စစ်အာဏာသိမ်းပြီးနောက် လတ္တေလျာဖစ်ပေါ်လ်က်ရွိသော အျေခအေနမ်ားနွင့္ပတ်သက်၍ နေ့စဉ္ထုတ်ျပန္ခ်က် အက်ဉ်းခ်ုပ်


ရက်စွဲ ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ ခုနှစ်
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများသည် ပို၍ အရှိန်အဟုန်မြင့်လာ သည်ကို တွေ့ရှိရသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာမက နိုင်ငံတဝှမ်းရှိ အခြားတိုင်းနှင့် ပြည်နယ်များတွင် တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ အရပ်သားများအပါအဝင် နယ်ပယ်စုံမှ ထောင်နှင့်ချီသော ပြည်သူများသည် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တွင်းဆန္ဒထုတ်ဖော်မှုကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်မှ လာရောက်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့်အတူ ရပ်တည်ကြောင်းပြသခဲ့သည်။

ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့ကြပြီး အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရဲတပ်ဖွဲ့မှ ဆန္ဒထုတ်ဖော်သူများသွားလာမည့်လမ်းများကို ပိတ်ဆို့ထားပြီး အင်အားသုံး ဖြိုခွင်းခဲ့ ခြင်းမရှိသော်လည်း အခြေအနေကိုစောင့်ကြည့်လျက်ရှိသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်မူ ရဲတပ်ဖွဲ့မှ ဆန္ဒထုတ်ဖော်သူ များအား သေနတ်ဖြင့်ပစ်ဖောက် ဖြိုခွင်းခဲ့၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ခင်ထား အပါအဝင် အရပ်သား အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၄) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ညနေ ၆ နာရီခွဲအချိန်တွင် (၁၄) ဦး လုံးပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရှိရသည်။ မြဝတီမြို့ဆန္ဒပြမှုအတွင်း ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦးမှာ ကျည်ဆန်ထိမှန်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ည ၈ နာရီအချိန်တိုင်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖမ်းဆီး၊တရားစွဲဆိုမှုများနှင့်ပတ်သက်၍ နောက်ဆုံးရရှိသည့်သတင်းအချက်အလက်များအရ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ NLD ဥက္ကဌ ဦးသန်းလွင်သည် ဖမ်းဆီးခြင်းခံခဲ့ရ သည်။
၎င်းပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များရိပ်သာ၌ထားရှိရာမှ ယနေ့နံနက်ပိုင်းတွင် ထပ်မံ၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရ သည်။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ခြင်းမရှိကြောင်းလည်း သိရှိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား မနေ့ညကတည်းက နေအိမ်အကျယ်ချုပ်မှ ပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။ ထို့ပြင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း မိသားစုရှိရာ ရန်ကုန်ရှိ ၎င်း၏နေအိမ်ကို ပြန်ခွင့်မပြုသည့်အတွက် ဇာတိဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို ပြန်သွားသည်ဟု သိရှိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်မြို့၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုဖြူဖွေး၊ ကိုကျော်ကျော်ဉာဏ်ထွန်း၊ ကိုမျိုးသန့်ထွဋ်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုသွား မည်ဟု ပြည်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးမှ အသိပေးထားကြောင်း ပြည်နိုင်ငံရေးအကျဉ်းဟောင်းများအဖွဲ့ထံမှ သိရှိရပါသည်။
သို့ဖြစ်၍ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၁၆၅) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့အနက်မှ (၂) ဦးသည် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခြင်းခံထားရကာ (၁၃) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂) ဦးအပါအဝင် (၁၅၂) ဦး မှာ ဆက်လက် ထိန်းသိမ်းခံ နေရဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ပြည်သူလူထုသည် ၎င်းတို့၏ဆန္ဒကို ငြိမ်းချမ်းသောနည်းဖြင့် ထုတ်ဖော်လျက်ရှိသော်လည်း ၎င်းတို့၏ အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်ပူပန်မိပါသည်။ မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်အဆက်ဆက် အင်အားသုံးဖြိုခွင်းခဲ့ သော အထောက်အထားများလည်းရှိခဲ့၍ ယခုဆန္ဒထုတ်ဖော်သော ပြည်သူလူထုကို အကြမ်းမဖက်သောနည်းဖြင့် ကာကွယ်မှုပေးပါ ရန် နှင့် ပြည်သူ့ဆန္ဒကို အလေးထားရန် တိုက်တွန်းပါသည်။ ၎င်းပြင် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများကို မြန်မာပြည်တွင်းအခြေအနေများနှင့်ပတ်သက်၍ စောင့်ကြည့်၍ အရေးယူမှုများကို အမြန်ဆုံး လုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
ဒေါင်းလော့ရယူရန် Recent Arrests List (Last Updated on 7 Feb 21))
ဒေါင်းလော့ရယူရန် Recent Arrests List CSOs (Last Updated on 7 Feb 21))