စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၂၂ ရက္၊ ၂၀၂၁ ခုႏွစ္
ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ အလႊာအသီးသီးမွ သန္းေပါင္းမ်ားစြာေသာ ျပည္သူမ်ားသည္ ၂ ငါးလုံး ျပည္လုံးကြၽတ္ အေထြေထြသပိတ္၌ ပူးေပါင္းပါဝင္၍ စစ္အာဏာရွင္ကို ဆန႔္က်င္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ အင္တာနက္လိုင္းမ်ားကို နံနက္ ၁ နာရီအခ်ိန္မွ ၉ နာရီအခ်ိန္ထိ ပုံမွန္ ျဖတ္ေတာက္ လ်က္ရွိရာမွ ယေန႔တြင္ ရန္ကုန္ၿမိဳ႕ကို နံနက္ ၁ နာရီအခ်ိန္မွ ေန႔လည္ ၁၂ နာရီအခ်ိန္အထိ ျဖတ္ေတာက္ ထားခဲ့သည္။ ဆႏၵထုတ္ေဖာ္မႈမ်ား အဓိကျပဳလုပ္မည့္ ရန္ကုန္ၿမိဳ႕ရွိ သံ႐ုံးမ်ားႏွင့္ လူထုစုေဝးရာေနရာမ်ားကို စစ္ကားမ်ားခ်ထားၿပီး ရဲတပ္ဖြဲ႕မွလည္း ပိတ္ဆို႔ထားခဲ့သည္။
ယေန႔တြင္က်င္းပျပဳလုပ္သည့္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီအစည္းအေဝး၌ ကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီ႐ို ဂူတာရက္စ္မွ ျမန္မာစစ္တပ္၏ ဖိႏွိပ္မႈမ်ားကို ခ်က္ခ်င္း ရပ္တန႔္ရန္ ေတာင္းဆိုခဲ့သည္။ ထို႔ျပင္ ဖမ္းဆီးထိန္းသိမ္းထားသူမ်ားအား လႊတ္ေပးပါ၊ အၾကမ္းဖက္မႈမ်ားကို အဆုံးသတ္ ေပးပါ၊ လူ႔အခြင့္အေရးမ်ားႏွင့္ ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ေဖာ္ျပခဲ့သည့္ ျပည္သူတို႔၏ ဆႏၵကို ေလးစားပါ၊ လူ႔အခြင့္အေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္မ်ားကို ႀကိဳဆိုပါသည္ဟုလည္း ေျပာၾကားခဲ့သည္။
ဖမ္းဆီး၊ တရားစြဲဆိုမႈမ်ားအေနျဖင့္ ယေန႔တြင္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုကို video conference ျဖင့္ ႐ုံးထုတ္စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)ျဖင့္ စစ္ေတြ ၿမိဳ႕နယ္တရား႐ုံး၌ စစ္ေတြၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႈးဦးေက်ာ္သိန္းက တရားလိုအျဖစ္ တရားစြဲဆိုခဲ့သည္ဟု သိရသည္။ ဒုတိယအႀကိမ္႐ုံးခ်ိန္ကို မတ္လ ၄ ရက္ေန႔သို႔ ျပန္လည္ခ်ိန္းဆိုခဲ့သည္။
ယေန႔နံနက္ပိုင္းမွစတင္၍ ေနျပည္ေတာ္၊ ပ်ဥ္းမနား၌ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ ျပည္သူမ်ားကို ရဲတပ္ဖြဲ႕မွ အင္အားသုံး၍ ၿဖိဳခြင္းခဲ့ေသာေၾကာင့္ အင္ဂ်င္နီယာ (၅) ဦး ႏွင့္ ျပည္သူ (၁၀၀) ေက်ာ္ ဖမ္းဆီးျခင္း ခံခဲ့ရသည္။ ထို႔ျပင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၌လည္း ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနသည့္ ျပည္သူ တစ္ဦး ကို ဖမ္းဆီးခဲ့သည္။
ယမန္ေန႔ ည ၁၁ နာရီခြဲအခ်ိန္တြင္ ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ရွိ ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူမ်ား၊ WE NEED JUSTICE စာတန္းေရးဆြဲသူလူငယ္မ်ားသည္ မိုးညႇင္းၿမိဳ႕ သာယာေသာ သုသာန္သခ်ႋဳင္း၌ ေရွာင္တိမ္းေန​စဥ္ စစ္တပ္မွ သခ်ႋဳင္းအားဝိုင္း၍ ဖမ္းဆီးခဲ့သျဖင့္ နတ္ဆရာႏွင့္ ကိုေက်ာ္ေကာင္းတို႔ႏွစ္ဦး ဖမ္းဆီး ျခင္းခံခဲ့ရေၾကာင္း သိရွိရသည္။ ၎ျပင္ မိုးညႇင္း တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢဥကၠဌ ကိုေဇာ္ေဇာ္လင္းႏွင့္ အလြတ္တန္းသတင္းေထာက္ကိုဗညားတို႔ကိုလည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုထားသည္ဟု သိရွိရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၆၈၄) ဦးထိရွိခဲ့ၿပီျဖစ္ သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၄) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၄၇) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ အထိ (၆၃၇) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ေဒါင္းေလာ့ရယူရန္ Recent Arrests List (Last Updated on 22 Feb 21)Final

ရက်စွဲ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလွှာအသီးသီးမှ သန်းပေါင်းများစွာသော ပြည်သူများသည်  ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်၌ ပူးပေါင်းပါဝင်၍ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အင်တာနက်လိုင်းများကို နံနက် ၁ နာရီအချိန်မှ ၉ နာရီအချိန်ထိ ပုံမှန် ဖြတ်တောက် လျက်ရှိရာမှ ယနေ့တွင် ရန်ကုန်မြို့ကို နံနက် ၁ နာရီအချိန်မှ နေ့လည် ၁၂ နာရီအချိန်အထိ ဖြတ်တောက် ထားခဲ့သည်။ ဆန္ဒထုတ်ဖော်မှုများ အဓိကပြုလုပ်မည့် ရန်ကုန်မြို့ရှိ သံရုံးများနှင့် လူထုစုဝေးရာနေရာများကို စစ်ကားများချထားပြီး ရဲတပ်ဖွဲ့မှလည်း ပိတ်ဆို့ထားခဲ့သည်။ 

ယနေ့တွင်ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်မှ မြန်မာစစ်တပ်၏ ဖိနှိပ်မှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးပါ၊ အကြမ်းဖက်မှုများကို အဆုံးသတ် ပေးပါ၊ လူ့အခွင့်အရေးများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို လေးစားပါ၊ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကြိုဆိုပါသည်ဟုလည်း ပြောကြားခဲ့သည်။

ဖမ်းဆီး၊ တရားစွဲဆိုမှုများအနေဖြင့် ယနေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို video conference ဖြင့် ရုံးထုတ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် စစ်တွေ မြို့နယ်တရားရုံး၌ စစ်တွေမြို့နယ်ဒုအုပ်ချုပ်ရေးမှုးဦးကျော်သိန်းက တရားလိုအဖြစ်  တရားစွဲဆိုခဲ့သည်ဟု သိရသည်။ ဒုတိယအကြိမ်ရုံးချိန်ကို မတ်လ ၄ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်၊ ပျဉ်းမနား၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို ရဲတပ်ဖွဲ့မှ အင်အားသုံး၍ ဖြိုခွင်းခဲ့သောကြောင့် အင်ဂျင်နီယာ (၅) ဦး နှင့် ပြည်သူ (၁၀၀) ကျော် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့၌လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူ တစ်ဦး ကို ဖမ်းဆီးခဲ့သည်။ 

ယမန်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ WE NEED JUSTICE စာတန်းရေးဆွဲသူလူငယ်များသည် မိုးညှင်းမြို့ သာယာသော သုသာန်သင်္ချိုင်း၌ ရှောင်တိမ်းနေ​စဥ် စစ်တပ်မှ သင်္ချိုင်းအားဝိုင်း၍ ဖမ်းဆီးခဲ့သဖြင့် နတ်ဆရာနှင့် ကိုကျော်ကောင်းတို့နှစ်ဦး ဖမ်းဆီး ခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ၎င်းပြင် မိုးညှင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုဇော်ဇော်လင်းနှင့် အလွတ်တန်းသတင်းထောက်ကိုဗညားတို့ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၈၄) ဦးထိရှိခဲ့ပြီဖြစ် သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၄) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၇) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ (၆၃၇) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)