ်း နှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် စစ်တပ်က နံနက် ၉ နာရီခန့်တွင် မြို့နယ်အတွင်းငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိကာ ကျန်အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေနတ်မှန်သည့်မျိုးသမီးနှင့် ဆန္ဒပြကြသူများအနက်မှ ၁၃ ဦးခန့်ကို ပခုက္ကူမြို့အနီးရှိ တပ်ရင်း ၂၅၉ အတွင်းခေါ်ဆောင်သွားခဲ့သည်။

မုံရွာမြို့၊ အေးသာယာရပ် ဗိုလ်ချုပ်လမ်း ပင်မ ဆန္ဒပြ သပိတ်စစ်ကြောင်းအခြေစိုက် တည်ရှိရာ ပြသာဒ်ကျောင်းတိုက်ရှေ့တွင် နံနက် ၉ ခွဲက စတင်ပြီး လူစုဖြိုခွဲရာမှာ ရေပိုက်ဖြင့်ထိုးခြင်း၊ ရာဘာကျည်ပစ်ခတ်ခြင်း၊ ရာဘာတုတ်များဖြင့် ရိုက်နှက်ခဲ့ရာ ဆန္ဒပြသူအများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ အများအပြား ဖမ်းဆီးခြင်းခံခဲ့ရကာ ဖမ်းဆီးခြင်းခံထားရသူများအနက်  မုံရွာဂေဇက်သတင်းဌာနတည်ထောင်သူ ကိုကိုလေးသည်လည်း ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့၌ ဖမ်းဆီးခြင်းခံထားရသည့် ကျောင်းသားများ နှင့် ဆရာများကိုပြန်လွှတ်ပေးရန်အတွက် မြင်းမူလမ်း ချင်းတွင်းရတနာဈေးအနီးတွင် ဆန္ဒပြနေသည့် လူအုပ်ကို နေ့လယ် ၁နာရီ ဝန်းကျင်ခန့်၌ ရဲ နှင့် စစ်ကားများမှ ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ကြသည်။ မုံရွာမြို့တွင် ယ​နေ့ရဲနှင့်စစ်တပ်၏ ပစ်ခတ်မှု​ကြောင့် ပညာရေးပါရဂူဘွဲ့ရ ဒေါက်တာ မြတ်သူဇာခင်သည် ဆီးခုံကို ကျဉ်ဆံထိမှန်၍ အရေးပေါ်အခြေအနေရောက်နေပြီး ရဲနှင့်စစ်တပ်က ကျည်အစစ်များကို အသုံးပြုသောကြောင့် ဒဏ်ရာရရှိသူအလွန်များပြား​ကြောင်း၊ ဖမ်းဆီးခြင်းခံထားရသူ ၃၀၀ နီးပါးရှိကာ ရဲနှင့်စစ်တပ်က ကြိုးတုပ်ရိုက်နှက်​ကြောင်း၊ မုံရွာတစ်မြို့လုံး လမ်းများကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထား​​ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ခုတင် ၂၀၀ ဆေးရုံမှ မြို့ခံပြည်သူများ လှူဒါန်းထားသည့် ဆေးပစ္စည်းများ သိမ်းဆည်းထားသောအိမ်သို့ ယနေ့နံနက်ပိုင်းတွင် ရဲနှင့် စစ်တပ်မှ ဝင်စီးပြီး ဆေးပစ္စည်းများအား ယူဆောင်သွားပြီး ယူဆောင်သွားသော ပစ္စည်းများမှာ အောက်စီဂျင်ဘူးများ၊ မက်စ်၊ ဟန်းဂျယ် နှင့် PPE ဝတ်စုံများ၊   ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ဆေးပစ္စည်းများ၊  စုစုပေါင်း ၅၆ သေတ္တာခန့် ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအဖြစ် ဒေသခံအင်အား ၃၀၀၀ နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်  ရောက်ရှိလာပြီး လူစုခွဲခဲ့သည်။ တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီး မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့သည်။ မြိတ်မြို့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်းများကို ဖြိုခွင်းရုံသာမက ရပ်ကွက်အတွင်းရှိ အိမ်များအထိ ဝင်ရောက်ရိုက်နှက်၍ ဖမ်းဆီးခြင်းများ၊ ကား၊ ဆိုင်ကယ်များကို ရိုက်နှက်ဖျက်ဆီးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ပြည်သူလူထု မတည်မငြိမ်ဖြစ်စေရန် နေ့ခင်းအချိန် မီးကွင်းများပစ်ကာ မီးရှို့ခြင်းများကိုလည်း ပြုလုပ်နေသည့်အပြင် ဆန္ဒပြသူများ၏ ဆိုင်ကယ်များကိုပါ စစ်တပ်က ကားပေါ်တင်သွားပြီး တပ်တွင်း၌ တစ်စီး ငါးသောင်းနှင့် ပြန်လာထုတ်ဖို့ ပြောသွားသည်ဟု သိရှိရသည်။ မြိတ်မြို့ မြို့သစ်တံတားဦးတွင်လည်း ပြည်သူများ၏ ဆိုင်ကယ်များကို ရဲကားဖြင့်ဝင်တိုက်ပြီး ပြည်သူများကို ဖမ်းဆီးလျက်ရှိသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ ယနေ့နံနက်အစောပိုင်းတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေစဉ် ရဲ၊ စစ်သားများမှ ဖြိုခွင်းခဲ့ပြီးနောက် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး အပါအ၀င် အမျိုးသမီး နှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။

ယမန်နေ့ညအချိန်တွင် နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ လှထိပ်ခေါင်(၁)လမ်းအတွင်းသို့  လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အချုပ်ကား အပါအဝင် ကား ၁၀ စီးခန့်ဖြင့် ရောက်ရှိလာခဲ့ပြီး သတ္ထုတွင်းဦးစီးဌာနမှ ဝန်ထမ်း ၁ ဦး၊ ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်း ၁ ဦးနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ဝန်ထမ်း ၄ ဦးနှင့် အဆိုပါလမ်းတွင် ဖွင့်လှစ်ထားသည့် သာထူးစားသောက်ဆိုင်ပိုင်ရှင် နှင့် မင်းခန့် စားသောက်ဆိုင် ပိုင်ရှင် ၂ ဦးတို့ကို ဖမ်းဆီးသွားခဲ့သည့်အပြင် ဆိုင်အတွင်းရှိ  ဘီယာ၊ အရက်တို့ကို ရဲများမှ ယူဆောင်သွားခဲ့သည်ဟု သိရှိရသည်။ ထို့ပြင် ဆိုင်ကယ် အစီး ၂၀ ခန့်ကိုလည်း ကရိန်းဖြင့် မတင်၍ ယူဆောင်သွားခဲ့သည်ဟု သိရှိရသည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့ရန် တိုက်တွန်းပြီးချိန်တွင် မုံရွာမြို့က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာဝင်း ဦးဆောင်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအပါအဝင်၊ ရှေ့နေများ၊ ကျောင်းဆရာမများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးသမားများနှင့် ဦးဆောင်အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ မုံရွာသည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်သည့် ပထမဆုံးမြို့လည်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲစခန်းက ရဲတပ်သားတစ်ဦးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်လာပြီး အဖမ်းမခံနိုင်ကြောင်းနှင့် ပြည်သူ့အစိုးရ အာဏာပြန်လည်ရရှိချိန်မှ တာဝန်ပြန်လည် ထမ်းဆောင်မည်ဟု ဆိုကာ စခန်းကိုမပြန်တော့ဘဲ တိမ်းရှောင်လျက်ရှိသည်ဟု သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့်အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဖမ်းဆီခြင်းခံခဲ့ရသည့် ကိုမင်းသားကြီး (ခ)  ဦးသိန်းစိုးဦး၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို အရပ်ဝတ်နှင့် လူ သုံးဦးမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်။ ကိုမင်းသားကြီး အပါအဝင် ဖမ်းဆီးခြင်းခံရသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် စွဲဆိုထားပြီး ၎င်းတို့ထဲမှ တစ်ချို့ကို ဗီဒီယိုအွန်လိုင်း စနစ်ဖြင့် မနေ့က ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ဖမ်းဆီးခြင်းခံရသူများ၏ မိသားစုဝင်များမှ ပြောကြားခဲ့သည်။ 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကျော်၌ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှ ဝင်ရောက် အရွေးခံပြီး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါ်ဝင်းမြမြသည် မန္တ​လေးမြို့၊ ၆၂ လမ်း​ပေါ်ရှိ ပါတီရုံး​ရှေ့၌​ ထိုင်​နေစဥ်  စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်​များက အမည်နဲ့တကွ ဝင်ရောက်ဖမ်းဆီးသွား ခဲ့သည်။ သူမနှင့်အတူ တိုင်းအလုပ်အမှု​ဆောင် ဦး​အေးသိန်းကိုပါ ဖမ်းဆီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီအချိန်တွင် မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) မှ အလုပ်သမား အဖွဲ့အစည်း များအား မတရားအသင်းဖြင့်ကြေညာခဲ့ပါသည်။ အဆိုပါ အဖွဲ့အစည်းများမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ Action Labour Right၊ All Myanmar Trade Union Network၊ Agriculture Freedom of Myanmar၊ Association for Labour Development၊ Labour Power Group၊ Federation of General Worker Myanmar၊ Freedom and Labour Action Group၊ We Generation၊ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ၊   အလုပ်သမား သမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာရေနံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ စက်မှုလုပ်ငန်း ဆိုင်ရာ အမျိုးသမီးအလုပ်သမားများ အစည်းအရုံး တို့ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

မတရားဖမ်းဆီးခံခဲ့ရသည့်စာရင်း ဒေါင်းလော့ရယူရန် Recent Arrests List (Last Updated on 27 Feb 21)

နေ့စဉ်ထုတ်ပြန်ချက်အားဒေါင်းလော့ရယူရန် 27 Feb burmese