နှစ် ၂ဝ ထိုခရီး (အစီရင်ခံစာမိတ်ဆက်) ISP Myanmar မှကိုဇော်ထက်ဦး၏ သုံးသပ်ချက်

ကိုဇော်ထက်ဦး (ISP Myanmar)

မြန်မာနိုင်ငံဟာ လက်ရှိမှာ Covid-19 ကမာ္ဘ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို တကမာ္ဘလုံးနဲ့အတူ ဖြတ် ကျော်နေရချိန်ဖြစ်ပါတယ်။ လိုအပ်တဲ့ကျန်းမာရေးအစီအမံတွေအရ နေ့စဉ်ပုံမှန်သွားလာခြင်းတွေကို လျော့ချပြီး တတ်နိုင်သမျှ အိမ်ထဲမှာပဲနေနေကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကိုယ်တဦးတည်းရဲ့ ကျန်းမာရေး အတွက် သာမက လူ့အသိုက်အမြုံအတွက်ပါ လုံခြုံမှုရှိစေဖို့ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ရပ်တန့်ပြီး အိမ်မှာ နေခြင်း အလေ့အထကို အခြေပြုရင်း ရုတ်ချည်း အပြောင်းအလဲလုပ်ကြရတဲ့အခါ အဆင်မပြေမှု၊ စိန်ခေါ်မှုတွေ ရှိလာ ကြပါတယ်။ တခါ အိမ်မဟုတ်တဲ့ ပြင်ပရပ်ဝန်းထဲ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံရတဲ့ အခင်းအကျင်းပါ ပြောင်းလဲသွားတဲ့အခါ လူမှုစီးပွားဘဝတွေအပေါ်လည်း သက်ရောက်မှုရှိလာပြီး စိတ်ပိုင်း ဆိုင်ရာ အဆင်မပြေမှုတွေကိုလည်း အနည်းနဲ့အများ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်တာနက်၊ ဆိုရှယ်မီဒီယာ စတဲ့ နည်းပညာ အကူအညီတွေအပြင် မိသားစုတွင်း ချစ်ကြည်ရင်းနှီးမှုတွေကြောင့် အခက်အခဲကျော်ဖြတ်မှုကို ကောင်းစွာ လုပ်ဆောင်နိုင်ကြပါသေးတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစား တွေအတွက်တော့  ခက်ခဲမှုက ကြီးနေဦးမှာပါပဲ။  

တကယ်တော့ ကမာ္ဘမှာ ဒီကပ်ရောဂါကြီး မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အခု အခြေအနေ ထက် များစွာ နိမ့်ကျဆိုးရွားပြီး၊ လှောင်ပိတ်မှုတွေ ခံစားခဲ့ရတဲ့ ကပ်ဘေးသဏ္ဍာန် ခေတ်ဆိုးကြီးဒဏ် ခံခဲ့ရတဲ့ လူ ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ ရှိခဲ့ပါတယ်။ သူတို့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဒီမိုကရေစီရရှိရေးအတွက် အာဏာ ရှင်စနစ်ကို တွန်းလှန်ခဲ့တာကြောင့် စစ်အာဏာရှင်အစိုးရ အဆက်ဆက် မတရားဖမ်း ဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေပဲ ဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေပုဒ်မတွေနဲ့ နှစ်ကာလများစွာ ထောင်သွင်း အကျဉ်းချခံရ၊ တချို့ဆိုရင် အကျဉ်းထောင်တွေထဲမှာ လူမသိသူမသိ အသက်ဆုံးခဲ့ရ၊ သူတို့တွေ့နဲ့ နှိုင်းယှဉ်ကြည့်ရင် အခုလိုမျိုး ကိုယ့်အသိစိတ်နဲ့ကိုယ် အပြင်မထွက်ဘဲ အိမ်ထဲကနေ ကပ်ဘေးကြီးကို ရင်ဆိုင်နေကြတဲ့ အခြေအနေဟာ ခက်ခဲ တယ်လို့ မဆိုနိုင်သေးပါဘူး။  

ဒီတပတ်မှာ မိတ်ဆက်ပေးချင်တာက စစ်အာဏာရှင်အစိုးရလက်ထက်မှာ ထောင်သွင်းအကျဉ်းချခံခဲ့ရ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နည်းလမ်းပေါင်းစုံနဲ့ ကူညီခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း(AAPP) က ရေးသား ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာအကြောင်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ AAPP အဖွဲ့ရဲ့ သက်တမ်းဟာ အနှစ် (၂၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကပ်ဘေးကြုံတွေ့နေရတဲ့ အချိန်ဖြစ်တာကြောင့် AAPP ရဲ့ နှစ် ၂၀ ပြည့်ပွဲကို သိုက်သိုက်မြိုက်မြိုက် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ “နှစ် ၂၀ ထိုခရီး” ဆိုတဲ့ အစီရင်ခံစာ တစောင်ကိုတော့ ဖြန့်ချိခဲ့ပါတယ်။ အဲဒါကို အခု မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။  

အစီရင်ခံစာကို မိတ်ဆက်ခြင်း မရေးခင် အယူအဆပိုင်း ဆိုင်ရာ စဉ်းစားချက်တခုကို ဦးစွာဆွေး နွေးလို ပါတယ်။ ကမာ္ဘ့ကုလသမ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ၁၉၉၄ ခုနှစ်မှာ Human Development Report ဆိုတဲ့ အစီရင်ခံစာ တစောင်ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာ လုံခြုံရေးကဏ္ဍကို ရှုမြင်တဲ့အခါ အလေးဂရုပြု ထည့်သွင်းစဉ်းစားရမယ့် လူသားလုံခြုံရေးကဏ္ဍ (Human Security)ကို တွင်တွင်ကျယ်ကျယ် ဆွေးနွေးထားတာ ဖြစ်ပါတယ်။ လူသားလုံခြုံရေးကဏ္ဍမှာ အခြေခံအားဖြင့် အချက် ၇ ချက် ပါဝင်ပြီး နိုင်ငံရေးအရလုံခြုံမှု (Political Security) ကလည်း တခုအပါအဝင်ဖြစ်ပါတယ်။  နိုင်ငံတနိုင်ငံရဲ့ Political Security အားကောင်းခြင်း၊ မကောင်း ခြင်းကို တိုင်းတာတဲ့အခါ နိုင်ငံရေး ဖြစ်စဉ်မှာ ပြည်သူတွေက ဘယ်လောက်ထိ လုံခြုံစွာ၊ အန္တရာယ်ကင်းစွာ ပါဝင် နိုင်ကြသလဲဆိုတဲ့ အချက်နဲ့ ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ပြည်သူတွေရဲ့ နိုင်ငံ​ရေးအရလုံခြုံမှုက ဘယ်အနေအထားမှာ ရှိနေသလဲဆိုတဲ့ မေးခွန်းက ဆင်ခြင်စရာဖြစ်လာပါတယ်။ ယခုအပိုင်းက တော့ အဆိုပါမေးခွန်းအပေါ် တစုံတရာ ချဉ်းကပ်အဖြေရှာနိုင်မယ့် အစီရင်ခံစာကို ဆက်လက်ဆွေးနွေးပါမယ်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ရေးသားပြုစုတဲ့ “နှစ် ၂၀ ထိုခရီး” အစီရင်ခံစာက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်အဆက်ဆက် နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုအပေါ်သက်ရောက်မှုတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အကူးအပြောင်းတခု ဖြစ်တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ လူထုလှုပ်ရှားမှုတွေအပြီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ ပေါ်ပေါက်လာခဲ့ရပါတယ်။ ဖိနှိပ်ချုပ်ခြယ်မှုများစွာခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို ကူညီဆောင်ရွက်နိုင်ဖို့  ၂၀၀၀ ခုနှစ်အစောပိုင်းမှာ AAPPအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ ဒီအစီ အရင်ခံစာက အဆိုပါကာလတွေက အစပြုလို့ ယခုလက်ရှိ အချိန်အထိ သူတို့ဖြတ်သန်းခဲ့ရပုံတွေကို စုစည်း တင်ပြထားတာပဲ ဖြစ်ပါတယ်။ ပြည်ပရောက်အဖွဲ့တခုအဖြစ် ဖြတ်သန်းမှု၊ မြန်မာနိုင်ငံအတွင်း လှုပ်ရှား ဆောင်ရွက်မှုစတဲ့ အကြောင်းအရာ တွေအပေါ်မှာ မှတ်တမ်းမှတ်ရာများ၊စာတမ်းများနဲ့တကွ ဖော်ပြထား ချက်တွေကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက်တွေက မြန်မာနိုင်ငံ Political Security ကဏ္ဍကို လေ့လာရာမှာ သတိပြုဖွယ် အချက်တွေ ဖြစ်လာပါတယ်။ 

◼ လွတ်ငြိမ်းချမ်းသာခွင့် 

AAPP အဖွဲ့ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နဝတ/ နအဖခေတ်) လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ခဲ့တဲ့ အကျဉ်းသားစုစုပေါင်း (၁၁၇,၈၃၆) ဦးအနက်မှာ နိုင်ငံရေးအကျဉ်းသား (၅၈၉) ဦးပဲ ပါဝင်ခဲ့တာ သတိပြုစရာ တခု ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား (၁,၁၄၈) ဦး လွတ်မြောက်လာခဲ့ပါတယ်။ NLD အစိုးရကို အာဏာလွှဲပြောင်းတဲ့အချိန် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၇ ဦးသာ ကျန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ နိုင်ငံရေး အကျဉ်းသား (၃၄၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ဆက်လက်ပြီး AAPP အဖွဲ့ရဲ့ ဖော်ပြချက်အရ ယခုအချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရသူ၊ ထောင်ပြင်ပမှ တရားရင်ဆိုင် နေရသူ အရေအတွက်ဟာ စုစုပေါင်း (၆၄၂) ဦး ခန့်ရှိနေကြောင်း ဖော်ပြထားပါတယ်။ ဒီနေရာမှာ ဆက်စပ် စဉ်းစားစရာအချက်က ဒီမိုကရေစီစနစ်ရဲ့ စံချိန်စံနှုန်းတွေကို ပြည့်ပြည့်ဝဝလက်ခံကျင့်သုံးကြတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေကြသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။  

◼ နိုင်ငံရေးအကျဉ်းသားများရဲ့ လူမှုဘဝများ 

AAPPအဖွဲ့ရဲ့ ဆောင်ရွက်မှုများစွာအနက် တခုက  လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များရဲ့  စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်ဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်း  နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိနေနိုင် ပါတယ်။ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားမှုကောင်းကောင်းပေးဖို့ပျက်ကွက်ခဲ့ရင် နိုင်ငံရဲ့အမျိုးသား ရင်ကြား စေ့ရေးကဏ္ဍကို အနှောင့်အယှက်ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် AAPP ရဲ့ လုပ်ငန်းစဉ်တွေအတွင်းမှာ အဆိုပါ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်ကို ထည့်သွင်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။  

◼ အနာဂတ်အတွက် ရည်မျှော်ချက်များ 

နိုင်ငံတနိုင်ငံရဲ့  အုပ်ချုပ်ရေးစနစ်တခုမှ တခုသို့ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းကြတဲ့အခါ လူ့အဖွဲ့ အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ နစ်နာခဲ့တဲ့အစုအဖွဲ့တွေရှိနေနိုင်ပါတယ်။ ဒီအခါမှာ ၎င်းတို့နဲ့ ထိုက်တန်တဲ့တရားမျှတမှုကို ရရှိဖော်ဆောင်ပေးနိုင်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ဒါကို အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု (Transitional Justice) ရယ်လို့ သတ်မှတ်နိုင်ပါတယ်။ AAPP အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အဆိုပါနစ်နာသူအစုအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့အချက်အလက်တွေကို စုဆောင်းပြုစုခြင်းလုပ်ငန်းစဉ် ပါဝင်ပါတယ်။ အမှန်တရားကို ပြန်လည်ရှာဖွေတဲ့အခါမှာ အချက်အလက်စုဆောင်းခြင်း(Documentation) က အရေးကြီးတာကြောင့် ဖြစ်ပါတယ်။  

အချုပ်အားဖြင့် ယခုအစီအရင်ခံစာက နှစ်ပေါင်း ၂၀ အတွင်း AAPP အဖွဲ့ရဲ့ လှုပ်ရှားမှုများ၊ လုပ်ငန်းစဉ် များ၊ ထွက်ရှိခဲ့တဲ့ အစီရင်ခံစာစစ်တမ်းများနဲ့ အနာဂတ်အတွက် ရည်မျှော်ချက်များကို ထည့်သွင်းရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် ကဏ္ဍပေါင်းစုံ အထူးသဖြင့် နိုင်ငံရေးကဏ္ဍမှာ ပြည်သူတွေရဲ့ ပါဝင်မှု အားကောင်းဖို့လိုအပ်ပါတယ်။ဒီလိုပြည်သူတွေ နိုင်ငံရေးဖြစ်စဉ်အတွင်း ပါဝင်တဲ့အခါ မှာလည်း လုံခြုံမှုရှိတဲ့အခင်းအကျင်းရှိဖို့ လိုအပ်ပါတယ်။ တဆက်တည်းမှာပဲ အသွင်ကူးပြောင်းရေးကာလ အတွင်း နစ်နာခဲ့ရသူတွေ၊ ဖယ်ကြဉ်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကောင်းမွန်စွာ ကုစားနိုင်ဖို့လိုတယ်ဆိုတဲ့ အချက်က အလေးဂရုပြုစရာပါ။မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေး၊ လူသားလုံခြုံရေးကဏ္ဍ ပိုမိုအားကောင်းလာရေး စတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ  ဒီစာတမ်းရဲ့ တွေ့ရှိချက်တွေက ဆက်လက်လေ့လာစရာနယ်ပယ်တွေ ဖြစ်လာ ပါတယ်။

ယခုဖောျပွပါ “ နှဈ ၂၀ ထိုခရီး” အစီရငျခံစာကို Download ရယူနိုငျပါသညျ။