AAPP နှင့် FPPS တို့မှ အစိုးရသတင်းစာများတွင်ပါရှိသော ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက်

joint

နေ့စွဲ။ ။နိုဝင်ဘာ ၃၊ ၂၀၁၄။

            နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့(FPPS) တို့သည် စတင်တည်ထောင်ချိန်မှစ၍ နိုင်ငံရေးအကျဉ်းသား တစ်ဦးချင်းစီ၏ အမှုဖြစ်စဉ်များ၊ အမှုတွဲဖိုင်များ၊စီရင်ချက်များကိုရနိုင်သမျှလေ့လာစစ်ဆေးသုံးသပ်ပြီး၊မိမိတို့ဖွင့်ဆိုထားသည့်နိုင်ငံရေးအကျဉ်း သား အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ နိုင်ငံရေးအကျဉ်းသားစာရင်းကို ပြုစုခဲ့ခြင်းဖြစ်သည်။

              လွတ်လပ်မျှတစွာ တရားစီရင်ခံရခြင်းရှိ မရှိ၊ ဥပဒေနှင့်အညီ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိ မရှိ၊၎င်းတို့အပေါ်စွဲဆိုထားသည့်ရာဇဝတ်ပုဒ်မများအား အမှန်တကယ် ကျူးလွန်ခဲ့ခြင်းရှိ မရှိ ကိုလည်း ရနိုင်သမျှ လေ့လာစစ်ဆေးခဲ့ပြီးဖြစ်သည်။ထိုသို့ပြုစုထားသည့်စာရင်းအတိုင်းနိုင်ငံရေးအကျဉ်းသားများအားလုံးအားခြွင်း ချက် မရှိလွှတ်ပေးရန်လည်း အကြိမ်ကြိမ် တောင်းဆိုတင်ပြခဲ့ပါသည်။

               အစိုးရသတင်းစာများတွင်ပါရှိသည့်ထုတ်ပြန်ချက်သည်အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှု သည့်အပြု သဘောထုတ်ပြန်ချက် မဟုတ်ကြောင်းအထင်အရှားတွေ့ရှိရသည်။ ထို့အပြင်ယခင်စစ်အစိုးရလက် ထက်ကဥပဒေမဲ့ လက်လွတ်စပယ်ဖမ်းဆီး၍ အဆမတန်ကြီးလေး သည့်ပြစ်ဒဏ်များချမှတ်ခဲ့သည်ကို သိလျက်နှင့် တမင်ဆက်လက်အကာအကွယ်ပေးနေသည့်လုပ်ရပ်တစ်ခုဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့(FPPS)တို့အနေဖြင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်စဉ်ဆက်မပြတ်ကြိုး စားဆောင် ရွက်လျှက်ရှိရာ(၂၀၁၃)ခုနှစ် ၊ဖေဖေါ်ဝါရီလ တွင်နိုင်ငံတော်သမ္မတမှဖွဲ့စည်းပေးခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေးကော်မတီတွင်အခြားသောကော်မတီဝင်များနှင့်အတူအပြုသဘောဆောင်၍တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင်အစိုးရဘက်မှအပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကိုတွေ့ရှိသည်။

              ကော်မတီ၏ထောက်ခံတင်ပြချက်ဖြင့်နိုင်ငံရေးအကျဉ်းသား(၃၀၀)ကျော်လွတ်မြောက်လာမှု အပေါ် တွင် မိမိတို့အနေဖြင့် ကြိုဆိုခဲ့ပါသည်။ သို့သော်လည်း မိမိတို့တင်ပြထားသည့် လက်ကျန်နိုင်ငံရေးအကျဉ်းသား (၃၀) ဦးအနက် (၃) ဦးမှာ လွတ်မြောက်ခဲ့ပြီး (၂၇) ဦးကျန်ရှိနေသေးသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား (၂၇) ဦးအား ပြန်လည်စိစစ်၍ လွှတ်ပေးပါရန် ထပ်မံတင်ပြခဲ့ပါသည်။ အစိုးရမှ ကျန်ရှိနေသည့် (၂၇) ဦးမှာ နိုင်ငံရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ပြစ်ဒဏ်များကို ပယ်ဖျက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ကျန်ပြစ်ဒဏ်များသည် သက်ဆိုင်ရာ တရားရုံးများ ၏ ပြစ်ဒဏ်ချမှတ်မှုအတိုင်းသာ ဖြစ်သည်ဟု အစိုးရပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

              မိမိတို့အနေဖြင့် ထိုသူများသည် အခြားပြစ်မှုများကို အမှန်တကယ်ကျူးလွန်ခြင်း ရှိ၊ မရှိဆိုသည်ကို ပြန်လည်စိစစ်ပေးသင့်ကြောင်းကို ကော်မတီထံ တင်ပြခဲ့သလို အခြားပြစ်ဒဏ်များသည်လည်း နိုင်ငံရေးအရ ဆက်စပ်၍ စွပ်စွဲခံထားရခြင်း၊ ကြီးလေးသော ပြစ်ဒဏ်များကို ချမှတ်ထားခံရခြင်း၊ အမှန်တကယ် မကျူးလွန်သော ပြစ်မှုများ ရှိနေခြင်း၊ လွတ်လပ်မျှတစွာ တရားစီရင်ခံရမှု မရှိခြင်း စသည်တို့ကို လေ့လာ တွေ့ရှိခဲ့ပါသည်။              ထို့အပြင်အချို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်သည်ကို တွေ့ရှိရသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီတွင်လည်းနိုင်ငံရေးအကျဉ်းသားကိုစိစစ်ရန်အ တွက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံရေးနှင့်ဆက်စပ် ၍ပြစ်ဒဏ်ခံနေရ သူများကိုသတ်မှတ်ရန်ပြောဆိုခဲ့သော ကြောင့် မိမိတို့အနေဖြင့် ထိုအဓိပ္ပါယ်နှင့် ကိုက်ညီသောသူများကိုသာ စိစစ်၍ တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှသမ္မတထံသို့တင်ပြခဲ့သောနိုင်ငံရေးအကျဉ်းသားစာရင်းများတွင်မိမိတို့သတ်မှတ်ထားသောနိုင်ငံရေးအကျဉ်းသား

စာရင်းများထဲတွင်မပါဝင်ဘဲမူးယစ်ဆေးဝါး နှင့်ပတ်သက်၍ပြစ်ဒဏ်ကျခံနေရသူများကိုမိမိတို့ကန့်ကွက်နေသည့်ကြားမှထည့်သွင်းလွှတ်ပေးခဲ့သည်ကို တွေ့ ရှိရသည်။အစိုးရသတင်းစာပါထုတ်ပြန်ချက်သည် မိမိတို့ နှစ်ဖွဲ့ကိုသာ ဦးတည်ထားသည်ကို တွေ့ရှိ ရသည်။ ဤသည်မှာ အစိုးရဘက်မှ မိမိတို့နှစ်ဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် မနှစ်သက်မလိုလားသည့် သဘောဟု ယူဆသည်။

           မိမိတို့အနေဖြင့်အဂတိတရားကင်းစွာဖြင့်ရနိုင်သမျှသတင်းအချက်အလက်များကိုအမှားအနည်းဆုံး ဖြစ်စေရန်နိုင်ငံရေးအကျဉ်းသားစာရင်းကိုပြုစုခဲ့ခြင်းဖြစ်ပြီးအစိုးရ

သတင်းစာ၏ထုတ်ပြန်ချက်ပါ(၂၇)ဦးအားလည်းနိုင်ငံရေးအကျဉ်းသားများအဖြစ်ဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်သည်။

             ၎င်းတို့အား နိုင်ငံရေးအကျဉ်းသားများအဖြစ်အသိအမှတ်ပြုပြီး အမြန်ဆုံးလွှတ်ပေးရန်လည်း ထပ်မံ၍ အလေးအနက် တောင်းဆိုလိုက်သည်။

 လုပ်ငန်းကော်မတီဝင်များ၏ နိုဝင်ဘာ ၂ရက်၊၂၀၁၄ ခုနှစ် အစည်းအဝေးဆုံးဖြတ်ချက်အရ-

-နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)။

-နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ။

ဆက်သွယ်ရန်-

ကိုတိတ်နိုင် (AAPP) ဖုန်း။         ။+၆၆-၀၈၁၂၈၇၈၇၅၁၊

ကိုဘိုကြည် (AAPP) ဖုန်း။         ။၀၉-၄၂၅၃၀၈၈၄၀၊

ကိုရဲအောင် (FPPS) ဖုန်း။                   ။၀၉-၄၉၅၉၀၄၉၅၊

ဒေါင်းလော့ရယူရန်AAPP&FPPS statement(3-11-14)