စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်

စစ်အာဏာသိမ်းသည့် ၁၂ ရက်မြောက်နေ့ဖြစ်သည့် ယနေ့သည် မြန်မာနိုင်ငံ၏ ၇၄ နှစ်မြောက်ပြည်ထောင်စုနေ့ ဖြစ်သော်လည်း တိုင်းရင်းသားဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ဆက်လက်မြှင့်တက်လျက်ရှိသလို အာဏာသိမ်းအစိုးရ၏ ဆန္ဒပြပွဲ များအား အကြမ်းဖက်ဖြိုခွင်းမှုနှင့်အတူ အဖမ်းအဆီးများမှာလည်း အရှိန်မြှင့်တက်လျက်ရှိနေသည်။

မြန်မာပြည်တစ်ဝှမ်းတွင် ဥပဒေမဲ့ မတရားဝင်ရောက်ဖမ်းဆီးပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများအား အဓမ္မခေါ်​ဆောင် သွားသည့် ဗီဒီယိုများသည် သတင်းမီဒီယာများ နှင့် အင်တာနက်စာမျက်နှာများထက်၌ ပြန့်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အဆိုပါဖမ်းဆီးမှုများသည် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုလျော့လျဲလျက်ရှိသည်ကို ညွှန်းဆိုပြနေပြီး ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်လျက်ရှိသည်ကို ထုတ်ဖော်ပြနေသည်။ ထို့ပြင် ပြည်တွင်းဥပဒေသာမက နိုင်ငံတကာစံနှုန်းများနှင့်လည်း သွေဖယ်လျက်ရှိသည်။  

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိစဉ် ရဲတပ်ဖွဲ့ဝင်များမှ မော်လမြိုင်ကျောင်းသားသမဂ္ဂစစ်ကြောင်းကို ရာဘာကျည်ဖြင့်ပစ်ခတ်၍ ဖြိုခွင်းခဲ့ သောကြောင့် ကျောင်းသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသား (၉) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ရဲတပ်ဖွဲ့မှ ဆန္ဒပြသူတစ်ဦးအား အဓမ္မအကြမ်းဖက် ဖမ်းဆီးသည့် ဗီဒီယိုတစ်ခုထွက်ပေါ်လာသည်။ နောက်ထပ် ဗီဒီယိုတစ်ခုတွင်မူ ရဲတပ်ဖွဲ့က ဆန္ဒပြသူတစ်ဦးအား ရုန်းရင်းဆန်ခတ် ခေါ်ဆောင်မသွားမီ စစ်ဆေးမေးမြန်းနေ သည်ကို တွေ့ရှိရသည်။

လူမှုကွန်ရက်၌ပြန့်နေသည့် နောက်ထပ်ဗီဒီယိုတစ်ခုတွင် ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ အိမ်တစ်အိမ် ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ကာ  ဒေါက်တာ ပြည့်ဖြိုးနိုင်အား Civil Disobedience Movement (CDM) တွင် ပါဝင်မှုအတွက် မတရားဖမ်းဆီးသွားသည်ကို တွေ့ရှိရသည်။

ရုတ်တရက်ဖမ်းဆီးခြင်းခံရသူများ၏ မိသားစုဝင်များမှာ အဘယ့်ကြောင့်ဖမ်းဆီးသွားသည်၊ မည့်သည့်နေရာသို့ ခေါ်ဆောင်ထိန်းသိမ်းမည် စသည့် မည်သည့်အခြေအနေကိုမျှ အသိပေးခြင်းမခံရပေ။ ထိုကဲ့သို့ ညအချိန် မတော်ဝင်ရောက်ဖမ်းဆီးခံနေရခြင်းဖြစ်စဉ်များမှာ တစ်ခုတည်း၊ တစ်နေရာတည်း မဟုတ်ဘဲ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ချိုးဖောက်ပါက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈ နှင့် ဖမ်းဆီး၊ တရားစွဲဆိုခံရမည်ဟု ဖော်ပြထားရာ ပုဒ်မ ၁၈၈ အရ ပြစ်မှုမြောက်သည်ဟု စွပ်စွဲခံရပါက တရားရုံး၌ စွဲချက်တင်ရမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ လမ်းမပေါ်၊ အိမ်များပေါ်မှ မတရားဆွဲခေါ်ဖမ်းဆီးခံရမှုများသည် တည်ဆဲဥပဒေနှင့်လျော်ညီမှု မရှိပေ။ ထို့ပြင် ပုဒ်မ ၁၈၈ ဖြင့် အရေးယူခြင်းအမှုသည် ရဲအရေးပိုင်လည်းမဟုတ်ဘဲ တရားရုံးကသာ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် အမှုစွဲချက်တင်ခြင်းတို့ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့မှ ကားဖြင့် ၀င်တိုက်၍ ဆန္ဒပြပွဲကိုဖြိုခွင်းကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ မိတ္ထီလာမြို့တွင် စစ်တပ်ထောက်ခံသူများမှ အများပြည်သူအား ရိုင်းစိုင်းသော အမူအရာများပြုလုပ်ကာ ရန်စမှုများရှိခဲ့သည်။ ၎င်းပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတို့အတွက် အေးချမ်းစွာဆန္ဒထုတ်ဖော်နေသည့် အများပြည်သူများအား တပ်ထောက်ခံသူများက မတရားသဖြင့်  ရန်ပြုမှုများလုပ်ဆောင်ခဲ့သည်ကို လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက် (Live) ထုတ်လွှင့်မှုမှတစ်ဆင့် တွေ့ရှိရသည်။

ထိုလုပ်ရပ်များသည် အေးချမ်းစွာဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသလို စစ်အာဏာသိမ်းအုပ်စုမှ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်မှုများပြုလုပ်ခြင်းဖြစ်သည်ဟု မိမိတို့မှရှုမြင်သုံးသပ်ပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းသည်လည်း စိုးရိမ်ဖွယ်မကင်းသည့် အခြေအနေတစ်ရပ်ကို ဖော်ဆောင်လျက်ရှိသည်။ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၂၃၃၆၉ ယောက်တွင် နိုင်ငံရေးအကျဉ်းသား လေးဦးသာ ပါဝင်ခဲ့ သည်။ သို့ဖြစ်၍ ယခုကဲ့သို့ အကျဉ်းသားများအား လွှတ်ပေးခြင်းသည် နောက်ထပ်နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်အတွင်း ထိန်းသိမ်းရန်အတွက် နေရာလွတ်ဖန်တီးခြင်းလား၊ မည်သည့်ရည်ရွယ်ချက်ဖြင့် လွှတ်ပေးခြင်းလဲဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်စေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၃၂၆) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့အနက်မှ (၃) ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ (၂၃) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦးအပါအဝင် (၃၀၃) ဦးမှာ ဆက်လက် ထိန်းသိမ်းခြင်း ခံနေရဆဲဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

Download link for Recent Arrests List (Last Updated on 12 Feb 21) (Final 1)