စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများသည် ပို၍ အင်အားကောင်းလာသည်နှင့်အလျောက် ဆန္ဒထုတ်ဖော်သူများကို ဖိနှိပ်ခြင်းများ၊ အကြမ်းဖက်ခြင်းများကို အာဏာသိမ်းစစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ကျူးလွန်လာသည်ကို တွေ့ရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် မီးရထားစက်ခေါင်းမောင်းများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ခရီးစဉ်ပြေးဆွဲခြင်းကိုရပ်နား၍ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော လှုပ်ရှားမှု(CDM)ကို ပြုလုပ်ခဲ့သည်။ သို့အတွက် ရထားမောင်းနှင်နိုင်ရန် စစ်တပ်မှ မိတ္ထီလာ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ မီးရထားစက်ခေါင်းမောင်းအရာရှိ ဦးဇော်ကိုကိုမောင်၊ ဦးသန့်ဇင် နှင့် အခြားစက်ပြင် (၂) ဦးတို့အား သေနတ်ဖြင့်ထောက်ကာ ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ မန္တလေးပြည်သူလူထုမှ ၎င်းတို့ကို လွှတ်ပေးရန်အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ ညပိုင်းအချိန်တွင် မန္တလေးဘူတာကြီးကို ရဲ နှင့် စစ်တပ်က ဝင်ရောက်၍ မီးရထား ဝန်ထမ်းများ နေအိမ်အတွင်းသို့ အချက်ရေများစွာ ပစ်ခတ်မှုပြုလုပ်ခဲ့၍ မီးရထား သန့်ရှင်းရေးဝန်ထမ်း အိမ်ဝန်းအတွင်းမှ ဝန်ထမ်း (၁) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဘူတာအနီး၌ ဖွင့်ထားသည့် ပရဟိတဓါရီလူမှုကူညီရေးအသင်းရုံးကို လည်း ပစ်ခတ်ခဲ့ခြင်းကြောင့် အသင်းဝင် လူငယ် (၁) ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ပရဟိတကား (၂) စီး ကျည်ဆန်ထိမှန်သွားခဲ့သည်။
ယနေ့နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော လှုပ်ရှားမှု (CDM) ၌ ပါဝင်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း ၁၂ ဦးကို နေပြည်တော်တပ်ကုန်း၌ ဖမ်းဆီး သွားသည်ဟု သိရှိရသည်။
ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြနေသူများကို စစ်တပ် နှင့် ရဲတပ်ဖွဲ့က ပိတ်ပင်တားဆီးပြီး အရပ်သားအချို့ကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိခဲ့ကြောင်း သိရှိရသည်။ ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် နေပြည်တော်သပြေကုန်းအဝိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေ သည့် ပြည်သူများအား ရဲတပ်ဖွဲ့မှ လမ်းနှစ်ဘက်ညှပ်ပိတ်၍ ဖမ်းဆီးခဲ့သောကြောင့် အမျိုးသမီးများအပါအဝင် လူ ၃ဝ ထက် မနည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး လူအုပ်ကိုလည်း ရေကားများနှင့်ထိုး၍ လူစုခွဲခဲ့သည်။
ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများအား ယခုကဲ့သို့ အဓမ္မအင်အားသုံးဖြိုခွင်းခြင်းသည် တရားမျှတမှုလုံးဝမရှိဘဲ ထိုအခြင်းအရာသည် နိုင်ငံတကာဥပဒေများအား ချိုးဖောက်လျက်ရှိသည်။ “ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် တုံ့ပြန်မှုများသည် ထိန်းချုပ်မှု၊ ခြိမ်းခြောက်မှုမှသည် သွေးထွက်သံယို ဖြစ်စေသည်အထိ ဖြစ်စေခဲ့ပြီ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာအစည်းအဝေးတွင် ပြောကြား ခဲ့သည်။ ကံမကောင်းစွာပင် ကိုယ်စားလှယ်၏ သတိပေးချက်အတိုင်း ထပ်မံကြုံတွေ့လာရပြီဖြစ်သည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်း (၃) လမ်းမီးပွိုင့်အနီးတွင် မီးပွိုင့်မိ၍ ရပ်ထားသည့် ကားများကို သင်္ကန်းဝတ်နှင့် အရပ်သား (၁၀) ဦးခန့်က NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း စတေကာကပ်ထားသော ကားများ၏ ကားမှန်များကို သံတုတ်များဖြင့် ရိုက်ခွဲ၍ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ကား (၄) စီးခန့် မှန်ကွဲပျက်စီးမှုများရှိခဲ့ပြီး လူတစ်ဦးလည်း သံတုတ်ဖြင့်အရိုက်ခံရ၍ ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါ ဖျက်ဆီးသူများသည် ထိုနေရာအနီးရှိ ဘုန်းကြီးကျောင်းတိုက်အတွင်းသို့ ဝင်ရောက်သွားခဲ့သဖြင့် ထိုသူများကို ထုတ်ပေးရန် ပြည်သူလူထုက တောင်းဆိုခဲ့သောကြောင့် ယင်းကျောင်းတိုက်ရှိ သံဃာတော်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ကျောင်းတိုက်အတွင်းမှ လေးခွများဖြင့် ပြည်သူလူထုကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် လူစုလူဝေးဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ အဆိုပါ ကျောင်းတိုက်ကို လုံခြုံရေး ယူပေးခဲ့သည်။ ထိုနေရာသည် ယခင်က တပ်ထောက်ခံပွဲများ စတင်ထွက်ခွာရာ နေရာဖြစ်ကြောင်းလည်း သိရှိရ သည်။
ဖမ်းဆီး၊ တရားစွဲဆိုမှုများအနေဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားပြီး လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရုံးတင်စစ်ဆေး မည်ဖြစ်ကြောင်းသိရှိရသည်။ ၎င်းပြင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်းကို လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့သို့ချိန်းဆိုခဲ့ပါသည်။ လက်ရှိတွင် မန္တလေးအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်ဟု သိရှိရသည်။
၎င်းပြင် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM)တွင် ပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ ထင်ရှားသည့် အနုပညာရှင် (၆) ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း အာဏာသိမ်းစစ်ကောင်စီမှ ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခွန်ဗွာထိုသွေးသည် ယမန်နေ့ ညနေပိုင်းအချိန်ကတည်းက ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှ နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်အောင်သုခ ကျေးရွာမှ မဆွေဇင်နုကို CDM တွင် ပါဝင်သည့် ဝန်ထမ်းများအား ထမင်း၊ဟင်းချက်ကျွေးသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သူမအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မိသားစုဝင်များမှ သိရှိရ ခြင်းမရှိပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၅၂၁) ဦးထိရှိခဲ့ပြီဖြစ် သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၄) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ (၄၇၇) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

ဖမ်းဆီးခံရသူများစာရင်းဒေါင်းလော့ရယူရန်Recent Arrests List (Last Updated on 18 Feb 21) (last update)

ရကျစှဲ ဖဖေောျဝါရီလ ၁၈ ရကျ၊ ၂၀၂၁ ခုနှဈ














Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
