စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ      ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၁ ခုနှစ်

စစ်အာဏာသိမ်းမှု ရှစ်ရက်မြောက်နေ့ဖြစ်ပြီး လူထုဆန္ဒထုတ်ဖော်မှု သုံးရက်မြောက်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်  မြန်မာနိုင်ငံတဝှမ်းရှိ သန်းနှင့်ချီသောလူထုသည် စစ်အာဏာသိမ်းမှုကို အရှိန်အဟုန်ဖြင့်    ဆန့်ကျင်တွန်းလှန်ခဲ့ ကြသည်။ ယနေ့ဆန္ဒထုတ်ဖော်မှုတွင် အစိုးရဝန်ထမ်းများ၊ကျောင်းဆရာ၊ဆရာမများ၊ ဆရာဝန်များစသည့် နိုင်ငံ့ဝန်ထမ်းများ သည် Civil Disobedience Movement (CDM) တွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး လူထုနှင့်အတူ ရပ်တည်ကာ အတူတကွဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ရန်ကုန်မြို့တွင်းဆန္ဒထုတ်ဖော်မှုကို ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မနီလာသိန်းမှ လာရောက်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့်အတူ ရပ်တည်ကြောင်း၊ CDM နည်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ပေးသော ပြည်သူ့ဝန်ထမ်းများအားလုံး အခက်အခဲဖြစ်လျှင် ကူညီရန်အတွက် ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သော တိုင်းနှင့်ပြည်နယ်များအနက်မှ နေပြည်တော် သပြေကုန်းအဝိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော လူထုအတွင်းသို့ ကြိုတင်သတိပေးမှုမရှိဘဲ မီးသတ်ပိုက်ဖြင့် ဖြိုခွင်းခဲ့ခြင်းကြောင့် ဒဏ်ရာရသူ တချို့ ရှိခဲ့သည်။

ယနေ့ညနေပိုင်းတွင် တပ်မတော်ထောက်ခံသူများမှ စုရုံးလှည့်လည်ခဲ့ကြပြီး (stop) ကမ်ပိန်းဟူသော လက်ငါးချောင်းထောင်သည့် အသွင်သဏ္ဏာန်ဖြင့်လည်းကောင်း၊ စစ်သီချင်းများဖွင့်၍လည်းကောင်း လှည့်လည်ခဲ့ကြသည်ကို တွေ့မြင်ရပါသည်။ သို့ရာတွင်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြည်သူများမှ စည်းကမ်းသေဝပ်စွာဖြင့် တုန့်ပြန်ခဲ့ကြသဖြင့် မည်သည့်အကြမ်းဖက်မှုမျှမဖြစ်ပွားခဲ့ပဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါသည်။

ထို့ပြင် စစ်တပ်၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိနေသည့် “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှလည်း ဆန္ဒထုတ်ဖော်မှုများကို ထိရောက် ဟန့်တားမည့် ဆောင်ရွက်ချက်များဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြ ရပါမည်”ဟု ယနေ့တွင် ကြေညာ ခဲ့သည်။ ထိုအခြင်းအရာသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ဟန့်တားသည့် အသွင်ဆောင်နေပြီး ရပ်တန့်ခြင်းမရှိလျှင် အကြမ်းဖက်ဖြိုခွင်းမည့်ပုံဆောင်နေပါသည်။ ထို့ကြောင့် ဆန္ဒထုတ်ဖော်သူများ၏ ဘေးကင်း လုံခြုံရေးမှာ အလွန်အမင်း စိုးရိမ်ဖွယ်ရာအနေအထားဖြစ်သည်။ 

၎င်းပြင် တိုင်းနှင့်ပြည်နယ်များတွင် ည (၈) နာရီအချိန်မှ နံနက် (၄) နာရီအချိန်အတွင်း ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားပြီး နှင့် လူ ၅ ဦး သို့မဟုတ် လူ ၅ ဦး ထက်ပိုမစုရ အမိန့်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာမြို့နယ်အလိုက်လက်မှတ်ရေးထိုး၍  ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ပုဒ်မ ၁၄၄ သည် နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ရွေးကောက်ခံအစိုးရထံမှ အဓမ္မအာဏာသိမ်းမှုအပါအဝင် လတ်တလောဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ဥပဒေမဲ့အာဏာသိမ်းမှုသည် တပ်မတော်ခေါင်းဆောင်အချို့၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား သက်သက်ဖြင့် ပြုလုပ်ခဲ့သည်ကို မီးမောင်းထိုးပြလျှက်ရှိသည်၊ ဥပဒေမဲ့အာဏာသိမ်းယူ၍ ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းရန် အားထုတ်မှုသည် ပြည်ထောင်စုအစိုးရကို ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မြောက်သည့်လုပ်ရပ်သာ ဖြစ်သည်ဟု ဖော်ပြထားသည်။ 

ဖမ်းဆီး၊တရားစွဲဆိုမှုများအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သည် ဆန္ဒထုတ်ဖော်သူများကို ဖုန်းဖြင့် မိန့်ခွန်းစကားပြောကြားခဲ့သဖြင့် စစ်တပ်မှ လက်ကိုင်ဖုန်းကို သိမ်းဆည်းကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၎င်းပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း နေအိမ်အကျယ်ချုပ်ချ ထားသည့် နေအိမ်မှ  ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ 

ထိုမျှမက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်အား ကားဖြင့် ပို့ဆောင် ကူညီပေးခဲ့ကြသည့် ဦးကျော်စွာမိုး၊ ဦးထွန်းလွင်စိုး၊ မကေသီ၊ မသင်းသင်းခိုင်၊ မမိုးတို့ငါးဦးသည် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာ ခဲ့သည်။ 

 

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၁၇0) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့အနက်မှ (၂) ဦးသည် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခြင်းခံထားရကာ (၁၈) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂) ဦးအပါအဝင် (၁၅၂) ဦး မှာ ဆက်လက် ထိန်းသိမ်းခံ နေရဆဲဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

Download link for arrest list in Military coupTotal List (Last Updated on 8 Feb 21)