စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မတ်လ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၇၃) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၆၁) ဦးရှိပြီး ထိုအထဲမှ (၂၂၁၆၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၄၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စောင့်ကြည့်လေ့လာမှုများအရ မတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် လှုပ်ခတ်သည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူများ သဘာဝဘေးဒုက္ခရောက်နေချိန်၌ပင် အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်း၌ ချောင်းဦးမြို့နယ်၊ ကချင်ပြည်နယ်၌ ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ်၌ နောင်ချိုမြို့နယ်၊ မကွေးတိုင်း၌ ပေါက်မြို့နယ်၊ ရခိုင်ပြည်နယ်၌ ကျောက်ဖြူမြို့နယ်၊ ပဲခူးတိုင်း၌ ဖြူးမြို့နယ်တို့နှင့် ကရင်ပြည်နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းများထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်မှုများလည်း ရှိခဲ့သလို အချို့နေရာများတွင် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲများကြောင့် မြေပြင်အခြေအနေမှာ စုံစမ်းရခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ငလျင်ဒဏ်သင့်ဒေသများရှိ အကျဉ်းထောင်များ၏ သက်ရောက်မှုအခြေအနေ၊ အကျဉ်းသားများ၏ ဘေးအန္တရာယ်ထိခိုက်မှု ကိစ္စရပ်များနှင့်ပတ်သက်၍လည်း စစ်အုပ်စုက တိကျသည့်သတင်းထုတ်ပြန်ချက်များ မပေးဘဲ သတင်းအမှောင်ချထားလျက်ရှိသဖြင့် အကျဉ်းသားများ၏ ဘေးကင်းလုံခြုံရေးအတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိနေသည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)