စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ      ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၁ ခုနှစ်

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းကတည်းက ရန်ကုန်တိုင်းဒေသကြီး နှင့် အခြား တိုင်းနှင့်ပြည်နယ်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်များကို ဆက်လက်ဆင်နွှဲလျက်ရှိကြသည်။ ယနေ့တွင် ရဲတပ်ဖွဲ့မှ အထွေထွေသပိတ်အား အင်အားသုံးဖြိုခွင်းခဲ့သည့်အပြင် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နေပြည်တော် ကောင်စီနယ်မြေ၊ နေပြည်တော် နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တို့၌လည်း ရဲတပ်ဖွဲ့မှ လူထုအား မီးသတ်ပိုက်ဖြင့် ဖြိုခွင်းခြင်း အကြမ်းဖက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပါသည်။

ယနေ့ ညနေ (၄) နာရီအချိန်ဝန်းကျင်ခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၌ ရဲတပ်ဖွဲ့မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ပစ်ခတ်ဖြိုခွင်းခဲ့၍ (၄) ဦး  ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။ ၎င်းတို့အနက်မှ ဦးခေါင်းတွင် ကျည်ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော အသက် (၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် အသက်အန္တရာယ် စိုးရိမ်ရသည့်အပြင်  အခြားအမျိုးသမီး (၁) ဦးမှာလည်း စိုးရိမ်ရဆဲအခြေအနေတွင်ရှိနေသည်ဟု သိရှိရ သည်။  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား လက်နက်အားကိုး၍ ပစ်ခတ်ခြင်းမှာ လုံးဝမဖြစ်သင့်ပါ။ သို့သော်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာရှင်အဆက်ဆက် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူလူထုများအား အသက်အန္တရာယ်ထိခိုက်စေသည့် အကြမ်းဖက်ဖြိုခွင်းခြင်းနည်းလမ်းများကို အမြဲတစေကျင့်သုံးလျက်ရှိသည်။

အင်အားအသုံးပြုခြင်း၊ လက်နက်အသုံးပြုခြင်းတို့နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် အာဏာပိုင်များ လိုက်နာရမည့် အခြေခံမူများ၏ အပိုဒ် ၅(ခ)တွင် “ရဲတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိမှု နှင့် ပျက်စီးမှုဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး လူ့အသက်ကို တန်ဖိုးထားရမည်ဟု ဖော်ပြထားသည်။ ကျည်အစစ်ဖြင့်ဖြစ်စေ၊ ရာဘာကျည်ဖြင့်ဖြစ်စေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ပစ်ခတ်ခြင်းသည် အဆိုပါနည်းနာများကို ချိုးဖောက်ခြင်းဖြစ်သည်။ ဆန္ဒပြသူများ၏ အသက်အန္တရာယ်မထိခိုက်ရေးအတွက် ရဲတပ်ဖွဲ့တွင်တာဝန်ရှိကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး၏ အသက်အန္တရာယ်မပြုသောအင်အားသုံးမှု လမ်းညွှန်ချက် လက်စွဲစာအုပ်တွင် တိကျ ရှင်းလင်းစွာဖော်ပြထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ကို ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များဖြင့်ပါ စနစ်တကျ အသုံးပြုရုံမျှမက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအား ကျည်ဆံအစစ်များ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ရန် လည်း ဦးတည်ချိန်ရွယ်ထားလျက်ရှိခဲ့သည်။ ပြည်သူ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ဆန္ဒပြမှု စကတည်းက မျက်စိကန်းစေသော၊ သွေးထွက်သံယိုဖြစ်စေ၍ မွန်းကျပ်လောက်အောင် အင်အားပြင်းသော အဓိကရုဏ်းဖြိုခွင်းရေး ရေမှုတ်ကားများကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်ချထားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၇)၊ အပိုဒ် (၃၅၃) တွင် “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်အန္တရာယ်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ” ဟုဖော်ပြထားသည်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ စစ်တပ်မှအာဏာသိမ်းခြင်းသည် တရားမဝင်ဘဲ ထိုအကြမ်းဖက်လုပ်ရပ်များသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိပါ။

စစ်တပ်မှ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာစေရေးနှင့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာပြန်လည်အပ်နှင်းစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အသေအချာလုပ်ဆောင်ရမည် ဖြစ်သည်။

ယနေ့နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ မှ ကြီးကြပ်ထားသည့် လူငယ်စင်တာကို စီးနင်းဝင်ရောက်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားလူငယ်များကို ဝင်ရောက်ရှာဖွေ ခဲ့သည်ဟု သိရှိရသည်။

နေပြည်တော်ကော်စီ၊ နေပြည်တော်တွင် ရဲအရာရှိ (၁) ဦး၊  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ရဲတပ်ဖွဲ့ဝင် (၃) ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရဲတပ်ဖွဲ့ဝင် (၁) ဦး တို့သည် ပြည်သူများနှင့်အတူ ပူးပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖမ်းဆီးမှုများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ အရပ်သား ဦးဆန်းထွန်း၊ ကိုသက်ပိုင်မှူး နှင့် ကိုစည်သူဖြိုး (ခ) စည်ကြီး၊ ဒီဗွီဘီသတင်းဌာန၏ မန္တလေးအခြေစိုက်  သတင်းထောက် ကိုဘကြီးအောင် အပါအဝင်  လူ ၃၀ ဦးခန့်၊ ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ အရပ်သား ဦးသိန်းလွင်၊ ဦးအောင်ကိုထွဋ်တို့အပါအဝင် (၁၃) ဦး၊  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူ NLD ဒုဥက္ကဌ ဦးမျိုးမော်၊ တက်ကြွလှုပ်ရှားသူ ကိုမျိုးဇော်ထွေး၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ မြို့နယ်အဆင့် ပါတီ ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် NLD ပါတီဝင် ဦးမြင့်စိုး၊ တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်မြို့ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူ့ဘက်မှရပ်တည်မည်ဟုဆိုကာ တက်ရောက်ဟောပြောခဲ့သည့် ရဲတပ်သား ထွန်းအောင်လင်းတို့သည် ဖမ်းဆီးခြင်းခံခဲ့ ရသည်။ 

ဖမ်းဆီး၊တရားစွဲဆိုမှုများအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နေအိမ် အကျုပ်ချုပ်ချထားရာမှ တခြားနေရာသို့ ခေါ်ဆောင်၍ ထိန်းသိမ်းထားကြောင်းသိရှိရသည်။ ၎င်းပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ NLD တွဲဘက်အတွင်းရေးမှူး ကိုကျော်ကျော်မိုး၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် NLD ပါတီအဖွဲ့ဝင် ဦးကျော်မြင့် နှင့် မဇ္ဈိမလူမှုရေးအသင်းဥက္ကဌ ဦးတင့်ဆွေ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC) ကော်မတီဝင် ဦးကျော်ဇေယျ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နိုင်ငံရေးအကျဉ်းဟောင်းတစ်ဦးဖြစ်သည် ဦးမြင့်ဌေးတို့သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့၌ ဆန္ဒထုတ်ဖော်ခဲ့ ကြသည့် လူငယ် (၄) ဦးသည် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခြင်းခံထားရသည်။ အမှုဖွင့်ခြင်းခံရသည့် လူငယ်များသည် တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ည ၈ နာရီအချိန်တိုင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၁၉၀) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့အနက်မှ (၂) ဦးသည် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခြင်းခံထားရကာ (၁၉) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂) ဦးအပါအဝင် (၁၇၁) ဦး မှာ ဆက်လက် ထိန်းသိမ်းခံ နေရဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

ဒေါင်းလော့ရယူရန် Recent Arrests List (Last Updated on 9 Feb 21)final