အေအေပီပီမှဧပြီလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဧပြီလအတွင်း စုစုပေါင်း (၉) ဦး အမှုဖွင့်၊တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထို (၉) ဦးအနက်မှ ရခိုင်တိုင်းရင်းသား (၆)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)၊ ၅၂(က)၊ အပျော်တမ်း ဂရက်ဖက်တီ ပန်းချီရေးဆွဲသူ (၃)ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဧပြီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ စုစုပေါင်း (၃၉)ဦး ရှိခဲ့သည်။ ထို (၃၉) ဦးအနက်မှ အပျော်တမ်း ဂရက်ဖက်တီ ပန်းချီရေးဆွဲသူ (၃)ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က)၊ ရခိုင်တိုင်းရင်းသား (၅)ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်သာမ ချင်းပြည်နယ်၊ ပလက်ဝက်မြို့နယ်မှ အရပ်သား (၁) ဦးနှင့် ဆရာမ (၁) ဦး၊  ရခိုင်ပြည်နယ်၊ ကျောက်တော်၊ တောင်ကုတ်၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များမှ အရပ်သားနှင့် စစ်ဘေးရှောင် စုစုပေါင်း (၂၉) ဦးတို့သည်လည်း အသီးသီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဧပြီလအတွင်း စုစုပေါင်း (၅) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို (၅) ဦးအနက်မှ သတင်းထောက် (၁) ဦးနှင့် အရပ်သား (၂) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၁၄ရ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး သတင်းထောက် (၁) ဦးနှင့် တက္ကသိုလ်ကျောင်းသူ (၁) ဦး တို့ကို  စွဲဆိုထားသော စွဲချက်များကို သက်ဆိုင်ရာ တရားရုံးအသီးသီး မှ ရုပ်သိမ်းပေးခဲ့သည်။  

ဧပြီလအတွင်း စုစုပေါင်း (၄၇) ဦး လွတ်မြောက်ခဲ့သည်။ ထို (၄၇) ဦးအနက် (၂၆) ဦးသည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ ဧပြီလအတွင်း နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ကိုနေမျိုးဇင်၊ ကိုသိန်းအောင်မြတ်၊ ကိုဘိုစံနှင့် ကိုဝင်းဗိုလ်တို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။ 

ထို့ပြင် ဧပြီလအတွင်း ရက္ခိုင့်တပ်တော်(AA)မှ အရပ်သား (၃) ဦးနှင့် အစိုးရဝန်ထမ်း (၁) ဦးကို ဖမ်းဆီးခဲ့သည်။  

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ထိခိုက်လွယ်သော အနေအထား၌ ဆက်လက်ရှိနေဆဲဖြစ်သည်။ ဧပြီလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ကချင်ဒေသန္တရ သုတေသနအဖွဲ့-ဒါရိုက်တာ ကိုနော်ထွန်းအောင်၊ ကိုဇေယျာနှောင်းနှင့်  မဂျာဆိုင်းတို့သည် ရာဇသတ်ကြီးပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ လွတ်လပ်စွာ ထုတ်ဖော်ခြင်း၊ ပြောဆိုခြင်းကို ကျင့်သုံးခြင်းအတွက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်လျက်ရှိသည့်ပြင် အသွင်ကူးပြောင်းရေးအခန်းကဏ္ဍကို ဆုတ်ယုတ်စေသော အကြောင်းခြင်းရာများ အနက်မှ တစ်ခုဖြစ်သည်။ စစ်အစိုးရဟောင်းများအဆက်ဆက်၌လည်း မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နည်းလမ်းမျိုးစုံ အသုံးပြု၍ ဖိနှိပ်လာခဲ့ကြပြီး မျက်မှောက်ကာလတွင် ဆက်လက်၍ ဖိနှိပ်ခြင်းခံရသည်သာမက ထိုအခွင့်အရေး ကို အကန့်အသတ်ဖြင့်သာ ကျင့်သုံးနေကြရသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခြင်းသည် အစိုးရအား အတိုက်အခံပြု၍ ဆန့်ကျင်ခြင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေး အခန်းကဏ္ဍ၌ လိုအပ်မှုနှင့် ပြင်ဆင် ဖြည့်စွက်သင့်မှုများကို တောင်းဆိုခြင်းသာဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အစိုးရအား နိုင်ငံသားများ၏ အခြေခံအခွင့်အရေးတစ်ခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ဆောင်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။  

သတင်းလွတ်လပ်ခွင့်

မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်အခြေအနေသည် ဆက်လက် ကျဆင်းဆဲဖြစ်ပြီး သတင်းမီဒီယာသမားများသည် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ဧပြီလအတွင်းတွင် Channel Mandalay TV မှ သတင်းထောက် ကိုနန္ဒ (ခေါ်) ကိုအောင်ကြည်မြင့်သည် အောင်သပြေရွာသားနှစ်ဦးဖြစ်သော ကိုမင်းနိုင်၊ ကိုချစ်မင်းသူတို့နှင့်အတူ ရာဇသတ်ကြီး ပုဒ်မ ၃၃၂၊ ၁၄ရ ဖြင့် ထောင်ဒဏ် နှစ်နှစ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ သတင်းသမားများ သတင်းရယူခြင်းသည် ၎င်းတို့၏ အလုပ် တာဝန်သာဖြစ်ပြီး ၎င်းတို့ကို ရာဇဝတ်မှုမြောက်စေသော ဥပဒေများဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းသည် သတင်းမီဒီယာ ကဏ္ဍကို လွန်စွာ ယိမ်းယိုင်စေသည်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေကို ဆန်းစစ်ရာတွင် တစ်နှစ်ထက် တစ်နှစ် ကျဆင်း လာသည်ကို လေ့လာတွေ့ရှိရသည်။ ထိုအညွှန်းကိန်းများအရ  မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ၂၀၁ရ ခုနှစ်မှတွင် အဆင့် ၁၃၁ ဖြင့် ရပ်တည်နေခဲ့ရာမှ ဆက်တိုက်ကျဆင်းသွားခဲ့သည်မှာ ၂၀၂ဝ ခုနှစ်တွင် အဆင့် ၁၃၉ အထိ ကျဆင်းသွားခဲ့သည်။ ထိုအခြင်းအရာသည် သတင်းမီဒီယာကဏ္ဍအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပြီး သတင်းမီဒီယာအသိုင်းအဝန်းကို ကာကွယ်မှုများ ပြုလုပ်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိသည်ကို ထုတ်ဖော် ပြသလျက်ရှိသည်။ သတင်းမီဒီယာသမားများသည် သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟုခေါ်တွင်သော သတင်းမီဒီယာကဏ္ဍ တိုးတက်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာကဏ္ဍတိုးတက်ရန်အတွက် အစိုးရမှ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးခြင်းများကို ဖော်ဆောင်မှုပြုပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ တိုက်တွန်းအပ်ပါသည်။ 

အကျဉ်းသားရေးရာကိစ္စရပ်များ

ဧပြီလအတွင်းတွင် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ တင်ပြထားသည့်  နိုင်ငံရေးအကျဉ်းသားများအနက်မှ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးအပါအဝင် အကျဉ်းသား/သူ ၂၄၈၉၆ ဦး သည်  နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ ထိုကဲ့သို့ အကျဉ်းသားအများအပြား လွတ်မြောက်လာခြင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကြိုဆိုပါသည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ ပြည့်သိပ်နေဆဲဖြစ်သည့်အတွက် ထိုအကျိုးဆက်ကို အကျဉ်းသားများ ဆက်လက် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အထူးသဖြင့် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါကာလအတွင်းတွင် အကျဉ်းထောင်တွင်း အကျဉ်းသားဦးရေ ပြည့်သိပ်နေခြင်းသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်သည်။ သို့ဖြစ်၍ အကျဉ်းထောင်တွင်းကျန်ရှိနေဆဲဖြစ်သော လူမှုအသိုင်းအဝိုင်းအား အန္တရာယ်ပြုနိုင်ခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသား (၅၀) ဦးအပါအဝင် လွှတ်ပေးသင့်သည့် အကျဉ်းသားများကို ထပ်မံ၍ လွှတ်ပေးပါရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ တောင်းဆိုအပ်ပါသည်။ 

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိချိန်အတောအတွင်းတွင် မြန်မာနိုင်ငံတွင်း အမျိုးမျိုး သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိခြင်း အတူ ဒေသခံဌာနေတိုင်းရင်းသားများသည်လည်း ဆိုးရွားသော ထိခိုက်မှုများကို ရင်ဆိုင် ခံစားနေကြရသည်။ ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် ဖြစ်စဉ်တချို့မှလည်း ထင်ရှားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် အမှတ်-၃၇ရ တပ်ရင်းမှ မြောက်ဦးမြို့နယ်၊ လိပ်ဆင်းပြင်ကျေးရွာမှ ကိုဇော်ကြီးကို ဖမ်းဆီးခဲ့သည်။ နောက်တစ်နေ့တွင် ၎င်း၏ ရုပ်အလောင်းကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ရန် သွားရောက်ယူဆောင်ခဲ့ရသည်ဟု သိရှိရသည်။ 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ ကိုကျော်ဝင်းချေ (ခေါ်) ကျော်ဝင်းသည် တပ်မတော်စစ်ကြောင်း တစ်ခု၏ ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ (၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကိုကျော်ဝင်းချေ သည် ဆိုင်ကယ်စီးလာစဉ် မသင်္ကာဖွယ်ရာ တွေ့ရှိရသည့်အတွက် စစ်ဆေးရန်တားမြစ်ရာ ရပ်တန့်ပေးခြင်းမရှိဘဲ ထွက်ပြေးခဲ့၍ ခြောက်လှန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်)
တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU)၊ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့(TLA)တို့မှ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး Covid-19 ဖြစ်ပွားမှုကို အခွင့်ကောင်း ယူ၍ တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန် လျက်ရှိကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း ရောဂါခြေချုပ်ထားသူများတွင် COVID-19 ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရန် နမူနာ ယူဆောင် လာသည့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO)ကားသည် မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ပစ်ခတ်ခြင်း ခံခဲ့ရ၍ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ကျန်းမာရေး ကြီးကြပ် (၂) ဦးအောင်မျိုးဦး ဒဏ်ရာရရှိသွားခဲ့သည်။ ထို့ပြင် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသော ကားတစ်စီးသည် ရာမောင်တံတားအနီးတွင် ပစ်ခတ်ခြင်းခံခဲ့ရ၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦး သေဆုံးသွားခဲ့သည်။ 

ကျည်ထိမှန်၍ သေဆုံး/ဒဏ်ရာရရှိမှုများ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မြေပုံနှင့် မင်းပြား မြို့နယ်များတွင် ပစ်ခတ်မှုများကြောင့် ကလေးငယ် သုံးဦး အပါအဝင် (၁၈) ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ် လေးဦး အပါအဝင် (၂၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

လေကြောင်းမှ တိုက်ခိုက်ခြင်းခံခဲ့ရ၍ သေဆုံး/ဒဏ်ရာရမှုများ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လေကြောင်းမှ တိုက်ခိုက်ခြင်းခံခဲ့ရ၍ အရပ်သား ခုနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး/ဒဏ်ရာရရှိမှုများ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်၊ အမ်း၊ ဘူးသီးတောင် နှင့် ပုဏ္ဏားကျွန်းမြို့နယ် များတွင် ကလေးငယ် လေးဦး အပါအဝင် (၁၇) ဦး သေဆုံးခဲ့ပြီး ကလေးငယ် ငါးဦး အပါအဝင် (၃၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဗုံးနှင့် မြေမြှပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး/ဒဏ်ရာရရှိမှုများ

ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ကလေးငယ် တစ်ဦး နှင့် အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြေမြှပ်မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့သည်။

တိုင်းရင်းသားဒေသများတွင် နေထိုင်လျက်ရှိသော ဌာနေတိုင်းရင်းသားသည် အချိန်အခါမရွေး ကျရောက်လာနိုင်သည့် နှစ်ဖက် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲများ၊ ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြောက်ရွံ့စွာဖြင့် ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ ထိုအချိန်ကာလ၌ လူသားတိုင်းအပေါ် ကျရောက်နိုင်သော COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို တားဆီးကာကွယ်ရန်မှာ ဖြစ်နိုင်ခြင်း မရှိသေးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ရမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်မှလည်း “တစ်ကမာ္ဘလုံးအတိုင်းအတာဆောင်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်ကြရန် တောင်းဆိုခဲ့ပြီး တိုက်ပွဲများကို အဆုံးသတ်၍ ကျွန်ုပ်တို့၏ လူမှုကမာ္ဘကိုပျက်စီးစေသော ရောဂါကို တိုက်ထုတ်ကြပါ” ဟု မေတ္တာရပ်ခံခဲ့ပါသည်။ လက်ရှိအချိန်ကာလ၌ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားများကို ကာကွယ်မှုပေးရန် အထူးလိုအပ်လျက်ရှိသည့်အတွက် အစိုးရမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသများ၌ COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍လည်း ဆောင်ရွက်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

ဒေါင်းလော့ရယူရန် တလအတွင်းသတင်းသုံးသပ်ချက်နှင့်လစဉ်သတင်းစုစည်းမှု   Burmese Chronology (April)

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန်          50 Remaining PP list (Updated 30 Apr, 2020)Burmese

အမှုရင်ဆိုင်ဆဲစာရင်းဒေါင်းလော့ရယူရန်               537 Facing Trial List (Burmese)

သမ္မတလွတ်ငြိမ်းခွင့်ဖြင့်ပြန်လွတ်လာသည့်နိုင်ကျဉ်းစာရင်း        26 released PP list (Updated 28 Apr, 2020) bur

၆၆(ဃ)ဖြင့်တရားစွဲဆိုခံရသည့်စာရင်းများ             66 (D) total list(new) Updated

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅(၀) ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂  ၈၁၁  ၇၃၄၈