၂၀၂၅၊ ဩဂုတ်လ တလတာအနှစ်ချုပ်အစီရင်ခံစာ
၂၀၂၅၊ ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ
စက်တင်ဘာ ၃၊ ၂၀၂၅
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၃) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၃၉) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၄) ဦး ပါဝင်သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၈၅) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာမန်အရပ်သားပြည်သူများရဲ့နေအိမ်များနဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ အရပ်သားပြည်သူများဟာ ဘယ်အချိန်မှာမှ စစ်ရေးပစ်မှတ် မဖြစ်ရပါဘူး။ ဒါပေမဲ့ မတရားအာဏာသိမ်းယူထားတဲ့ စစ်တပ်ဟာ စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်ရတဲ့နေရာများကို နေ့တဓူဝ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မတရားသဖြင့် ညှဉ်းပန်းသတ်ဖြတ်ခြင်းတွေကို ကျူးလွန်နေပါတယ်။ ကမ္ဘာကြီးရဲ့ အချို့အရပ်ဒေသတွေမှာ ဒီလို ကျူးလွန်ခြင်းတွေရှိနေသလို မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်နေတာပါ။ ဒီလိုကျူးလွန်မူတွေကို အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေနဲ့ ကြားသိနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က ဒီလိုကျူးလွန်နေခြင်းမျိုးတွေကို ရပ်တန့်အောင်ဆိုပြီး အပြုသဘော ဆက်ဆံခြင်းမျိုးနဲ့ စစ်အုပ်စုကို ဆက်ဆံနေခဲ့ပေမဲ့ အာဏာသိမ်းပြီး ၄ နှစ်ကျော်သည်အထိ မရပ်တန့်ဘဲ ပိုဆိုးလာနေတာကို တွေ့မြင်ရမှာပါ။ အာဆီယံအပါအဝင် အိမ်နီးချင်းများအနေနဲ့ စစ်အုပ်စုနဲ့ဆက်ဆံရေးပေါ်လစီကို ပြန်လည်သုံးသပ်သင့်ပါတယ်။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)



