လေကြောင်းရန်နှင့် ပြည်သူ့ဒုက္ခ

ဇူလိုင် (၁) ရက်၊ ၂၀၂၅

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်အကြမ်းဖက် လုယူခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတဝှမ်းတွင် စစ်အုပ်စုကို ဆန့်ကျင်သည့်တော်လှန်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ထိုဆန့်ကျင်တော်လှန်မှုများကို ဖိနှိပ်တားဆီးရန် စစ်အုပ်စုက အင်အားသုံး၍ အကြမ်းဖက်မှုများကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ကျူးလွန်ခဲ့သည်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသောဒေသများ၌ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မြေပြင်တိုက်ခိုက်မှုများ မလုပ်နိုင်တော့သည့်အခါ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများကိုပါ လေကြောင်းမှတိုက်ခိုက်ခြင်း၊ စက်တပ်လေထီးအသုံးပြုတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ပိုမို၍အသုံးပြုလာသောကြာင့် အရပ်သားများသေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် လူနေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လယ်ယာ၊ တောင်ယာများ ထိခိုက်ပျက်စီးခဲ့သည်။ အရပ်သားပြည်သူများမှာ မိမိတို့နေထိုင်ရာနေအိမ်များ၊ ဒေသများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကာလကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်နေသည့် ဦးရေလည်း တိုးမြင့်လာသဖြင့် စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါး အခက်အခဲများလည်း ကြုံတွေ့နေကြရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၅၀၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန် လိုအပ်လျက်ရှိသည့် သေဆုံးသူ အနည်းဆုံး (၁၃၄၉) ဝန်းကျင်ခန့်ကိုလည်း သီးခြားကောက်ယူ စုဆောင်းထားသည်။ ဖော်ပြပါကိန်းဂဏန်း အရေအတွက်မှာ အမည်နှင့်တကွရရှိထားသည့် အချက်အလက်အပေါ် အခြေခံထားခြင်းဖြစ်ရာ လက်တွေ့မြေပြင်တွင် ထိခိုက်သေဆုံးမှုမှာ ယခုထက်အဆများစွာ ပိုမိုမြင့်မားနိုင်သည်။

အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများအနက်မှ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၅ ခုနှစ်တို့တွင် စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအရေအတွက် အများဆုံးတိုင်းဒေသကြီးဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် ရခိုင်ပြည်နယ်မှာ သေဆုံးမှု အများဆုံးပြည်နယ်အဖြစ် အေအေပီပီ၏ အချက်အလက်များက ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)