အေအေပီပီ၏အောက်တိုဘာလ လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

အောက်တိုဘာလအတွင်း စုစုပေါင်း ၂၃ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၂၃ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ သုံးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ အရပ်သား နှစ်ဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၆၇၊ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ)၊  အရပ်သား နှစ်ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀၊ လယ်သမား သုံးဦးသည် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)၊ လယ်သမား ၁ဝ ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ နှင့် သံဃာတော် တစ်ပါးသည် ပို့ကုန် သွင်းကုန်ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ 

အောက်တိုဘာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၂၉ ဦး ရှိသည့်အနက်မှ လယ်သမား သုံးဦးသည် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)၊ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကာ ကျန် ရခိုင်တိုင်းရင်းသား ၂၄ ဦးသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးနှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ 

အောက်တိုဘာလအတွင်း စုစုပေါင်း ၂ဝ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၂ဝ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ ခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ တက်ကြွလှုပ်ရှားသူ သုံးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ လယ်သမား ခုနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂ရ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ သက်ဆိုင်ရာ တရားရုံးအသီးသီးမှ လယ်သမား တစ်ဦးအပေါ် ချမှတ်ထားသော ပြစ်ဒဏ်ကို ရုပ်သိမ်းပေးခဲ့ကာ အရပ်သား သုံးဦးအပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့သည်။

အောက်တိုဘာလအတွင်း စုစုပေါင်း ၁၆ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်

မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အခြေအနေသည် အပြုသဘောဆောင်သော တိုးတက်မှုဆီသို့ ဦးတည်လာခြင်းမရှိဘဲ တစ်လထက် တစ်လ သိသာ ထင်ရှားစွာ ဆုတ်ယုတ်လာလျက်ရှိသည်။ ၎င်းပြင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် နယ်ပယ်ကို ပို၍ ကျဉ်းမြောင်းလာစေရန် ဖိနှိပ် ကန့်သတ်ထားသော ဥပဒေများကို တွင်ကျယ်စွာ အသုံးပြုလာခြင်းသည်လည်း စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ် ဖြစ်စေသည်။ အောက်တိုဘာလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကရင် လူငယ်နှစ်ဦး ဖြစ်ကြသော စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းနှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးတို့သည် ထောင်ဒဏ်ချမှတ်ခံ ခဲ့ရခြင်း၊ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းအပါအဝင် သုံးဦးသည် စွဲချက်တင်ခြင်းကို ခံခဲ့ရခြင်း၊ ဒေါ်နော်အုန်းလှကို ဝန်းရံခဲ့သူ သုံးဦးဖြစ်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး  အမျိုးသမီးအဖွဲ့(DPW) မှ ဒေါ်စိန်ထွေး၊ မဇာခြည်လင်းနှင့် ကရင်အမျိုးသမီး အစည်းအရုံး(KWU) မှ နော်လားရှီးထူးနှင့် အရပ်သား သုံးဦးတို့သည် အမှုဖွင့် တရားစွဲဆိုကို ခံခဲ့ရခြင်း စသည့် ဖြစ်စဉ်များမှလည်း မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အခြေအနေသည် မည်မျှကျဆင်းလျက်ရှိသည်ကို သုံးသပ် နိုင် သည်။ ထိုဖြစ်စဉ်များမှ နိုင်ငံသားများ၏ လွတ်လပ်မှုကို ကန့်သတ်လျက်ရှိသည်ကို ထုတ်ဖော်ပြသ နေသည်သာမက အကြောက်တရားဝန်းကျင်ကို ဖန်တီးလျက်ရှိသည်ကိုလည်း ထုတ်ဖော်ပြသလျက် ရှိသည်။ ထို့ပြင် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစဉ်မှ သွေဖည်လျက်ရှိပြီး အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။ သို့သော်လည်း အာဏာပိုင်များမှ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဆက်လက် ကန့်သတ် ထိန်းချုပ်ထားခြင်းသည် စစ်အာဏာများ အသုံးပြုလေ့ရှိခဲ့သည့် ၎င်းတို့နှင့် ကွဲလွဲဆန့်ကျင်သူများကို ရပ်တန့်စေရန် အသုံးပြုခဲ့သော နည်းလမ်း သဖွယ် ဖြစ်စေသည်။

ဒီမိုကရေစီ၏ စံနှုန်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် အခြေခံကျလှသော အခွင့်အရေးများအနက် တစ်ခု ဖြစ်သည်။ ထိုစံနှုန်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR)တွင် ရှင်းလင်းစွာ ဖော်ပြထား သည်သာမက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR)တွင်လည်း တိကျစွာ ဖော်ပြ ထားသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိသည်သာမက ပြည်တွင်းဥပဒေ တစ်ခုဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၈)၊ အပိုဒ် ၃၅၄ (က)(ခ)တွင် ပြဠာန်းထားသည်များကိုလည်း လေးစား လိုက်နာရန် ပျက်ကွက်ဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ အစိုးရအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ဆောင်မှု ပြုပေးပါရန် ကြိမ်ဖန်များစွာ တိုက်တွန်းလျက်ရှိပြီး နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀၊ ၅၀၅(က)(ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ကိုလည်း အမြန်ဆုံး ပြင်ဆင် ဖြည့်စွက် သို့မဟုတ် ရုပ်သိမ်းရန်လည်း ကြိမ်ဖန်များစွာ တိုက်တွန်းလျက်ရှိသည်။ သို့ဖြစ်၍ အစိုးရမှ ၎င်း၏ နိုင်ငံသား တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို မြှင့်တင်ခြင်းအားဖြင့် အခြေခံကျသော အခွင့်အရေးများကို ဖော်ဆောင်မှုပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

အောက်တိုဘာလအတွင်းတွင် တိုင်းရင်းသားဒေသများ၌ ပဋိပက္ခများ ပို၍ ပြင်းထန်လာခြင်းနှင့်အတူ လူ့အခွင့်အရေး            ချိုးဖောက်မှုများသည်  ပို၍ ဆိုးရွားစွာ ဖြစ်ပွားလာလျက်ရှိသည်။ နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်နက်ကိုင် တိုက်ပွဲများကြားတွင် ဌာနေတိုင်းရင်းသားများသည် ဓားစာခံများသဖွယ် ဖြစ်နေကြရပြီး ထိခိုက်နစ်နာမှုများစွာကို ရင်ဆိုင် နေကြရသည်။ 

ဖမ်းဆီးခြင်းများ

အောက်တိုဘာလအတွင်းတွင် ထိုပဋိပက္ခများ၏ အကျိုးဆက်ကြောင့် ရခိုင်ဒေသမှ ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂၆ ဦး သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ရခိုင်တိုင်းရင်းသား ၂၆ ဦးအနက် နှစ်ဦးဖြစ်သော ရက္ခိုင့်တပ်မတော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖတော်စပ်သူ ကိုကျော်နိုင်တို့သည် ဖမ်းဆီးခြင်း ခံထားရသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ)ဖြင့်ပါ အမှုဖွင့် တရားစွဲဆိုထားခြင်းကို ခံထားရသည်။

ပျောက်ဆုံးသွားခြင်းများ 

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်မှ ရွာသား ခုနှစ်ဦးသည် နေရပ် စွန့်ခွာ ထွက်ပြေးစဉ်တွင် ပျောက်ဆုံးသွားခဲ့ပြီး မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ညီအစ်ကို နှစ်ဦးသည်လည်း ကျွဲသွားရှာစဉ်ပျောက်ဆုံးသွားခဲ့သည်။

ပစ်ခတ်ခံရခြင်းများ

အောက်တိုဘာလအတွင်းတွင် တပ်မတော်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ဦးစိုးနိုင်၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  စစ်အောင်ကျေးရွာမှ ဦးကုလားမောင်၊  ဘူးသီးတောင် မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှ ဦးမာမောက်စီဒီတို့သည် သေဆုံးသွားခဲ့ပြီး ကျောက်တော်မြို့နယ်၊ ရွှေလိုင်ကျေးရွာမှ အဝေးသင်တက္ကသိုလ် စတုတ္ထနှစ်(မြန်မာစာ)ကျောင်းသား ကိုနေဆန်းဝင်း၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာ မှ  ပဉ္စမတန်းကျောင်းသား  မောင်သန်းစိုး၊ ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ ကိုကျော်နိုင်ခင် (ခ) မောင်မောင်ချေနှင့် ကိုကျော်ဝင်း၊ ဘူးသီးတောင် မြို့နယ်၊ စည်တောင်ကျေးရွာမှ  ဒေါ်မကြာစိန်နှင့် ဒေါ်အေးကျော့ခင်တို့သည် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ 

ညှဉ်းပန်းနှိပ်စက်မှုများ

တပ်မတော် စစ်ကြောင်း တစ်ခုမှ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မိကျောင်းတက်ကျေးရွာမှ ရွာသား သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်၍ ညှဉ်းပန်းနှိပ်စက်၍ မေးမြန်းခဲ့ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သည်ဟု မိကျောင်းတက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလှမောင်မှ ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းကျေးရွာမှ ငမဲ(ခေါ်) ဦးစောမောင်သိန်း၊ ဦးထွန်းဝေနှင့် ရေပုတ်ကျေးရွာသားတစ်ဦးသည် တပ်မတော်မှ ထိန်းသိမ်းစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရပြီး ဒဏ်ရာ အများအပြား ဖြင့် ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ 

ခလရ ၄၅ တပ်ခွဲ ၂ မှ တပ်မတော်သားများသည် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု၊ လွယ်ကျောက် စေတီတောင် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဦးဝဏ္ဍိတကို တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ဆက်နွယ်မှုရှိသည်ဟူသော သံသယဖြင့် ရိုက်နှက်၍ စစ်ဆေးခဲ့သည်။ 

လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းများ

တပ်မတော်စစ်ကြောင်း တစ်ခုမှ  လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့သည် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ 

တပ်မတော် စစ်ကြောင်းတစ်ခုမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ကိုထွန်းအေးမြ (ခ) ကိုပေါက်ချေသည် သေဆုံးသွားခဲ့သည်။

တပ်မတော်မှ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံ လေးဆယ်ကျော်သည် ထိုနေ့ ညနေပိုင်းအချိန်တွင် မိမိနေရပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 

အတင်းအဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာမှ ဒေသခံများ၊ စစ်ရှောင်စခန်းတွင် ခိုလှုံနေကြသူများကို တပ်မတော်မှ ခေါ်ယူ၍ အထမ်းသမားအဖြစ် စေခိုင်းနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုဘိုင်းမှ ပြောကြားခဲ့သည်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်းခံကြရသူများသည် မီးဇာကျေးရွာမှ ခမောက်ဝတွင်ရှိသည့် တပ်မ ၇ရ လက်အောက်ခံတပ်အထိ သွားရောက်ကြရခြင်းဖြစ်ပြီး ဆန်နှင့် စားနပ်ရိက္ခာများ သယ်ယူပေးခဲ့ကြရသည်။ 

သံသယဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းသည် လူတစ်ဉီး တစ်ယောက်၏ လွတ်လပ်ခွင့်ကို ဖြတ်တောက်ခြင်း ဖြစ်သည်သာမက ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း၊ ပစ်ခတ်သည့်အတွက် သေဆုံး၊ ဒဏ်ရာရရှိခြင်းတို့သည် လူသားချင်းစာနာမှုကို ဆန့်ကျင်သည့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု များဖြစ်သည်။ သို့သော်လည်း ထိုချိုးဖောက်မှုများကို ကျူးလွန်ခြင်းမရှိပါဟု နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းများမှ ငြင်းဆိုနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ၇ဝ ကျော်ကြာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များအတွင်း ထိုချိုးဖောက်မှုများကို အကန့်အသတ်မရှိ ကျူးလွန်လျက်ရှိသော်လည်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမျှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည်သာမက ထိုချိုးဖောက်မှုအတွက် ပြစ်ဒဏ်ပေးခြင်းသည် ကြုံတောင့်ကြုံခဲသော အခြင်းအရာ တစ်ရပ်ဖြစ်သည်။ ထိုအခြင်းအရာများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ မည်သည့်အခါမျှ လျော့ကျ သွားခြင်းမရှိသည်ကို တွေ့ရှိရသည်။ ရောမဥပဒေ၏ ပုဒ်မ ရ နှင့် ပုဒ်မ ၈ တို့တွင် လူသားချင်းစာနာမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဖော်ပြထားသည်။ သို့ဖြစ်၍ တရားဝင်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ဂျီနီဗာကွန်ဗန်းရှင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသည့် ဥပဒေ(IHL)နှင့် မည်သည့်ပုံစံ ဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေသများကို လိုက်နာ ကျင့်သုံးရန် လိုအပ်ပြီး အရပ်သားများကို ကာကွယ်မှုများ ပေးရမည် ဖြစ်သော်လည်း ပျက်ကွက်နေဆဲဖြစ်သည်။ ထို့ပြင် အစိုးရမှ ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)ကို လက်မှတ် ရေးထိုး အတည်ပြုနိုင်ခြင်း မရှိခြင်းသည်လည်း ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်နိုင်ရေးအတွက် စိန်ခေါ်မှုကို ဖြစ်စေသည်။ ၎င်းပြင် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုး အတည်ပြုရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေး၍ ငြိမ်းချမ်းရေး လမ်းစဉ်ကို အမြန်ဆုံး ဖော်ဆောင်မှု ပြုပေးရန်မှာလည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။ သို့ဖြစ်၍ အစိုးရမှ ၎င်း၏ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ကာကွယ်မှု ပြုပေးသည်ကို ထုတ်ဖော် ပြသသောအားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်၍ နိုင်ငံတကာ ဥပဒေများကို အမြန်ဆုံး အတည်ပြု လက်မှတ်ရေးထိုးပါရန် တိုက်တွန်းအပ်ပါသည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့မှ ကျူးလွန်လာခြင်းသည် ဌာနေ တိုင်းရင်းသားများအတွက် ဆိုးရွားသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်။ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှလည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့အဝင်၊ ဈေးအနီး၌ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA)မှ တပ်မတော် ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်အတွက် အရပ်သား ခုနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း 
ရက္ခိုင့်တပ်တော်(AA)မှ ရန်ကုန်-စစ်တွေ ခရီးသည်တင်ကားကို ထိန်းချုပ်၍ အရပ်သား ၁၂ ဉီးနှင့် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် ၁၉ ဦး တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း၊ စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်ကို ဝင်စီးခဲ့ပြီး အရပ်သား ၁၃ ဦးအပါအဝင် စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း၊  မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာနေ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးဘိုနီ၊ မင်းပြားမြို့နယ်၊ အိုးပုံတောင် ကျေးရွာနေ ဦးထွန်းမင်းသိန်းနှင့်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်နယ်စပ် အောက်သဲမဝ ကျေးရွာအုပ်စု၊ ပွီဝုန်းကျေးရွာမှ  ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်း တို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း၊ ဘူးသီးတောင်မြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်ကားနှင့် လုံခြုံရေးယာဉ်တန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အချုပ်သား အမျိုးသမီး နှစ်ဦး အပါအဝင် စုစုပေါင်း ခုနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသခံအမျိုးသားများကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)မှ တပ်သားသစ်စုဆောင်းသည့်အနေဖြင့် ဖမ်းဆီး ခေါ်ဆောင်မှုများရှိနေခြင်း

တိုင်းရင်းသား တန်းတူညီမျှခွင့်၊ လွတ်လပ်ခွင့်နှင့် ဖိနှိပ်မှုတို့မှ အဆုံးသတ်ခွင့်တို့အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်ကျစွာ ကျူးလွန်လာခြင်းသည်  အနာဂတ် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့တွင် နောက်ကြောင်း ပြန်ဆုတ်စေသည်ကို ပြသလျက်ရှိသည်။ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို လူသားချင်းစာနာမှုကို ဆန့်ကျင် သော လုပ်ရပ်များကို ကျူးလွန်ပါက လူ့အခွင့်အရေး ချိုးဖောက်မှုသာဖြစ်ပြီး ထိုအခြင်းအရာကို အပြင်းအထန် ဆန့်ကျင် ရှုံ့ချပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ဌာနေတိုင်းရင်းသားများကို ကာကွယ်မှု ပေးပါရန်  တိုက်တွန်းပြီး ထိုချိုးဖောက်မှုများ ကျူးလွန်နေခြင်းမှလည်း အမြန်ဆုံး အဆုံးသတ်ပါရန် တိုက်တွန်း အပ်ပါသည်။ 

အကျဉ်းထောင်တွင်းအခြေအနေများ

မြန်မာနိုင်ငံတွင် ဆိုးရွားဆဲဖြစ်သော အကျဉ်းထောင်တွင်း အခြေအနေများသည် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး ပြုလုပ်ရန် လိုအပ်နေသည်ကို ပြသနေသော ပြယုဂ်တစ်ခု ဖြစ်သည်။ အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အကျဉ်းသားဉီးရေ ပြည့်သိပ်နေခြင်းတို့သည် အကျဉ်းသားများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်စေသည်။ ၎င်းပြင် ထိုအခြင်းအရာများမှ အကျဉ်းသားအခွင့်အရေးများ ဆုံရှုံး လျက်ရှိသည်ကို ထုတ်ဖော်ပြသလျက်ရှိသည်။ 

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်တွင် သံသယဖြင့် ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသူ (၁၀၀) ကျော် အနက် အများစုမှာ မိသားစုဝင်များကိုယ်တိုင် စစ်ဘေးရှောင်စခန်းများမှ ဖြစ်နေသောကြောင့် ထောင်ဝင်စာ မရောက်နိုင်၍ ဆေးဝါးပစ္စည်း၊ အစားအသောက်နှင့် အသုံးအဆောင်အဝတ်အထည်များလိုအပ်နေပြီး  အမှု ရင်ဆိုင် နေရသူ တချို့မှာ တုပ်ကွေးဖျားနာခြင်းများဖြစ်ပေါ်နေကာ ထောင်တွင်း ဆရာဝန်မရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအားနည်းနေသည်ဟု ၎င်းတို့ကို ကူညီပေးနေသည့် ကိုမေယုထွန်းမှ ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေကို ဝင်ဆံ့နိုင်သည်ထက် ပိုမို လက်ခံနေရသည့် အတွက် ကူးစက်ရောဂါများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေ များပြားနေကြောင်း အကျဉ်းထောင်များအတွင်း လိုအပ်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ထောက်ပံ့ ကူညီနေသည့်     ထောစ်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့(3MDG) အဖွဲ့အစည်း ထံမှ သိရှိရသည်။ 

အထက်ပါဖြစ်စဉ်များမှလည်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ် နေသည်ကို ထုတ်ဖော် ပြသနေသည်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံနှုန်းများဖြစ်သည့် ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာဆောင်ရွက်ရမည့် အနိမ့်ဆုံး စံနှုန်းများ (SMRs)၊ ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမူဆက်ဆံရာ၌ လိုက်နာရမည့် အခြေခံ ဥပဒေသများနှင့်အညီ လိုက်နာ ဆောင်ရွက်ပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တိုက်တွန်းအပ်ပါသည်။ ထို့ပြင် အကျဉ်းထောင်ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်း ဆောင်ရွက်၍ ထိရောက်စွာ ဆောင်ရွက်ပါရန်လည်း တိုက်တွန်း အပ်ပါသည်။ 

လယ်ယာမြေရေးရာ ကိစ္စရပ်များ

လယ်ယာမြေရေးရာကဏ္ဍသည် မြန်မာနိုင်ငံတွင်း ဖြေရှင်းရန် နှောင့်နှေးဆဲဖြစ်သော ကဏ္ဍများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သို့ဖြစ်၍ လယ်သမားများသည် ဖမ်းဆီး၊ တရားစွဲဆိုမှုများကို ဆက်လက် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အမှတ် ၃၆ဝ အမြောက်တပ်ရင်းမှ ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာမှ တောင်သူ သုံးဦးကို ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ခဲ့သောကြောင့် အောက်တိုဘာလအတွင်းတွင် ထိုတောင်သူ သုံးဦးသည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထို့ပြင် အမှတ် ၅၀၉ အမြောက်တပ်ရင်းမှ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်မှ တောင်သူ ၁ဝ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် အမှုဖွင့်ခဲ့သည်။ တောင်သူများသည် ၎င်းတို့၏ ဓားမဦးချ လုပ်ကိုင် လာခဲ့ သော လယ်ယာမြေများ သိမ်းဆည်းခြင်းခံခဲ့ရ၍ ဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရချိန်တွင် ထပ်မံ၍ ဖမ်းဆီး၊ တရားစွဲဆို ခံရခြင်းများသည် လယ်ယာမြေကဏ္ဍကို ဆိုးရွားစွာ ထိခိုက်မှု ဖြစ်ပေါ်စေသည်။ အစိုးရမှ သိမ်းဆည်း လယ်ယာမြေ များကို ပြန်လည်ပေးအပ်ခြင်း၊ နစ်နာကြေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော်လည်း လယ်သမားများသည် သိမ်းဆည်းစဉ်က လယ်ယာမြေဧရိယာအတိုင်း ပြန်လည် ရရှိခြင်း မရှိခြင်း၊ နစ်နာကြေးများ အပြည့်အဝ မရရှိခြင်း၊ မူလပိုင်ဆိုင်သူများ လက်ဝယ်သို့ လယ်ယာမြေများ ပြန်လည် ရရှိခြင်း မရရှိခြင်း စသည့် ကိစ္စရပ်များသည် ဆက်လက် ဖြစ်ပေါ်ဆဲ ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ သိမ်းဆည်း လယ်ယာမြေအရေးနှင့် လယ်ယာမြေအငြင်းပွားမှုများကို ဖြေရှင်း ဆောင်ရွက်ရာတွင် အောက်ခြေအဆင့်ဆင့်ထိတိုင် ကြပ်မတ်စွာ ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်သည်။ ထို့ပြင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် မြေသိမ်းဆည်းခြင်း၊ ပြန်လည် နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေတို့နှင့်အညီ လိုက်နာ ဆောင်ရွက်၍ တောင်သူ လယ်သမား တို့၏ အကျိုးစီးပွားနှင့် လယ်ယာမြေကဏ္ဍကို မြှင့်တင်မှုပြုပေးပါရန် တိုက်တွန်း အပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဘိုကြည်    တွဲဘက်အတွင်းရေးမှူး                                +၉၅(၀) ၉၄၂  ၅၀၃  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ                             +၉၅(၀) ၉၄၂  ၈၈၁  ၇၃၄၈   




































လယျယာမွရေေးရာ ကိစ်စရပျမြား









